အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု

U.S-ASEAN Strategic Partnership

အမေရိကန်အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု

 

အချက်အလက်များ
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၉၊ ၂၀၂၀

အမေရိကန်အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက ဂုဏ်ယူစွာဆင်နွှဲလိုက်ပါသည်။ ဤမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းမှုသည် အမေရိကန် အင်ဒိုပစိဖိတ် မဟာဗျူဟာနှင့် အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံအမြင်တို့တွင် ဖော်ပြထားသည် အာဆီယံ ဗဟိုပြုမှု၊ အချုပ်အခြာအာဏာ၊ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ စည်းမျဉ်းအခြေခံမူဘောင်များ၊ ပွင့်လင်းမှုတို့အပါအဝင် တူညီသော အခြေခံမူများအပေါ် တည်ဆောက်ထားပါသည်။

အနာဂတ် ပြည်သူ့ကျန်းမာရေးစနစ်များ အားကောင်းလာစေရေး

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးထောက်ပံ့ကူညီမှုတွင် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး ယင်းအကူအညီများထဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လက်ရှိကြုံတွေ့နေရသော COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ၏ ဒေါ်လာ ၈၇ သန်းကျော် အကူအညီပေးမှုလည်းအပါအဝင် ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေး၊ တိရိစ္ဆာန်မှ လူသို့ အနာဂတ် ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါ ဖြစ်ပွားမှုများကို အာဆီယံ၏ ကြိုတင်ကာကွယ်၊ ထောက်လှမ်းတုံ့ပြန်နိုင်စွမ်း မြှင်တင်ရေးတို့တွင် ကျွန်ုပ်တို့သည် အာဆီယံ မိတ်ဖက်နိုင်ငံများနှင့် ပခုံးချင်းအတူ ယှဉ်တွဲ ရပ်တည်လျက်ရှိပါသည်။ အမေရိကန်အာဆီယံ အနာဂတ်ကျန်းမာရေး စီမံချက်များ၏ တစ်စိတ်တစ်ဒေသအဖြစ် အောက်ပါစီမံကိန်းအသစ်များကို ကျွန်ုပ်တို့ ကြေညာအပ်ပါသည်

အာဆီယံနိုင်ငံများ၌ ဖြစ်ပေါ်လာသည့် ပြည်သူ့ကျန်းမာရေးပြဿနာများကို ဒေသတစ်ခုလုံးအနေဖြင့် တုံ့ပြန်နိုင်ပြီး နောက်ထပ်ဖြစ်လာမည့် ကမ္ဘာ့ကပ်ရောဂါများကို တားဆီးရာတွင် အကူအညီဖြစ်စေရန် လက်ရှိ အာဆီယံနိုင်ငံများ၏ အမျိုးသားအဆင့် ကျန်းမာရေးစနစ်များအကြား ပေါင်းစပ်ညှိနှိုင်းမှုသာမက အချက်အလက် ပွင့်လင်းမြင်သာမှုနှင့် ဥပဒေအရ ထိန်းကျောင်းမှုနည်းလမ်းများကိုပါ အထောက်အကူပြုသည့် ခိုင်မာသော အများပြည်သူကျန်းမာရေး ကွန်ရက်ဖြစ်သည့် အာဆီယံ ပြည်သူ့ကျန်းမာရေး အရေးပေါ် ပေါင်းစပ်ညှိနှိုင်းမှုစနစ် (ASEAN Public Health Emergency Coordination System) အတွက် စီမံကိန်းရေးဆွဲထားသော ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ထောက်ပံ့ကူညီသွားမည် ဖြစ်ပါသည်။

