သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်
၂၀၂၂ မတ် ၂၅ ရက်
အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များမှ မြန်မာစစ်အာဏာရှင်အဖွဲ့ကို ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်
၂၀၂၁ တပ်မတော်နေ့တွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့် မြန်မာ့တပ်မတော်၏ ဆိုးဝါးသောအကြမ်းဖက်လုပ်ရပ် တစ်နှစ်ပြည့်ခါနီးအချိန်တွင် မြန်မာပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့သည့် စစ်အာဏာရှင်အဖွဲ့ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား ငါးဦးနှင့် လုပ်ငန်း/အဖွဲ့အစည်း ငါးခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူပြီးသည်မှ စ၍ စစ်အာဏာရှင်အဖွဲ့သည် အကြမ်းဖက်ဖြိုခွင်းမှုများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လာခဲ့ပြီး အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သည့် ဝန်ထမ်းများအပါအဝင် လူပေါင်း ၁,၇၀၀ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။ စစ်အာဏာရှင်အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့များသည် လူပေါင်း ၁၃,၀၀၀ ကျော်ကို ဖမ်းဆီးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်အစိုးရအဖွဲ့မှ အခြားသောခေါင်းဆောင်များကို ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို သေစေနိုင်လောက်သည့်အင်အားများသုံး၍ ဖြိုခွင်းမှုများပြုလုပ်ခဲ့ကြပါသည်။
အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်း နှင့် ကိုကိုဦးတို့ကို ယနေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ OFAC သည် ဒီဇင်ဘာလအတွင်း “ခရစ္စမတ်အကြိုနေ့ အစုအပြုံလိုက်လူသတ်မှု”နှင့် ပတ်သတ်ဆက်နွယ်လျက်ရှိသည့် တမခ(၆၆)ကိုလည်း မြန်မာနိုင်ငံတွင် ပြည်သူများကို မတရားဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ယူမှုရှိစေရန် စာရင်းသွင်းခဲ့ပါသည်။ ထို့အပြင် မြန်မာစီးပွားရေးခေါင်းဆောင်များပိုင်ဆိုင်သည့် Myanmar Chemical & Machinery Company Limited (MC&M)၊ International Gateways Groups of Company Limited (IGG)၊ Htoo Group of Companies (Htoo Group) နှင့် the Asian Green Development Bank (AGDB)တို့ကိုလည်း အဆိုပါစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ဤအရေးယူသတ်မှတ်မှုများသည် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။ ယခုအရေးယူသတ်မှတ်မှုအပြီးတွင် အမေရိကန်အစိုးရသည် လုပ်ငန်း/အဖွဲ့အစည်း ၂၇ ခု နှင့် လူပုဂ္ဂိုလ် ၇၀ ကို ၄င်းတို့ ဆောင်ရွက်ပြုမူခဲ့သည့်အတိုင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီ ဖြစ်သည်။
လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ်တွင် ကျူးလွန်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု၏ သတ်မှတ်ချက်ကို မကြာသေးမီကပင် မိမိ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အခြားသော လူနည်းစု တိုင်းရင်းသားများနှင့် ဘာသာခြားအသိုက်အဝန်းများအပေါ်တွင်လည်း ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ကြမ်းကြုတ်ရက်စက်မှုများ ကျူးလွန်နေခြင်းတို့ကိုလည်း မိမိတို့ သိရှိပါသည်။ အဆိုပါ စစ်တပ်အရာရှိများစွာတို့သည် ယခုလက်ရှိတွင် အာဏာကို ချုပ်ကိုင်ထားသူများဖြစ်ပါသည်။ အာဏာသိမ်းယူပြီးသည့်အချိန်မှစတင်ပြီး စစ်အာဏာရှင်အဖွဲ့သည် ၄င်း၏ အာဏာခိုင်မြဲစေရန်အလို့ငှာ မည်သည့် တိုင်းရင်းသား၊ မည်သည့်ဘာသာဝင် ဖြစ်စေ၊ ကျား/မ မရွေး၊ အသက်အရွယ်မရွေး မည်သူ့ကိုမဆို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ပြသလျက်ရှိပါသည်။
စစ်အာဏာရှင်အဖွဲ့၏ ပိုမိုအရှိန်မြှင့်လာသော အကြမ်းဖက်မှုများကို တုံ့ပြန်ရန်၊ မြန်မာပြည်သူများအတွက် မိမိတို့၏ ခိုင်မာသော အားပေးထောက်ခံမှုကို ပြသရန် နှင့် စစ်အာဏာရှင်အဖွဲ့ ကျူးလွန်ခဲ့သည့် အာဏာသိမ်းယူမှုနှင့် အကြမ်းဖက်မှုတို့နှင့် စပ်လျဉ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်တို့အတွက် ယခုကဲ့သို့ အရေးယူမှုများကို ယနေ့တွင် ပြုလုပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်မှုများကို ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသည့်တိုင် စစ်အာဏာရှင်အဖွဲ့အား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
အကြမ်းဖက်နှိပ်ကွပ်မှုများနှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် ၎င်းတို့၏သက်ဆိုင်ရာ ဒဏ်ခတ်အရေးယူမှုအစီအစဉ်များကတစ်ဆင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကိုပစ်မှတ်ထား၍ ယနေ့တစ်ပြိုင်တည်းပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူကြသော ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါနိုင်ငံတို့ကိုလည်းကျေးဇူးတင်အသိအမှတ်ပြုပါသည်။
ယနေ့ အရေးယူမှုများအကြောင်း အသေးစိတ် သိရှိလိုပါက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကို ကြည့်ပါ – https://go.usa.gov/xz7Vk