အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို ဖိနှိပ်ချေမှုန်းမှုများအတွက် မြန်မာနိုင်ငံ စစ်တပ်တပ်ဖွဲ့များကို အမေရိကန်က ပစ်မှတ်ထားအရေးယူ
မတ် ၂၂၊ ၂၀၂၁
ဝါရှင်တန် – အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန (OFAC) သည် မြန်မာ့စစ်တပ်၊ ဒီမိုကရေစီအရေးဆန္ဒပြမှုများအပေါ်အကြမ်းဖက် ဖိနှိပ်ချေမှုန်းမှုများနှင့် ပတ်သက်ဆက်နွယ်နေသော လူပုဂ္ဂိုလ်နှစ်ဦးနှင့် အဖွဲ့အစည်း နှစ်ခုတို့ကို ယနေ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ် မြန်မာစစ်တပ်၏ ဆက်လက် အကြမ်းဖက် ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ အရေးယူမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များရဲ့ သေစေလောက်တဲ့ အကြမ်းဖက်မှု အဆုံးသတ်ရပါမယ်။ မြန်မာစစ်တပ်နဲ့ ရဲတွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှုကို မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်တွေကို ဘဏ္ဍာရေးဝန်ကြီးဌာနက အပြည့်အဝ ဆက်လက် အသုံးချသွားပါမယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်နေပါတယ်” ဟု နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန ဒါရိုက်တာ အန်ဒရေ အမ် ဂက်ကီက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် သို့မဟုတ် လွတ်လပ်စွာ စုရုံးခွင့် ကျင့်သုံးခြင်းကို တားမြစ်ခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းတို့ ပြုလုပ်သော လုပ်ရပ်များ သို့မဟုတ် မူဝါဒများတွင် ပါဝင်သော သို့မဟုတ် စေ့စပ်ဆောင်ရွက်သော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ဟုသတ်မှတ်ခံရသည့် နိုင်ငံခြားသားဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် သန်းလှိုင် ကို “မြန်မာနိုင်ငံတွင်းအခြေအနေနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” ဟူသော သမ္မတအမိန့် ၁၄၀၁၄ နှင့်အညီ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။
သန်းလှိုင်ကို မြန်မာနိုင်ငံ ရဲချုပ်နှင့် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၁ ခုနှစ်က ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာရဲများသည် ဒီမိုကရေစီအရေး ဆန္ဒပြသူများအပေါ် ရက်စက်စွာ အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လာခဲ့သည်။ သန်းလှိုင်၏ ဦးဆောင်မှုအောက်တွင် မြန်မာ့ရဲတပ်ဖွဲ့သည် ရေကားများ၊ ရာဘာကျည်နှင့် မျက်ရည်ယိုဗုံးများမှ ကျည်ဆံအစစ်များအထိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။ ဤသို့ တစ်စထက်တစ် ပို၍ ပြင်းထန်လာခြင်းသည် ရန်ကုန်မြို့ လှိုင်သာယာဆင်ခြေဖုံးတွင် ၃၇ ဦး အပါအဝင် မတ်လ ၁၄ ရက် ၂၀၂၁ ခုနှစ်၌ မြန်မာနိုင်ငံ အနှံ့တွင် ရဲများက ဒါဇင်နှင့်ချီသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို သတ်ဖြတ်ခြင်း အခြေအနေအမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုသွေးစွန်းသော နေ့ရက်မှစ၍ ထပ်ဆောင်း သေဆုံးမှုများနှင့်အတူ ခန့်မှန်းခြေ ၁၄၀ ဦးအထိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၏ သေဆုံးမှုများ တိုးပွားလာခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း ပြည်သူများက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် သို့မဟုတ် လွတ်လပ်စွာ စုရုံးခွင့် ကျင့်သုံးခြင်းကို တားမြစ်ခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းအတွက် တာဝန်ရှိခြင်း သို့မဟုတ် ပါဝင်ကျူးလွန်ခြင်းကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ပါဝင်ပတ်သက်မှု သို့မဟုတ် ကြိုးပမ်းအားထုတ်မှုတို့အတွက် တာဝန်ရှိသော မြန်မာ့တပ်မတော် ခြေမြန်တပ်မ ၃၃ (တပ်မ ၃၃) နှင့် မြန်မာ့တပ်မတော် ခြေမြန်တပ်မ ၇၇ (တပ်မ ၇၇) တို့ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ မန္တလေးမြို့တွင် တပ်မ ၃၃ နှင့် ရန်ကုန်မြို့တွင် တပ်မ ၇၇ တို့အား အသုံးချမှုသည် သတ်ဖြတ်မှုများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက လွန်ကဲသောအင်အားများအသုံးချမှု သာဓကများဖြစ်သည်။ ယခင်ကလည်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ပြင်းထန်စွာ မတရားဖိနှိပ်မှုများ ဆောင်ရွက်ခြင်းအတွက် သမ္မတအမိန့်အမှတ် ၁၃၈၁၈ နှင့်အညီ ဩဂုတ် ၁၇ ရက် ၂၀၁၈ ခုနှစ်တွင် OFAC သည် တပ်မ ၃၃ ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ လူနှစ်ဦး