မတ် ၁၀၊ ၂၀၂၁
ဝါရှင်တန် – မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအား ဖြုတ်ချရာတွင် ဦးဆောင်သည့် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၏ အရွယ်ရောက်ပြီး သားသမီးနှစ်ဦးနှင့် ထိုသားသမီးနှစ်ဦး၏ ကုမ္ပဏီခြောက်ခုကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ယနေ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သား အစိုးရကို ဖြုတ်ချ၍ မြန်မာစစ်တပ်က အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဤအရေးယူမှုကို ပြုလုပ်ခြင်းဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်နေပါသည်။ အာဏာသိမ်းခြင်းနှင့် အကြမ်းဖက်မှုများ လုပ်ဆောင်မှုအတွက် တာဝန်ရှိသူများကို တာဝန်ယူမှုတာဝန်ခံခံမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်ရန် မိမိတို့ဆက်လက် ဆောင်ရွက်နေပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အရပ်ဘက်အဖွဲ့အစည်း၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး တက်ကြွစွာ လှုပ်ရှားသူများ အပါအဝင် ဖေဖော်ဝါရီလ ၁ရက်နေ့ကစ၍ မတရား ဖမ်းဆီးထိန်းသိမ်းထားသော ပုဂ္ဂိုလ်အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါသည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် မြန်မာ့ လုံခြုံရေးတပ်ဖွဲ့ရဲ့ မဆင်မခြင် အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်မှု အားလုံး ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိဖို့အတွက် မြန်မာစစ်တပ်နဲ့ ရဲတွေကို ဖိအားပေးဖို့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံခြားရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး၏ ဒါရိုက်တာ အန်ဒရီယာ အမ် ဂက်ကီ က ပြောပါသည်။
ယနေ့ဆောင်ရွက်ချက်တွင် “မြန်မာနိုင်ငံတွင်းအခြေအနေနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” ဟူသော သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဘဏ္ဍာရေးဝန်ကြီးဌာနက အောင်ပြည့်စုံနှင့် ခင်သီရိသက်တို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းသတ်မှတ်ပြီး ၎င်းတို့၏ အိမ်ထောင်ဖက်များဖြစ်သော နိုင်ငံခြားသားများ သို့မဟုတ် သားသမီးများ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ပိတ်ဆို့လိုက်ပါသည်။ အောင်ပြည့်စုံနှင့် ခင်သီရိသက်တို့သည် မြန်မာနိုင်ငံ၏ စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ၏ ခေါင်းဆောင် သို့မဟုတ် တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သည့် အတွက် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ကန့်သတ်ရေးဌာနက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၌ ထည့်သွင်းသတ်မှတ်ထားသူဖြစ်သော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ အရွယ်ရောက်ပြီးသော သားသမီးများ ဖြစ်ကြပါသည်။
အောင်ပြည့်စုံနှင့် ခင်သီရိသက်တို့တွင် ဖခင်၏ရာထူးနှင့် မကောင်းသော လွှမ်းမိုးမှုတို့မှ တိုက်ရိုက် အကျိုးကျေးဇူးရရှိသော စီးပွားရေးဦးပိုင်ကုမ္ပဏီများစွာ ရှိပါသည်။ အောင်ပြည့်စုံသည် လေလံပြိုင်ခြင်းမရှိဘဲ ရန်ကုန်မြို့တွင် Yangon Restaurant နှင့် Yangon Gallery အတွက် မြေငှားရမ်းရန် ၂၀၁၃ ခုနှစ်တွင် နှစ် ၃၀ ပါမစ် ရရှိခဲ့သည်။ နိုင်ငံအစိုးရသည် နိမ့်သော ငှားရမ်းခများ ချမှတ်ကြောင်း ရန်ကုန်အစိုးရက အသိအမှတ်ပြုခြင်းနှင့်အတူ ၂၀၁၃ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အောင်ပြည့်စုံသည် ထိုမြို့နယ်တွင် အခြားမြေနေရာများနှင့် နှိုင်းယှဉ်လျှင် ငှားရမ်းခ တစ်ရာခိုင်နှုန်းအောက်သာ ပေးချေခဲ့ပါသည်။ ဤအချိန်အတွင်း မင်းအောင်လှိုင် တည်ထောင်သည့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ Mytel အတွက် ဈေးကွက်မြှင့်တင်ရေးတွင် ထင်ရှားစွာ သရုပ်ဆောင်ပေးသော သရုပ်ဆောင် နေတိုးနှင့် သီးသန့်စာချုပ်ထားသည့် Seventh Sense မီဒီယာ ထုတ်လုပ်မှုလုပ်ငန်း ကို ခင်သီရိသက်က ပိုင်ဆိုင်ပါသည်။
