USAID ယာယီအုပ်ချုပ်ရေးမှူး ဂလော်ရီယာစတီးလ်၏ ထုတ်ပြန်ကြေညာချက်
ချက်ချင်းထုတ်ပြန်ရန်
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁
မီဒီယာဆက်ဆံရေးရုံး
press@usaid.gov
USAID အနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် လွတ်လပ်မှုရှိစေရေးတို့အတွက် ဆယ်စုနှစ်များစွာကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် ရပ်တည်ကာ အတူရှိနေပါသည်။ မြန်မာပြည်သူများအနေဖြင့် ထိုရပိုင်ခွင့်များနဲ့ အပြည့်အဝ ထိုက်တန်ပါသည်။ သမ္မတကြီး ဘိုင်ဒင်ကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က “ယခုလို စစ်တပ်ရဲ့ အာဏာသိမ်းယူမှုဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဥ်နဲ့ တရားဥပဒေစိုးမိုးမှုအပေါ် တိုက်ရိုက်ထိပါးမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။” ဟု ဖော်ပြခဲ့ပါသည်။ မြန်မာပြည်သူများ၏ နှစ်ကာလကြာရှည်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စွန့်လွှတ်အနစ်နာခံမှုများနှင့်အတူ ရရှိလာသည့် တိုးတက်မှုအခြေအနေတစ်ရပ်ကို ဒီမိုကရေစီနည်းမကျစွာနဲ့ ပြုမှုဆောင်ရွက်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှုအပေါ် အမေရိကန်ပြည်ထောင်စုအစိုးရ၏ ဖေဖော်ဝါရီလ ၂ ရက်နေ့က တုန့်ပြန်မှု၏ နောက်ဆက်တွဲအနေဖြင့် USAID မှ မြန်မာနိုင်ငံအတွင်း အကူအညီပေးနေမှုများအား ပြန်လည်လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ရလာဒ်အနေဖြင့် မြန်မာအစိုးရထံသို့ ရောက်ရှိနိုင်သည့် အကူအညီပေးမှုများမှ ဖယ်ရှားရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၂.၄ သန်း အား အခြားအစီအစဥ်များတွင် ချက်ချင်းပြောင်းရွှေ့အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာစစ်တပ်အား ကူညီပံ့ပိုးမည့်အစား အဆိုပါရန်ပုံငွေများအား အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရေး လုပ်ငန်းများတွင် အစားထိုးအသုံးပြုသွားမည် ဖြစ်သည်။
USAID အနေဖြင့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၆၉ သန်းဝန်းကျင်ခန့် ကူညီထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါ ကူညီထောက်ပံ့မှုအစီအစဥ်များအား ဆက်လက် ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ တုန့်ပြန်ဆောင်ရွက်မှုများအပါအဝင် မြန်မာပြည်သူများ၏ ကျန်းမာရေးဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအစီအစဥ်များနှင့် ဒီမိုကရေစီအားကောင်းစေရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများပိုမိုခိုင်မာအားကောင်းလာစေရေး အစီအစဥ်များ၊ လွတ်လပ်သော မီဒီယာများ ပိုမိုအားကောင်းလာစေရန်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဥ် အကောင်အထည်ဖော်မှုများအား ဆက်လက်ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့် ရိုဟင်ဂျာနှင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အခြားသောထိခိုက်လွယ်အုပ်စုများထံသို့လည်း အသက်ကယ်ဆယ်နိုင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ကူညီထောက်ပံ့သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ ကူညီထောက်ပံ့မှုများတွင် မိမိတို့မှ အများဆုံး ကူညီထောက်ပံ့ပေးနေပါသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဌာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ၂၀၁၇ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဥ်မှ စတင်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် အမေရိကန်ဒေါ်လာ ၄၆၉ သန်းကျော် ကူညီထောက်ပံ့ပေးခဲ့ပြီး မြန်မာနိုင်ငံတွင်းနေထိုင်သူများအပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအတွက် ဒေသလုံးဆိုင်ဆိုင်ရာ အကူအညီတစ်ရပ်အဖြစ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ နီးပါး ကူညီထောက်ပံ့ပေးခဲ့ပါသည်။
မြန်မာပြည်သူများ၏ ဒီမိုကရေစီပိုမိုခိုင်မာရေး၊ ပိုမို တာဝန်ခံမှုရှိပြီး အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေမှုများအား ယခင်ထက်ပိုမိုအရေးကြီးစွာဖြင့် USAID မှ ပူးပေါင်း ဆောင်ရွက်နေပါသည်။