ကဏ္ဍပေါင်းစုံမှ ကျန်းမာရေးလုပ်သားစု အသွင်ကူးပြောင်းရေးနှင့် အာဆီယံနိုင်ငံများအနေဖြင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်ကိစ္စများအတွက် ကြိုတင်ပြင်ဆင်၊ ကာကွယ်၊ ထောက်လှမ်းပြီး တုံ့ပြန်နိုင်ရေး ကူညီရန်အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က One Health Workforce-Next Generation စီမံကိန်းတွင် ဒေါ်လာ ၁၆ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တီနိုင်ငံမှ အမေရိကန် နှီးနှောဖလှယ်ရေးအစီအစဉ်၏ ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေး ပညာတော်သင်ဟောင်း ၂၄၀ဝ ကျော်ကို စုစည်းလျက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သည် Health Futures Alumni Network ကွန်ရက်ကို ဖန်တီးခဲ့သည်။ ဤကွန်ရက်သည် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အကောင်းဆုံးအလေ့အကျင့်များကို မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) သည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် နောက်ထပ် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာရုံးကို ဖွင့်လှစ်တော့မည် ဖြစ်သည်။ COVID-19 ကို စောင့်ကြည့်ထိန်းကျောင်းသည့် ဖြစ်ရပ်အခြေခံ ထောက်လှမ်းရေးစနစ်များ (event-based surveillance systems) အတွက် ရန်ပုံငွေ ထောက်ပံ့ခြင်းဖြင့် CDC သည် ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည်။ CDC ၏ လေ့ကျင့်သင်ကြားပေးမှုဖြင့် ထိုင်းဆရာဝန်များနှင့် ဓာတ်ခွဲခန်း ကျွမ်းကျင်သူများမှာ COVID-19 စမ်းသပ်မှုအတွက် ကောင်းစွာ ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြပါသည်။

ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာန (HHS) သည် အာဆီယံ ကျန်းမာရေးကဏ္ဍနှင့် တရားဝင် ဆက်ဆံရေး တည်ဆောက်ရန် စီစဉ်ထားပြီး HHS ဝန်ကြီး အဇာ (Azar) သည် ဧပြီလအတွင်း မိတ်ဖက် အာဆီယံဝန်ကြီးများနှင့် အွန်လိုင်းမှ တွေ့ဆုံပြီးနောက် ပထမအကြိမ် လူကိုယ်တိုင် တွေ့ဆုံမည့် အာဆီယံအမေရိကန် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် မျှော်လင့်ထားပါသည်။

• USAID IMPACT MED သည် အစိုးရပုဂ္ဂလိက ဆေးပညာ မဟာမိတ်အဖွဲ့ဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ စွမ်းအားမြှင့်တင်ရေးနှင့် ပြည်သူ့ကျန်းမာရေး အန္တရာယ်များအတွက် ပိုမိုကြိုတင် ပြင်ဆင်နိုင်ရေးတို့၌ ကူညီရန် ရင်းနှီးမြှုပ်နှံမှုအသစ်များ တိုးချဲ့လျက်ရှိသည်။ ဤအစီအစဉ်သည် အမေရိကန် ဆေးဝါး နည်းပညာကုမ္ပဏီများ၊ ဟားဗတ်ဆေးတက္ကသိုလ်၊ အမေရိကန်နှင့် ဗီယက်နမ် ဆေးပညာနှင့် ဆေးဝါးဗေဒ တက္ကသိုလ် ငါးခု၊ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနနှင့် USAID တို့၏ အင်အားများကို ပေါင်းစည်းထားသည့် အစီအစဉ် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုနှင့် ဆက်နွယ်သည့် ငွေရေးကြေးရေး မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ သင်တန်းများပေးခြင်းအားဖြင့် အာဆီယံနိုင်ငံများ၏ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးကို တိုးချဲ့ကူညီလျက်ရှိသည်။ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးမှုသည်  လုံခြုံရေးကို ခြိမ်းခြောက်နေသော ပြစ်မှုဖြစ်ကာ အကျင့်ပျက်ခြစားမှုကိုအားပေးပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်ပျက်စီးစေကာ COVID-19 ကဲ့သို့ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သည့် ရောဂါများကို နိုင်ငံနယ်နိမိတ်များအား ကျော်လွန်၍ ကူးစက်ပျံ့နှံ့စေပါသည်။

လူသားအရင်းဖွံ့ဖြိုးရေးကတစ်ဆင့် ချိတ်ဆက်မှု တည်ဆောက်ခြင်း

အင်ဒိုပစိဖိတ်ဒေသသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ရှိပြီး ကမ္ဘာ့လူငယ်ဦးရေ၏ ၅၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသော ဒေသဖြစ်သည်။ သို့ဖြစ်၍ ဒေသတွင်းမှ ပြည်သူများအနေဖြင့် ကမ္ဘာ့စီးပွားရေးတွင် ပေါင်းစပ်ပါဝင်နိုင်ရေး ကျွမ်းကျင်မှုနှင့် ရင်းမြစ်များပံ့ပိုးရန်၊ ကိုယ့်အားကိုယ်ကိုးနိုင်ရေး အခြေအနေများ ဖန်တီးပေးရန်တို့မှာ အရေးကြီးပေသည်။