အထက်တွင် ဖော်ပြထားသည့် တစ်ဦးချင်းပိုင်ဆိုင်မှုအပြင် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ် ကန့်သတ်ရေးဌာနသည် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ အောင်ပြည့်စုံ သို့မဟုတ် ခင်သီရိသက်မွန် ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော အောက်ဖော်ပြပါ မြန်မာ့လုပ်ငန်း ခြောက်ခုကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်း၌ ထည့်သွင်းသတ်မှတ်လိုက်သည်။
- A & M Mahar Company Limited
- Sky One Construction Company Limited
- The Yangon Restaurant
- The Yangon Gallery
- Everfit Company Limited
- Seventh Sense Company Limited
ယနေ့အရေးယူမှုသည် မတ်လ ၄ ရက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက ထုတ်ပြန်ခဲ့သောကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသည့်အဖွဲ့အစည်းများအပေါ် မြန်မာနိုင်ငံသို့ တင်ပို့မှုများနှင့် ပြန်လည်တင်ပို့မှုများ၊ ပို့ကုန်စီမံအုပ်ချုပ်ရေးစည်းမျဉ်းများ (EAR) အရ အကဲဆတ်သော ပစ္စည်းများအား မြန်မာနိုင်ငံအတွင်း လွှဲပြောင်းမှုများနှင့် ပတ်သက်သော ကန့်သတ်ချက်အသစ်များ၏ နောက်ဆက်တွဲအရေးယူမှုဖြစ်သည်။ ဤဆောင်ရွက်ချက်နှင့် ပတ်သက်သော ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဤနေရာ တွင် ကြည့်နိုင်ပါသည်။
အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းများ
ယနေ့ ဆောင်ရွက်ချက်၏ ရလဒ်တစ်ခုအနေဖြင့် အမေရိကန် ပြည်ထောင်စုတွင်ရှိသော၊ သို့မဟုတ် လက်ဝယ်တွင်ရှိသော၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုရှိ လူပုဂ္ဂိုလ်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော၊ အထက်တွင် အမည်ဖော်ပြထားသည့် လူတစ်ဦးတစ်ယောက်ချင်း နှင့် လူပုဂ္ဂိလ်အဖွဲ့အစည်းတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပိုင်ဆိုင်သော၊ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသော၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အခြားသောထိန်းချုပ်ပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ်များနှင့် အတူ ပိုင်ဆိုင်မှုများကို ထိန်းချုပ် ပိတ်ဆို့လိုက်ပြီး ယင်းထိန်းချုပ်ပိတ်လိုက်သည့် ပိုင်ဆိုင်မှုများကို အိုအက်ဖ်အေစီ သို့တင်ပြရမည် ဖြစ်သည်။ အိုအက်ဖ်အေစီ မှ ထုတ်ပြန်သော အထွေထွေ သို့မဟုတ် အထူးလိုင်စင်ဖြင့် တရားဝင်ခွင့်မပြုထားလျှင် သို့မဟုတ်ပါက အိုအက်ဖ်အေစီ၏ စည်းမျဉ်းများသည် အမေရိကန်ရှိလူပုဂ္ဂိုလ်များ သို့မဟုတ် ထိန်းချုပ်ပိတ်ဆို့ရန် သတ်မှတ်ထားသော သို့မဟုတ် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွား တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်သော အမေရိကန် ပြည်ထောင်စုအတွင်း (သို့မဟုတ် အကူးအပြောင်းပြုလုပ်ဆဲ) ပြုလုပ်သော လုပ်ငန်းကိစ္စရပ်များ အားလုံးကို တားမြစ်ဟန့်တားပါသည်။
ယနေ့ ထည့်သွင်းသတ်မှတ်လိုက်သည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်သော နောက်ထပ် အချက်အလက်များ။