ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နှင်းမှုနောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား အမေရိကန်ကပစ်မှတ်ထားအရေးယူ

သတင်းထုတ်ပြန်ချက်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

ဝါရှင်တန် ဒီစီ

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအတွက်တာဝန်ရှိသော စစ်တပ်ယန္တရားနှင့်ဆက်နွှယ်သည့် ပုဂ္ဂိုလ်နှစ်ဦးကို အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (အိုအက်ဖ်အေစီ) က ယနေ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဘဏ္ဍာရေးဌာနက ဤသို့ ဒဏ်ခတ်အရေးယူလိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအပေါ် အဓိကထားအရေးယူပိတ်ဆို့သည့် ဖေ‌ဖော်ဝါရီ ၁၁ ရက်ကထုတ်ပြန်ခဲ့သော သမ္မတဘိုင်ဒင်၏ အမိန့်အသစ်ဖြစ်သည့် သမ္မတအမိန့်အမှတ် ၁၄၀၁၄ ဖြင့် ဤအရေးယူဒဏ်ခတ်မှုကို ဘဏ္ဍာရေးဌာနက ချမှတ်လိုက်ခြင်းဖြစ်ပါသည်။ ဘဏ္ဍာရေးဌာနသည် လွတ်လပ်မှုနှင့်ဒီမိုကရေစီ ခိုင်မြဲရေးအတွက် လုပ်ဆောင်နေကြသော မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်နေပြီး အာဏာသိမ်းမှုနှင့် ဆက်လက် ကျူးလွန်နေသည့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန် အတွက် ကတိကဝတ်ပြုထားလျက်ရှိပါသည်။ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံအတွင်း ၎င်းလုပ်ဆောင်နေသည်များကို နောက်ပြန်ဆုတ်၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အမြန်ဆုံး ပြန်လည်အသက်ဝင် စေရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဘဏ္ဍာရေးဌာနအနေဖြင့် နောက်ထပ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်အတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကို ဖိအားပေးတောင်းဆိုရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေး ပြန်လည်အသက်ဝင်စေရေးကို ပံ့ပိုးရန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရေး တောင်းဆိုတိုက်တွန်းရန်နှင့် ဒီမိုကရေစီသို့လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏တိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေရန် ကြိုးပမ်းအားထုတ်မှုအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်အတွက် အမေရိကန် ပြည်ထောင်စုသည် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားမှ မိတ်ဖက်များနှင့်အတူ ဆက်လက်ဆောင်ရွက်သွားပါမည်။

ယနေ့ လုပ်ဆောင်ချက်သည် လက်ရှိ စစ်တပ်အရာရှိ သို့မဟုတ် စစ်တပ်အရာရှိဟောင်း ၁၀ ဦး အပြင် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးတစ်ခု၏ လက်အောက်ခံကုမ္ပဏီများကို အပြည့်အဝ ပိုင်ဆိုင်ထားသော လူပုဂ္ဂိုလ်အဖွဲ့အစည်း သုံးခု ကိုပစ်မှတ်ထားသော ဖေဖော်ဝါရီ ၁၁ ရက် ၂၀၂၁ ဘဏ္ဍာရေးဌာန ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများအပြင်ထပ်မံချမှတ်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြောင်း မြန်မာ့စစ်တပ်က ကြေညာခဲ့ပါသည်။

မိုးမြင့်ထွန်း နှင့် မောင်မောင်ကျော် တို့သည် မြန်မာနိုင်ငံ၏ စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ၏ ခေါင်းဆောင်များ သို့မဟုတ် တာဝန်ရှိသူများ ဖြစ်သော သို့မဟုတ် ဖြစ်ခဲ့သော နိုင်ငံခြားပုဂ္ဂိုလ်များ ဖြစ်ခြင်းကြောင့် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်း”  သမ္မတအမိန့် အမှတ် ၁၄၀၁၄ နှင့်အညီ အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် သတ်မှတ်ခြင်းဖြစ်ပါသည်။

အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းများ

ယနေ့ ဆောင်ရွက်ချက်၏ ရလဒ်တစ်ခုအနေဖြင့် အမေရိကန် ပြည်ထောင်စုတွင်ရှိသော၊ သို့မဟုတ် လက်ဝယ်တွင်ရှိသော၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုရှိ လူပုဂ္ဂိုလ်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော၊ အထက်တွင် အမည်ဖော်ပြထားသည့် လူတစ်ဦးတစ်ယောက်ချင်း နှင့် လူပုဂ္ဂိလ်အဖွဲ့အစည်းတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပိုင်ဆိုင်သော၊ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသော၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အခြားသောထိန်းချုပ်ပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ်များနှင့်အတူ ပိုင်ဆိုင်မှုများကို ထိန်းချုပ် ပိတ်ဆို့လိုက်ပြီး ယင်းထိန်းချုပ်ပိတ်လိုက်သည့်ပိုင်ဆိုင်မှုများကို အိုအက်ဖ်အေစီ သို့တင်ပြရမည် ဖြစ်သည်။ အိုအက်ဖ်အေစီ မှ ထုတ်ပြန်သော အထွေထွေ သို့မဟုတ် အထူးလိုင်စင်ဖြင့် တရားဝင်ခွင့်မပြုထားလျှင် သို့မဟုတ်ပါက အိုအက်ဖ်အေစီ၏ စည်းမျဉ်းများသည် အမေရိကန်ရှိလူပုဂ္ဂိုလ်များ သို့မဟုတ် ထိန်းချုပ်ပိတ်ဆို့ရန် သတ်မှတ်ထားသော သို့မဟုတ် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွား တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်သော အမေရိကန် ပြည်ထောင်စုအတွင်း (သို့မဟုတ် အကူးအပြောင်းပြုလုပ်ဆဲ) ပြုလုပ်သော လုပ်ငန်းကိစ္စရပ်များ အားလုံးကို တားမြစ်ဟန့်တားပါသည်။

ယနေ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းခံရသည့် လူပုဂ္ဂိုလ်များအကြောင်းပိုမိုကြည့်ရှုရန်။