အမေရိကန်အစိုးရသည် အင်ဒိုပစိဖိတ်ဒေသ ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်စည်ပင်ဝပြောရေးအတွက် ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ပူးပေါင်းလုပ်ကိုင်လျက် ရှိသည်။ အစီအစဉ်များသည် ပြည်သူအချင်းချင်း အပြန်အလှန် နှီးနှောဖလှယ်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စွန့်ဦးစွန့်စား တီထွင်မှု၊ ပညာရေး၊ နည်းပညာ လေ့ကျင့်မှုတို့အပေါ် အလေးပေးထားပြီး ယုံကြည်မှု၊ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်သွယ်မှုများတွင် အခြေခံသည့် အခြားအစီအစဉ်များလည်း ပါရှိပါသည်။

Billion Futures Initiative အစီအစဉ်ကတစ်ဆင့် အမေရိကန်နှင့် အာဆီယံတို့သည် အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အစိုးရ၊ ပညာရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများမှ နှစ်ဖွဲ့ပေါင်းထားသည့် လူဦးရေ တစ်ဘီလျံ၏ အလားအလာကောင်းများကို အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင်၏ ချိတ်ဆက်မှုမဏ္ဍိုင်နှင့်အညီ ဖော်ထုတ်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းများကို အထောက်အပံ့ပေးခြင်းက ပိုမိုစည်ပင်ဝပြော၍ ဒီမိုကရေစီနည်းလမ်းပိုကျကာ အခွင့်အရေးများကို လေးစားသော ငြိမ်းချမ်းသည့် မနက်ဖန်ကို အားပေး မြှင့်တင်နိုင်မည် ဖြစ်သည်။

နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ပြည်သူ့ရေးရာမူဝါဒ၊ စွန့်ဦးစွန့်စားတီထွင်မှုဟူသော ဘာသာရပ် ခေါင်းစဉ်များအတွက် အရှေ့တောင်အာရှဒေသမှ အသက် ၂၅ နှစ်နှင့် ၄၀ အကြား အငယ်တန်းမှ အလယ် အလတ် ပညာရှင်များအား ဟိုချီမင်းစီတီးရှိ Fulbright University Vietnam YSEALI Academy အသစ်၌အမှုဆောင်အဆင့်စွမ်းရည်မြှင့်တင်မှုနှီးနှောဖလှယ်ပွဲများကျင်းပပေးနိုင်ရေးရန်ပုံငွေရရှိရန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည်အမေရိကန်ကွန်ကရက်လွှတ်တော်နှင့်ညှိနှိုင်းလျက်ရှိပါသည်။

အမေရိကန်အာဆီယံ Smart Cities Partnership အစီအစဉ်မှနေ၍ လာ့စ်ဗေးဂတ်စ်နှင့် ဖူးခက်၊ ဒါးလက်စ်နှင့် ကွာလာလမ်ပူ၊ ပေါ့တလန်နှင့် ဂျိုဟာဘာရူး၊ ဘော့စတွန်နှင့် ဖနွမ်ပင်၊ လော့စ်အိန် ဂျယ်လိစ်နှင့် ဂျကာတာ မြို့များအကြား ပို့ဆောင်ရေး စုံတွဲမြို့များကို ကြေညာတော့မည် ဖြစ်သည်။ ရေစီမံခန့်ခွဲမှုအတွက် ပူးတွဲမြို့ သုံးတွဲ ကိုလည်း ကျွန်ုပ်တို့ ကြေညာတော့မည် ဖြစ်ပါသည်။

• USAID၊ ထိပ်တန်း အမေရိကန် နည်းပညာနှင့် ပညာရေး ကုမ္ပဏီများ၊ ဗီယက်နမ်တက္ကသိုလ် ၁၁ ခုနှင့် အာရီဇိုးနား ပြည်နယ်တက္ကသိုလ်တို့အကြား တည်ဆောက်ထားသည့် BUILD-IT Alliance မဟာမိတ်အဖွဲ့သည် ကျောင်းသားများအား ၂၁ ရာစု လုပ်သားအင်အားစုအတွက် လိုအပ်သော ကျွမ်းကျင်မှုများရှိသည့် ပညာတတ်များ ဖြစ်လာစေရေးအတွက် ဗီယက်နမ် နည်းပညာနှင့် အင်ဂျင်နီယာကျောင်းများကို ကူညီလျက် ရှိသည်။

