အာဏာသိမ်းမှုနှင့်ပြည်သူများအပေါ် အကြမ်းဖက်မှုများကြောင့် အမေရိကန်ကုန်သွယ်ရေးဌာနက မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေးဆောင်ရွက်မှုဆိုင်းငံ့

အာဏာသိမ်းမှုနှင့်ပြည်သူများအပေါ် အကြမ်းဖက်မှုများကြောင့် အမေရိကန်ကုန်သွယ်ရေးဌာနက မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေးဆောင်ရွက်မှုဆိုင်းငံ့

မတ် ၂၉၊ ၂၀၂၁

ဝါရှင်တန် – ၂၀၁၃ ခုနှစ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်အရ ဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ချိတ်ဆက်ဆောင်ရွက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင် က ယနေ့ ကြေညာလိုက်သည်။ ယခုရပ်ဆိုင်းမှုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ အာဏာပြန်လည်မရမချင်း သက်ရောက်နေမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်ရရှိရေး မြန်မာပြည်သူတွေရဲ့ အားထုတ်ကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးပါတယ်” ဟု သံအမတ် ကက်သရင်းတိုင် က ပြောကြားသည်။ “ပြည်သူတွေအပေါ် မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုကို အမေရိကန်ပြည်ထောင်စုက အပြင်းအထန်ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အလုပ်သမား ခေါင်းဆောင်တွေ၊ ဆရာဝန်တွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထိတ်လန့်တုန်လှုပ်စေပါတယ်။ ဒီလုပ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အေားချမ်းပြီး သာယာဝပြောတဲ့ အနာဂတ် ရရှိစေရေး မြန်မာပြည်သူတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အပေါ်မှာ တိုက်ရိုက် စော်ကားမှု ဖြစ်ပါတယ်။”

စစ်အစိုးရနှင့် အနာဂတ် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းအပြင် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး (GSP) အစီအစဉ် ပြန်လည်ခွင့်ပြုရေး ကွန်ကရက်က စဉ်းစားသုံးသပ်နေသလို နိုင်ငံတကာ အသိအမှတ်ပြု အလုပ်သမား အခွင့်အရေး ပြည့်မီမှု စံသတ်မှတ်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ အခြေအနေကို အမေရိကန်ကုန်သွယ်ရေးဌာနက ပြန်လည် စဉ်းစားသုံးသပ်နေပါသည်။ ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြမှုတွင် မြန်မာနိုင်ငံ၏ အလုပ်သမား သမဂ္ဂနှင့် အလုပ်သမားများကို စစ်တပ်က ပစ်မှတ်ထားခဲ့သော အစီရင်ခံစာများကြောင့် အလုပ်သမား အခွင့်အရေး အကာအကွယ်ပေးမှုနှင့် ပတ်သက်၍ စိုးရိမ်စရာ ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

###

နောက်က်ခံအကြောင်းအရာ
၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘောတူစာချုပ်က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွင်း ပေါင်းစည်းမှုကို အထောက်အကူပြုသည့် အစီအစဉ်များနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံက လက်ခံသဘောတူထားသည်။ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သည့် အရေးကြီးသော ကိစ္စရပ်တွင် အပြည်ပြည်ဆိုင် အလုပ်သမား အဖွဲ့က ချမှတ်ထားသည့်အတိုင်း လေးစားလိုက်နာခြင်း၊ မြှင့်တင်ခြင်းနှင့် အခြေခံ အလုပ်သမား အခွင့်အရေးများကို အကောင်အထည်ဖော်ခြင်း၏ အရေးပါမှုကို အသိအမှတ်ပြု၍ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော သက်ဆိုင်ရာ ဥပဒေမှားနှင့် စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ ပြဋ္ဌာန်းထားသည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘောတူစာချုပ်အပြင် ၂၀၁၆ ခုနှစ်တွင် အလုပ်သမား အခွင့်အရေး အကာအကွယ်ပေးမှုများ ပိုမိုခိုင်မာအားကောင်းစေရေးအတွက် စာလွှာအပြန်အလှန် လဲလှယ်ခြင်းဖြင့် မြန်မာအစိုးရက ကတိပြုခဲ့ပါသည်။ ဤစာလွှာ အပြန်အလှန်လဲလှယ်မှုနှင့် မြန်မာနိုင်ငံက တိုးတက်ဖော်ဆောင်ခဲ့ပြီးဖြစ်သော လုပ်သမားအခွင့်အရေးဆိုင်ရာ အဆင့်များကြောင့် မြန်မာနိုင်ငံအား ၂၀၁၆ နိုဝင်ဘာလ တွင် ကုန်သွယ်‌ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်လည်ပေးအပ်ခဲ့ဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများအား အကြမ်းဖက် နှိမ်နှင်းပြီးနောက် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာအထူးခံစားခွင့်ကို အမေရိကန်ပြည်ထောင်စုက ၁၉၈၉ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။