ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာလ (၁၅) ရက်၊ ၂၀၂၀ ခုနှစ်
USAID သည် ပြည်တွင်းအဖွဲ့အစည်းဖြစ်သည့် ပြည်ကြီးခင်နှင့် လက်တွဲအကောင်အထည်ဖော်မည့် တီဘီရောဂါဆိုင်ရာစီမံကိန်းအသစ်ကို စတင်မိတ်ဆက်ခြင်း
ရန်ကုန်၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲဂရပ်ဘ်စ်သည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်နှင့်တကွ မြန်မာနိုင်ငံ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ လုပ်ဖော်ကိုင်ဖက်များအား USAID ၏ Local Action Toward TB-Free Myanmar စီမံကိန်းအသစ်နှင့် စတင်မိတ်ဆက်ပေးခဲ့သည်။
ဤသုံးနှစ်တာစီမံကိန်းသည် တီဘီရောဂါကိုကာကွယ်ရေးနှင့် ကုသရေးအတွက် အမေရိကန်–မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်တစ်ခု ဖြစ်သည်။ စီမံကိန်းကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ပြည်ကြီးခင်အဖွဲ့က အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ စီမံကိန်းသည် တီဘီရောဂါခံစားနေရသူများအနေဖြင့် လိုအပ်ချက်များရရှိအောင် တိုက်တွန်းအရေးဆိုရာခြင်းနှင့် သူတို့အသိုင်အဝိုင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် တီဘီဝန်ဆောင်မှုများ ဒီဇိုင်းရေးဆွဲခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့တွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါ၀င်နိုင်စေရန်အတွက် စွမ်းရည်တည်ဆောက်ပေးသွားပါမည်။ Local Action Toward TB-Free Myanmar စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်နှင့် ၂၀၁၂ခုနှစ်မှစ၍ USAID မှ လက်တွဲကူညီဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ်တွင် အခြေပြုထားသည်။
“USAID ဟာ လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဒေသတွင်းနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာအောင် လူမှုအသိုင်းအဝိုင်းတွေကို စွမ်းရည်မြှင့်တင်ပေးနိုင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဆောင်ရွက်မှုအသစ်တွေ ဖြစ်လာစေရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ ပြည်ကြီးခင်အဖွဲ့ဟာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘာသာရေးအခြေပြု အဖွဲ့တွေအပြင် အခြားသောမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ပါလိမ့်မယ်” ဟု USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲဂရပ်ဘ်စ် က ပြောခဲ့ပါသည်။
မြန်မာနိုင်ငံသည် တီဘီရောဂါပျံ့နှံ့မှုကိုလျှော့ချရာတွင် ကြီးမားသောတိုးတက်မှုများ ရရှိအောင် လုပ်နိုင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ သို့သော် ဆေးယဉ်ပါးတီဘီရောဂါသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှု၏ ထိပ်ဆုံးရောဂါ ၁၀ ခုထဲတွင် ရှိနေဆဲ ဖြစ်သည်။
The Local Action Toward TB Free Myanmar စီမံကိန်းကို ကမ္ဘာပေါ်တွင် တီဘီအဖြစ်များဆုံးနိုင်ငံ ၂၃ နိုင်ငံတွင် တီဘီရောဂါကို ကာကွယ်နိုင်ရန်နှင့်ကုသနိုင်ရန်အတွက် USAID ၏ “တီဘီရောဂါ အရှိန်မြှင့် တိုက်ဖျက်ရေးအစီအစဥ်” ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ ပံ့ပိုးမှု၏ရည်ရွယ်ချက်မှာ သက္ကရာဇ် ၂၀၃၅ ခုနှစ်ရောက်လျှင် တီဘီရောဂါလုံးဝကင်းစင်ရေးအတွက် ဆောင်ရွက်နေကြသော မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီပံ့ပိုးနိုင်ရန် ဖြစ်သည်။
###