ကမ္ဘောဒီးယားလူငယ်များအား နည်းပညာဆက်နွယ်သည့် ဘွဲ့ဒီဂရီများပေးအပ်ပြီး အလုပ်အကိုင်အခွင့် အလမ်းနှင့် ချိတ်ဆက်ပေးနိုင်မည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ အားကောင်းလာစေရန်ကမ္ဘောဒီးယား၌ လုပ်သား အင်အားစုဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်နည်းပညာ မိတ်ဖက် ပူးပေါင်းမှု” (Information Technology Partnership for Workforce Development activity in Cambodia) တွင် စီမံကိန်းရေးဆွဲ၍ ကနဦးဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံရေး USAID သည် အမေရိကန် ကွန်ဂရက် လွှတ်တော်နှင့် ညှိနှိုင်းလျက် ရှိသည်။

• ASEAN Enabling Masterplan 2025- မသန်စွမ်းသူများ အခွင့်အရေးဖော်ဆောင်ရေး အကောင် အထည်ဖော်မှုကို အမေရိကန် အစိုးရက ကူညီပံ့ပိုးပေးလျက်ရှိသည်။ ဤစီမံကိန်းသည် အာဆီယံ အသိုက်အဝန်း အလွှာသုံးခုစလုံးမှ မသန်စွမ်းသူများ၏ အခွင့်အရေးကိုဖော်ဆောင်ပြီး အားလုံးပါဝင်၍ အခွင့်အရေးကို လေးစားသော လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးကူညီရန် ရေးဆွဲထားသည်။ အာဆီယံ ဒေသရှိ မသန်စွမ်းသူများ၏ ဘဝတိုးတက်ရေးအတွက် အမေရိကန်အစိုးရသည် ၁၉၈၉ ခုနှစ်မှစတင်၍ ဒေါ်လာ သန်း ၁၇၀ ကျော် ပံ့ပိုးကူညီပြီး ဖြစ်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုများ အဆင့်မြှင့်တင်ခြင်း

COVID-19 ၏ စီးပွားရေး ထိခိုက်မှုများအပေါ် အာဆီယံနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို အမေရိကန် ပြည်ထောင်စုက မျှဝေနားလည်ပါသည်။ အာဆီယံဒေသ စည်ပင်ဝပြောရေးဆောင်ရွက်ရန် လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းကပင် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နှင့် အာဆီယံအကြား ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတန်ဖိုး ဒေါ်လာ ၃၅၄ ဘီလီယံကျော် ရှိခဲ့သည်။ အာဆီယံသည် အမေရိကန်၏ စတုတ္ထအကြီးဆုံး ကုန်သွယ်မှု မိတ်ဖက်အုပ်စု ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ကြီးပွားချမ်းသာခြင်းသည် ကျွန်ုပ်တို့နိုင်ငံအားလုံး ကြွယ်ဝချမ်းသာခြင်းဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် ပိုမိုငြိမ်းချမ်းပြီး ပိုမိုလုံခြုံသော ဒေသကို ဖန်တီးပေးမည်ဟု ကျွန်ုပ်တို့ ခံယူနားလည်ထားပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အာဆီယံပြတင်းတစ်ပေါက်စနစ် ASEAN Single Window (ASW) အတွက် ကျွန်ုပ်တို့၏ ကူညီပံ့ပိုးမှုက အာဆီယံနှင့် အမေရိကန် ကုန်သွယ်မှု တိုးတက်ရေးကို သွက်လက် မြန်ဆန်စေခဲ့ပြီး အမေရိကန် အီလက်ထရောနစ် အကောက်ခွန် စာရွက်စာတမ်းစနစ်ကို ASW နှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ၎င်းတွင် ကုန်သွယ်မှုတန်ဖိုး ၁၃ ဘီလီလံခန့်အထိ ရှိနေသော အပင်များ စစ်ဆေးမှုဆိုင်ရာ အီလက်ထရောနစ် သက်သေခံလက်မှတ်များ မျှဝေရေးကိစ္စပါဝင်ပြီး ထိုသို့ မျှဝေခြင်းအားဖြင့် တစ်နှစ်လျှင် ခန့်မှန်းခြေ စာရွက်စာတမ်း ကိုးသောင်းကျော် လွှဲပြောင်းနေရမှုကို ဖယ်ရှားနိုင်သည်သာမက ယင်းနှင့်ဆက်နွယ်သည့် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည် ဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလတွင် ဘန်ကောက်၌ ဒုတိယအကြိမ် အင်ဒိုပစိဖိတ် စီးပွားရေး ဖိုရမ် (IPBF) ကို အောင်မြင်စွာ ကျင်းပပြီးသည့်နောက် ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း တတိယအကြိမ် IPBF ကို ပူးတွဲ ကျင်းပရေးအတွက် ဗီယက်နမ်နိုင်ငံနှင့် ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ IPBF သည် ဒေါ်လာသန်း ရာချီသည့် ကုမ္ပဏီ လုပ်ငန်းချိတ်ဆက်မှုများ ဆောင်ကြဉ်းပေးကာ အမေရိကန်နှင့် အာဆီယံ ပုဂ္ဂလိက ကဏ္ဍအကြား ပိုမိုအားကောင်းသည့် ချိတ်ဆက်မှုများ တည်ဆောက် ပေးမည် ဖြစ်ပါသည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဘဏ္ဍာရေး ကော်ပိုရေးရှင်း (U.S. International Development Finance Corporation) သည် အာဆီယံနိုင်ငံများရှိ စီမံကိန်းများကို ကူညီရန် ဒေါ်လာတစ်ဘီလျံကျော် ရင်းနှီး မြှုပ်နှံပြီးဖြစ်ကာ အဆိုပါ အထောက်အပံ့များနှင့် အာဆီယံအစိုးရများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းလုပ်ကိုင်မှုများကို ကြီးမားစွာ ဆက်လက် တိုးချဲ့သွားရန် ရည်ရွယ်ထားပါသည်။

