ချက်ချင်းထုတ်ပြန်ရန်
ဇန်နဝါရီ ၆၊ ၂၀၂၁
USAID က ရန်ကုန်တိုင်းဒေသကြီးတွင် တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသစ်ကို စတင်
ရန်ကုန် ။ ။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး အလဲရ်ဂရပ်ဘ်စ်က တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းသစ်ကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များနှင့် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများထံ မိတ်ဆက်ပေးခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဝင်းနိုင်က အဆိုပါအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ သုံးနှစ်စီမံကိန်းသစ်သည် တီဘီရောဂါ ကာကွယ်ကုသရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ စီမံကိန်းကို မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သော ပြည်ကြီးခင်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ မိမိတို့ ရပ်ရွာလူမှုအသိုင်းအဝိုင်းများမှ အများပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ၏ ဒီဇိုင်းနှင့် လက်တွေ့ဆောင်ရွက်ပေးမှုတို့တွင် တီဘီရောဂါ ခံစားနေရသူများအနေဖြင့် သူတို့ကိုယ်တိုင်၏ကောင်းကျိုးအတွက် တိုက်တွန်းအရေးဆိုရာတွင် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်စေရန် ဖြစ်ပါသည်။ တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းသည် ၂၀၁၂ ခုနှစ်မှစ၍ USAID က အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး အစီအစဉ်ကို ထောက်ပံ့ပေးမှုအပေါ် အခြေခံထားပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်စေရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ ရေရှည် လက်တွဲပူးပေါင်း ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။
USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သူ အလဲရ်ဂရပ်ဘ်စ်က – “USAID အနေနဲ့ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဒေသအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်မယ့် ဖြေရှင်းနည်းတွေကို ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေက ဖော်ထုတ်အသုံးပြုနိုင်စေဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်မှု ပုံစံသစ်တွေကို ဖော်ဆောင်ပြီးလုပ်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ပြည်ကြီးခင်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ တခြားမိတ်ဖက်အဖွဲ့တွေ အပါအဝင် မတူကွဲပြားတဲ့ အုပ်စုတွေနဲ့ လက်တွဲပူးပေါင်းပြီး တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသည် တီဘီရောဂါပြန့်နှံ့မှု လျှော့ချရေးတွင် တိုးတက်မှု များစွာ ရရှိလာခဲ့ပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တီဘီရောဂါဖြစ်ပွားမှုနှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားသည်ကို တွေ့ရသည်။ သို့ရာတွင် ဆေးယဉ်ပါးတီဘီရောဂါသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးပတ်ဝန်းကျင်ရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့ပြလူမှုအသိုင်းအဝိုင်းတို့တွင် အမြဲမပြတ် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။ တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို ဖြစ်စေသည့် ထိပ်ဆုံးအကြောင်းအရင်း ၁၀ ခုအနက်မှ တစ်ခု ဖြစ်သည်။
တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းသည် တီဘီရောဂါအဖြစ်များဆုံးသော နိုင်ငံ ၂၃ ခုတွင် တီဘီရောဂါ ကာကွယ်ကုသနိုင်ရန် နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အကျိုးပြုနိုင်ရေးရည်မှန်းကာ ၂၀၃၅ ခုနှစ်မတိုင်မီ တီဘီရောဂါပပျောက်ရေးအတွက် USAID က ဆောင်ရွက်နေသော “တီဘီရောဂါတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်တင်ပေး (TB Accelerator)” အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ပံ့ပိုးပေးသော စီမံကိန်း ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသစ်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သတ်မှတ်နယ်မြေများတွင် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ အကြောင်းမှာ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရှိ ဆေးတိုးသော တီဘီရောဂါ/ ရိုးရိုးတီဘီရောဂါနှင့် ဆေးယဉ်ပါး တီဘီရောဂါ နှစ်မျိုးစလုံး ဖြစ်ပွားမှုအများဆုံးရှိသည်ဟု ကူးစက်ရောဂါပညာရှင်များက ဆိုကြသောကြောင့်ပင် ဖြစ်ပါသည်။
###