သေစေခဲ့ပြီး အခြားလူများစွာကို ထိခိုက်ဒဏ်ရာ ရစေခဲ့သော နိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၀ရက် ၂၀၂၁ခုနှစ်က ဆန္ဒပြနေသော သင်္ဘောကျင်းအလုပ်သမားများ လူအုပ်အတွင်း ကျည်ဆံအစစ်များ ပစ်ခတ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များတွင် ယခုကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော တပ်မ၏ တပ်ဖွဲ့ဝင်များတွင် ပါဝင်ခဲ့သည်။ တပ်မ ၃၃ နှင့် တပ်မ ၇၇ တပ်မနှစ်ခုစလုံးသည် မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏ ဆန္ဒပြသူများအား သေစေလောက်သည့် အင်အား တိုးမြှင့်အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်း အပါအဝင် ကြိုတင်စီမံ၍ စနစ်တကျ ဖြိုခွင်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပစ်ကပ်ထရပ်ကားများ စီးနင်းလာသော လုံခြုံရေး တပ်ဖွဲ့များသည် လူနေအိမ်များထဲသို့ အပါအဝင် လမ်းများစွာတွင် ကျည်ဆံအစစ်များဖြင့် လက်လွတ်စပယ် ပစ်ခတ်မှုများကို ဗီဒီယိုဖိုင်များတွင် တွေ့ရှိရပါသည်။
ထို့ပြင် မြန်မာနိုင်ငံ တပ်မတော် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ၏ ခေါင်းဆောင် သို့မဟုတ် တာဝန်ရှိသူ ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကို သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူပါသည်။ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တိုက်ရိုက် အစီရင်ခံ တင်ပြရသူဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးသည် စစ်ဆင်ရေးအထူးအဖွဲ့မှူး တစ်ဦး ဖြစ်ပြီး ၎င်းကို သမ္မတအမိန့်အမှတ် ၁၃၈၁၈ နှင့်အညီ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၉ ခုနှစ်နှင့် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် OFAC က ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့သည်။ အောင်စိုး၏ ကွပ်ကဲမှုအောက်မှ တပ်မမှူးများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် ရက်စက်စွာ တိုက်ခိုက်မှုများ ပါဝင်လာခဲ့သည်။ ယင်းစစ်သားများကို လက်နက်များတပ်ဆင်ပေး၍ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြသူများအပေါ် ကြိုတင်စီမံ၍ တင်ကူးကြံစည်ကာ တစ်ပြိုင်နက် ချိတ်ဆက် ဆောင်ရွက်မှုပုံစံဖြင့် သေစေလောက်သောအင်အားအသုံးပြုကြောင်း ပြသလျက် ရဲအရေးယူမှုမျိုး မဟုတ်ဘဲ စစ်မြေပြင်ကဲ့သို့ တိုက်ပွဲဝင်စေခဲ့သည်။
အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းများ
သမ္မတအမိန့်အမှတ် ၁၃၈၁၈ နှင့်အညီ တားဆီးပိတ်ဆို့ထားသည့် အဆိုပါပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား အလုံးစုံကို ဆက်လက် ပိတ်ဆို့သွားပါမည်။ ထို့ပြင် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ အမေရိကန် ပြည်ထောင်စုတွင် ရှိသော သို့မဟုတ် လက်ဝယ်တွင်ရှိသော သို့မဟုတ် အမေရိကန် ပြည်ထောင်စုရှိ လူပုဂ္ဂိုလ်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော၊ အထက်တွင် အမည်ဖော်ပြထားသည့် လူတစ်ဦးတစ်ယောက်ချင်းနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်သော၊ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသော၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အခြား ထိန်းချုပ်ပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ်များနှင့်အတူ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ဆို့လိုက်ပြီး ထိုသို့ ထိန်းချုပ်ပိတ်လိုက်သည့် ပိုင်ဆိုင်မှုများကို OFAC သို့ တင်ပြရမည်။ OFAC မှ ထုတ်ပြန်သော အထွေထွေ သို့မဟုတ် အထူးလိုင်စင်ဖြင့် တရားဝင် ခွင့်မပြုထားပါက သို့မဟုတ်လျှင် OFAC ၏ စည်းမျဉ်းများသည် အမေရိကန်ရှိ လူပုဂ္ဂိုလ်များ သို့မဟုတ် ထိန်းချုပ်ပိတ်ဆို့ရန် သတ်မှတ်ထားသော သို့မဟုတ် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွား တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်သော အမေရိကန် ပြည်ထောင်စုအတွင်း (သို့မဟုတ် အကူးအပြောင်း ပြုလုပ်ဆဲ) ဆောင်ရွက်သော လုပ်ငန်းကိစ္စရပ်များ အလုံးစုံကို ပိတ်ဆို့တားမြစ်ပါသည်။
ယနေ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းထားသော လူပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များကို https://home.treasury.gov/policy-issues/financial-sanctions/recent-actions/20210322 တွင်ကြည့်နိုင်ပါသည်။
###