အာဆီယံဒေသတွင် အမျိုးသမီးများ၏ စီးပွားရေး ရပ်တည်စွမ်းပကား မြင့်မားရေးအတွက် USAID သည် ဒေသတစ်လွှား စွန့်ဦးတီထွင်မှု ထွန်းကားရေးတွင် အမေရိကန်ကျွမ်းကျင်မှုများ ရောက်ရှိလာစေရန် ယခုနှစ်တွင် ဗီယက်နမ်အစိုးရက အွန်လိုင်းကတစ်ဆင့် စုစည်းကျင်းပမည့် ဒုတိယအကြိမ် အာဆီယံအမျိုးသမီး စီအီးအို ထိပ်သီးညီလာခံကို ကူညီပံ့ပိုးပေးလျက်ရှိသည်။

အမေရိကန်နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့တို့သည် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ၊ အာဆီယံ စီးပွားရေးပေါင်းစည်းမှုနှင့် ဥပဒေစိုးမိုးရေးတို့ကို ကူညီရန် ယူအက်စ်အေ့ဒ်အာဆီယံဒေသ ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်သဘောတူစာချုပ်အတွက် အားထုတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

• ASEAN City Leader Trade Events Network Program အစီအစဉ်၏ တစ်စိတ်တစ်ဒေသအရ အာဆီယံ မြို့ပြအရာရှိများ ခရီးသွားလာမှုကို USAID က ရန်ပုံငွေထောက်ပံ့လျက်ရှိသည်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန/အိုင်တီအေ တို့နှင့် ပူးပေါင်းအကောင်အထည်ဖော်သည့် ဤအစီအစဉ်သည် အသိပညာဖလှယ်ခြင်း၊ နည်းပညာကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့များ၊ ကုန်သွယ်မှုအဖွဲ့များစေလွှတ်ခြင်းဖြင့် စမတ်စီတီး ဖြေရှင်းမှုများကို ကူညီသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၌ အမေရိကန် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှု တိုးတက်ရေးကို သွက်လက်မြန်ဆန်အောင် ဆောင်ရွက်ပေးနေသည်။

