မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ပေးအပ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွက် ကိုဗစ်-၁၉ အကူအညီဒေါ်လာ ၅ သန်းပေးအပ်ကြောင်း အမေ

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ပေးအပ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွက် ကိုဗစ်-၁၉ အကူအညီဒေါ်လာ ၅ သန်းပေးအပ်ကြောင်း အမေရိကန်ပြည်ထောင်စုကြေညာ

 

သတင်းထုတ်ပြန်ချက်

နက်ပရိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်

သြဂုတ် ၁၀ ရက်၊ ၂၀၂၁

အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများအပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့်အကြောင်းကို ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါ ဂရင်းဖီးလ် က ထိုင်းနိုင်ငံသို့ယနေ့သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်းကြေညာခဲ့ပါသည်။ ဤအကူအညီများဖြင့် နိုင်ငံတကာနှင့်အစိုးရမဟုတ်သော မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံမှထွက်ပြေးလာရသူများ သို့မဟုတ် မြန်မာနိုင်ငံတလွှားမှ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးဝန်ဆောင်မှုအကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သည်။ အဆိုပါအကူအညီအပြင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကို ဒေါ်လာ ၅ သန်း အကူအညီပေးအပ်ကြောင်းကိုလည်း သံအမတ်ကြီး ဂရင်းဖီးလ်က ကြေညာခဲ့ပါသည်။

ယခုအကူအညီကို လူသားချင်းစာနာမှုအကူအညီလိုအပ်မှုမြင့်တက်လာနေသည့်အရေးပေါ်အချိန်တွင် ပေးအပ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရော မြန်မာနိုင်ငံမှ ပြည်သူများ၏အသက်များအပေါ် ကိုဗစ်-၁၉ ၏သက်ရောက်မှုများကိုလျှော့ချပေးရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။ ဖေ‌ဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှပြည်သူများသည် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ၎င်းတို့၏နေအိမ်များမှ ဆက်လက်စွန့်ခွာထွက်ပြေးနေရသည်။ အမေရိကန်ပြည်သူများထံမှ ယခုအကူအညီဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအတွင်းရှိ ထိခိုက်ခံစားရလွယ်ကူသည့်ပြည်သူများကို အကူအညီများပေးနိုင်မည်ဖြစ်ပြီး မြန်မာပြည်သူ ၇၀၀,၀၀၀ ကျော်အတွက်အကျိုးရှိစေမည်ဖြစ်ကာ လူ့အသက်ကယ်ဆယ်စောင့်ရှောက်ရေးအကူအညီအတွက်လည်းကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

ယနေ့ကြေညာလိုက်သည့် ထိုင်းနိုင်ငံအတွက် ကိုဗစ်-၁၉ ထပ်တိုးအကူအညီသည် ကျန်းမာရေးလုပ်သားများ ကာကွယ်ဆေးထိုးနှံရေး စီမံအုပ်ချုပ်မှုအတွက်အထောက်အကူပြုမည်ဖြစ်ပြီး အများဆုံးထိခိုက်ခံရလွယ်သည့် ပြည်သူများထံသို့ ကာကွယ်ဆေးထောက်ပံ့မှု သေသေချာချာရောက်ရှိစေရေး လုပ်ဆောင်ရာတွင် ပိုမိုအားကောင်းစေမည်ဖြစ်ပါသည်။

မြန်မာပြည်သူများလိုအပ်နေသည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကို ရက်ရောစွာ ကူညီပံ့ပိုးကြရန်လည်း အခြားသောအလှူရှင်များကို မိမိတို့တိုက်တွန်းပါသည်။ ကိုဗစ်-၁၉ တိုက်ဖျက်မှု ပိုမိုဆောင်ရွက်နိုင်ရေးနှင့် ထိုင်းနိုင်ငံနှင့်ကမ္ဘာတစ်ဝန်း ကပ်ရောဂါအဆုံးသတ်‌ရေး လုပ်ဆောင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မိမိတို့နှင့်အတူလက်တွဲဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းပါသည်။