ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့တွင် သံရုံးယာယီတာဝန်ခံ ဂွမ်ကာဒနို ပြောကြားရန် ပြင်ဆင်ထားသည့်အတိုင်း

လေးစားအပ်ပါသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာကြီး ဒေါက်တာမြင့်ထွေး။

ယခုနှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကြောင့် နေ့စဥ်ဘဝတွေမှာ ကျန်းမာရေးနဲ့ မိသားစုများအဆင်ပြေစေရေးဟာ ရှေ့တန်းကိုရောက်လာတဲ့ မတူကွဲပြားတဲ့အခြေအနေတစ်ရပ်မှာ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ လက်တွဲပြီး ယနေ့မှာ ကိုဗစ်၁၉ တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်နေသလို အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တုံ့ပြန်မှုလုပ်ငန်းတွေမှာလည်း နှစ်ရှည်လများ လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှာ အေအိုင်ဒီအက်စ် ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေအတွက် သတိရအောက်မေ့သလို ဒီကပ်ရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် လုပ်ဆောင်နေသူတွေကို မိမိတို့အနေနဲ့ အမေရိကန်ပြည်သူတွေကိုယ်စား လေးစားအသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ယနေ့အထိ တိုးတက်မှုတွေကို မှတ်သားထားဖို့ အရေးကြီးပါတယ်။  မြန်မာနိုင်ငံအနေနဲ့ အိပ်ချ်အိုင်ဗွီကူးစက်မှုအသစ်တွေကို ၂၀၁၀ က စလို့ ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။  ဒီနှုန်းဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် ပိုများပါတယ်။ ပြီးတော့ အေအိုင်ဒီအက်စ်  ကူးစက်ရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။ ယခုအခါ အိပ်ချ်အိုင်ဗီ ပိုးရှိသူ ၄ ဦးအနက် ၃ ဦးဟာ အေအာတီ (antiretroviral) ကုထုံးနဲ့ ကုသမှုခံယူနေပြီး သူတို့တွေဟာ ကျန်းမာပြီး အောင်မြင်တဲ့  လူမှုဘဝတွေကို နေထိုင်ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ တစိုက်မတ်မတ်လက်တွဲဆောင်ရွက်နေတဲ့ မိတ်ဖက်ဖြစ်ရလို့ ဂုဏ်ယူပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် တုံ့ပြန်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒီကူညီမှုဟာ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့  Global Fund ရံပုံငွေအစီအစဥ်မှာ အများဆုံးထည့်ဝင်ထားတဲ့အလှူရှင်နိုင်ငံအဖြစ် ထည့်ဝင်ပံ့ပိုးမှုအပြင် ထပ်ဆောင်းကူညီမှုတွေ ဖြစ်ပါတယ်။ ဒီအရင်းအမြစ်တွေဟာ အိပ်ချ်အိုင်ဗီစစ်ဆေးခြင်းနဲ့ စောင့်ရှောက်ကုသမှုလုပ်ငန်းတွေမှာ  ကူညီပံ့ပိုးပေးနေပါတယ်။ ထို့အပြင် ရောဂါပျံ့နှံ့မှုစောင့်ကြည့်ကြပ်မတ်မှု အားကောင်းလာစေရန်၊ ရောဂါရှာဖွေခြင်းနဲ့ ကုသမှုလုပ်ငန်းစဥ်များ တိုးတက်လာစေရေးတွေမှာ ကူညီပံ့ပိုးပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ နှင့်အမေရိကန်ပြည်ထောင်စုတို့ဟာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အိပ်ချ်အိုင်ဗီပိုးနဲ့နေထိုင်နေသူတွေကို ကုသပေးနိုင်ဖို့အတွက်သာမက တီထွင်ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို စပြီးပေးနိုင်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ရွက်နေကြတာကို သိရလို့ မိမိအနေနဲ့ ဝမ်းသာမိပါတယ်။ ဒီဆောင်ရွက်မှုတွေမှာ ဆေးခန်းကိုမသွားနိုင်တဲ့ (သို့မဟုတ်) မသွားလိုတဲ့ သူတွေဆီကို ရောက်ရှိနိုင်ဖို့ မိမိကိုယ်ကို အိပ်ချ်အိုင်ဗီရှိမရှိစစ်ဆေးခြင်းလုပ်ငန်း နှင့် အိပ်ချ်အိုင်ဗီ ပိုးကူးစက်မှုအန္တရာယ်ကိုလျှော့ချနိုင်ဖို့ အတွက် PrEP ကာကွယ်ဆေးပေးတာတို့  ပါဝင်ပါတယ်။ သို့သော်လည်း ဒီတီထွင်ဆန်းသစ်မှုတွေနဲ့ ၀န်ဆောင်မှုတွေဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရရှိလာရုံနဲ့ ပြည်သူတွေအနေနဲ့ ဒီ၀န်ဆောင်မှုတွေကို သုံးကြအုံးမှာ မဟုတ်ဘူးဆိုတာ ကျနော်နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စိတ်ဒဏ်ရာတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ရင်ဆိုင်နေကြရပြီး အဖမ်းခံရမှာကို ကြောက်ရွံ့တဲ့အတွက်ကြောင့် သုံးကြဦးမှာ မဟုတ်ဘူး။ ပြည်သူတွေရဲ့စိတ်ဒဏ်ရာတွေကို လျှော့ချနိုင်ဖို့၊ ၀န်ဆောင်မှုတွေကို ပိုပြီးလက်လှမ်းမှီရရှိစေဖို့အတွက် မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ လူမှုအသိုင်းအ၀န်းတွေအနေနဲ့ အတူလက်တွဲလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ တချို့လူတွေအတွက် အိပ်ချ်အိုင်ဗီ ပိုး ကူးစက်ခံရနိုင်တဲ့အန္တရာယ်ကို မြင့်မားစေတဲ့ အပြုအမူတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတဲ့ လက်ရှိဥပဒေတွေကို ပြုပြင်ပြောင်းလဲတာတွေအပြင် ဆေးကုသမှုကိုနှောင့်နှေးစေနိုင်တဲ့  တချို့မူဝါဒတွေကို ပြောင်းလဲလုပ်ဆောင်သင့်တာတွေလည်း ပါဝင်ပါတယ်။ 

မြန်မာနိုင်ငံမှာ လူတိုင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု စတဲ့ မျှော်လင့်ချက်တွေအတွက် နိုင်ငံရဲ့ပြည်သူတွေကျန်းမာဖို့ အရမ်းအရေးကြီးပါတယ်။ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကူးစက်ကပ်ရောဂါရဲ့ အဆုံးသတ်မှုကိုကျင်းပနိုင်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကို အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား မိမိအနေနဲ့ မျှော်လင့်နေပါတယ်။

### END ###