မြန်မာ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားမိတ်ဖက်နိုင်ငံများအကြား မျှတပြီးတာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးကို သွက်လက်မြန်ဆန်စေရန်၊ ကောင်းမွန်သော ပြည်တွင်းကုမ္ပဏီ အုပ်ချုပ်မှု၊ စီးပွားရေးပွင့်လင်းမြင်သာမှု၊ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော သို့မဟုတ် မြန်မာဈေးကွက်အတွင်း ဝင်ရောက်မည့် ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရန် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု လုပ်ငန်း (RITA) တို့တွင် စီမံကိန်းဆွဲ၍ ကနဦး ဒေါ်လာ ၆.၅ သန်း ရင်းနှီးမြှုပ်နှံရေး USAID သည်အမေရိကန်ကွန်ဂရက်လွှတ်တော်နှင့်ညှိနှိုင်းလျက်ရှိသည်။

အာဆီယံနှင့် အာဆီယံ တစ်နိုင်ငံချင်းတို့၏ အာဆီယံ ဒစ်ဂျစ်တယ် ပေါင်းစည်းမှုမူဘောင် အကောင်အထည်ဖော်မှုကို တိုင်းတာရန်နှင့် အချက်အလက်မောင်းနှင်သည့် မူဝါဒများတိုးတက်အောင် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆောင်ရွက်နိုင်သည့် ကဏ္ဍများကို ဖော်ထုတ်ရန်တို့အတွက် အာဆီယံ ဒစ်ဂျစ်တယ် ပေါင်းစည်းမှု အညွှန်းကိန်းရေးဆွဲရာတွင် USAID သည် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကော်မတီအား အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၌ ကူညီပေးလျက်ရှိသည်။

၂၀ဝ၀ ပြည့်နှစ်ကတည်းကစ၍ အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်း စွမ်းအင်လိုအပ်ချက်သည် ၈၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ဒေသ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ်ပျှမ်းမျှ ၆% တိုးတက်နေပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံးတိုးတက်နေသော ဒေသများ၌ တစ်ခုအပါအဝင်ဖြစ်သည်။ အာဆီယံအတွက် ခိုင်မာသော စွမ်းအင်အနာဂတ်တစ်ခု အသေအချာဖြစ်ပေါ်လာရေးကူညီရန် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

စွမ်းအင်ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ရေး၊ အဆင့်မြင့် စွမ်းအင်စနစ်များ တိုးတက် တည်ဆောက်ချထားရေးနှင့် ပွင့်လင်းမြင်သာသော စွမ်းအင်ဝယ်ယူမှု အလေ့အထများ ကျင့်သုံးရေးအတွက် အာဆီယံတွင် ဈေးကွက်မောင်းနှင်သော စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးသို့ တိုးတက်ဖြစ်ထွန်းစေရန် Asia EDGE မှတစ်ဆင့် ကျွန်ုပ်တို့ ဆက်လက် ကြိုးပမ်းလျက်ရှိပါသည်။

အမေရိကန်အာဆီယံ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး စီမံချက်အရ စွမ်းအင်ဈေးကွက် ပေါင်းစည်းရေးအတွက် အမေရိကန်သည် အာဆီယံနှင့် မိတ်ဖက်ပူးပေါင်းမှုကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ USAID သည် နှစ်နိုင်ငံအကြားနှင့် နိုင်ငံပေါင်းစုံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်မှု တိုးတက်ရေးအတွက် လိုအပ်သည့် အပြန်အလှန်ချိတ်ဆက်မှုများ ဖော်ထုတ်ရန် အာဆီယံ အပြန် အလှန်ချိတ်ဆက်မှု မဟာစီမံချက် လေ့လာမှုသည် မကြာသေးမီက ပြီးစီးခဲ့ကာ ယင်းလေ့လာမှုကို အတည်ပြုပြီးသည်နှင့် ၎င်းမှာ နောက်ဆုံးအခြေအနေထိ ပြုပြင်ထားသော အာဆီယံ ဓာတ်အားလိုင်း ကွန်ရက် (APG) မြေပုံ၏ အခြေခံဖြစ်လာမည် ဖြစ်သည်။

ရေနံဓာတ်ငွေ့ရည် အခြေခံအဆောက်အအုံ ပေါင်းစည်းခြင်းနှင့် ဟန်ချက်ညီသော ထိန်းကျောင်းမှုနှင့် ဥပဒေ မူဘောင်များမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသည် အာဆီယံသဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်မှုကို ကူညီရန် အာဆီယံစွမ်းအင်ဆိုင်ရာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်လျက်ရှိပါသည်။

လုံခြုံသော အင်ဒိုပစိဖိတ်ဒေသအတွက် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း

အင်ဒိုပစိဖိတ်ဒေသ ရေပြင်ကို ဖြတ်၍ နှစ်စဉ် ဒေါ်လာ ၃.၅ ဘီလီယံကျော် ကုန်သွယ်လျက်ရှိသည်။ အင်ဒိုပစိဖိတ် ဒေသ ပိုမိုလုံခြုံစေရန်အလို့ငှာ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စံသတ်မှတ်ချက်များ လိုက်နာထိန်းသိမ်းရေးတို့ကို အမေရိကန် ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိပါသည်။ တောင်တရုတ် ပင်လယ်ကဲ့သို့ အဆိုပါရေပြင်များသည် သန်းနှင့်ချီသော ပြည်သူတို့၏ စားဝတ်နေရေးကို ဆောင်ကြဉ်းပေးနေသည်။ ရေကြောင်းရင်းမြစ်များ ရေရှည်ဖွံ့ဖြိုးရေးအတွက် အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းလုပ်ဆောင်လျက် ရှိကြပါသည်။

အင်ဒိုပစိဖိတ်ဒေသ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွင် စည်းကမ်းထိန်းသိမ်းမှုနှင့် ကြီးကြပ်မှုတို့ အလုံအလောက် မဆောင်ရွက်ခြင်းကြောင့် လူကုန်ကူးခြင်းကဲ့သို့ လုပ်အားခေါင်းပုံဖြတ်မှုများမှာ လုပ်ငန်းကဏ္ဍများတွင် ဖြစ်ပေါ်လျက်ရှိသည်။ အသိပညာတိုးတက်စေရေး၊ အနာဂတ် အာဆီယံအစိုးရ စီမံမှုများ၌ အလုပ်သမား အကာအကွယ်ပေးမှုများ အားကောင်းစေရန် အကြံပေးနိုင်ရေးတို့အတွက် USAID သည် အဓမ္မအလုပ်စေခိုင်းမှု၊ အရှေ့တောင်အာရှ၌ တရားမဝင်၊ သတင်းမရရှိသော အထိန်းအကွပ်မဲ့ ငါးဖမ်းလုပ်ငန်းအကြောင်း ဒေသဆိုင်ရာ လေ့လာမှုတစ်ခုကို ပံ့ပိုးကူညီခဲ့သည်။

• Maritime Domain Awareness (MDA) စနစ်တိုးတက်ရေး၊ သတင်းအချက်အလက်မျှဝေသည့် အကောင်းဆုံး အလေ့အထများ၊ ဌာနများအကြား ပူးတွဲစစ်ဆင်ရေး၊ အမေရိကန် ပို့ဆောင်ရေး ဝန်ကြီး ဌာန၏ Sea Vision အက်ပလီကေးရှင်းကိုသုံး၍ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး၊ အာကာသအခြေခံ MDA နည်းပညာ တိုးတက်မှုများ၊ နိုင်ငံအကျဉ်းချုပ်များနှင့် ဖြစ်စဉ်လေ့လာမှုများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အာဆီယံနှင့် အမေရိကန်တို့သည် ဆက်လက်အလေးထား ဆောင်ရွက်လျက် ရှိသည်။

ရေကြောင်းကဏ္ဍတွင် အကြမ်းဖက်သမားများ အသုံးချနိုင်မှုကို ကာကွယ်ရန်နှင့် ယင်းပြဿနာကို ဖြေရှင်းရန် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် နောက်ထပ်အလေ့အကျင့်ကောင်းများ အကြံပြုပေးခြင်းအားဖြင့် အကြမ်းဖက်သမားများ သွားလာမှု တားဆီးရေးဆိုင်ရာ ကောင်းသောအလေ့အထများအတွက် နယူးယောက် နားလည်မှုစာချွန်လွှာ (New York Memorandum on Good Practices for Interdicting Terrorist Travel) ၏နောက်ဆက်တွဲ ရေးဆွဲရေးတွင် အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့မိတ်ဖက်နိုင်ငံများအား ကူညီလျက် ရှိသည်။

နောက်ထပ် သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ EAP-Press@state.gov သို့ဆက်သွယ် နိုင်ပါသည် သို့မဟုတ် https://asean.usmission.gov/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

###