အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
မတ် ၃၁၊ ၂၀၂၀
COVID-19 ကမ္ဘာ့ကပ်ဘေး တိုက်ဖျက်ရေး အာဆီယံသို့ အမေရိကန်ပြည်ထောင်စု၏ အကူအညီ
COVID-19 ရောဂါကို တုံ့ပြန်ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဦးဆောင်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး၌ အာဆီယံမိတ်ဖက် နိုင်ငံများသို့ အကူအညီများ လျင်မြန်စွာပေးအပ်လျက်ရှိပါသည်။ ကပ်ဘေးဆိုက်ရောက်သည့် အချိန်ကတည်းကစ၍ အမေရိကန်အစိုးရသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပေါ် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၈.၃ သန်းခန့် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်အထိ အဓိက လိုအပ်သောနိုင်ငံများ သို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကနဦး အရေးပေါ် ထည့်ဝင်ကူညီမှုဒေါ်လာ ၂၇၄ သန်း ပေးအပ်ခဲ့ရာ၌ အများစုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကဲ့သို့ နိုင်ငံစုံအဖွဲ့များသို့ ထည့်ဝင်ကူညီခဲ့ခြင်း ဖြစ်သည်။
ယနေ့အထိ စုစုပေါင်းအကူအညီမှာ USAID ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် သီးသန့် ရန်ပုံငွေမှ ဒေါ်လာသန်း ၁၀၀ ခန့်ရှိသော အရေးပေါ် ကျန်းမာရေးအကူအညီနှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအကူအညီစာရင်းမှ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ သန်း ၁၁၀ တို့ဖြစ်ပြီး ကမ္ဘာ့ကပ်ဘေးကြီး၏ အန္တရာယ်ထိခိုက်နိုင်ချေ အများဆုံးနိုင်ငံ ၆၄ နိုင်ငံအထိ ပေးအပ်ရန် ဖြစ်ပါသည်။ အစိုးရ၏ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းခြင်းဆိုင်ရာ ဌာနမှတစ်ဆင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ကမ္ဘာ့ထိခိုက်နိုင်ချေအများဆုံးလူသား အချို့အတွက် လက်ရှိ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို ကူညီရန် ဒေါ်လာ ၆၄ သန်း အကူအညီကို လက်ခံရရှိမည် ဖြစ်သည်။
COVID-19 တိုက်ဖျက်ရေး အာဆီယံအတွက် ရန်ပုံငွေ အကူအညီအသစ်များ
COVID-19 အတွက် အာဆီယံနိုင်ငံများသို့ အမေရိကန်၏ အကူအညီမှာ အောက်ပါရည်မှန်းချက်များကို အထောက်အကူပြုရန် ဖြစ်သည် –
- COVID-19 ရောဂါကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ ကြိုတင်ပြင်ဆင်ရန်
- ကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ရန်
- ဘေးဖြစ်နိုင်ချေဆိုင်ရာ အချက်အလက်များ ဆက်သွယ်ဆောင်ရွက်ရန်
- နယ်စပ်ဝင်ပေါက်များတွင် ပြည်သူ့ကျန်းမာရေးအရေးပေါ် စီမံချက်များ အကောင်အထည်ဖော်ရန်
- တုပ်ကွေးနှင့်တူသော ရောဂါအတွက် ရောဂါဖြစ်ပွားမှုရှာဖွေခြင်း၊ ဖြစ်ပွားမှုအခြေခံ စောင့်ကြည့်ခြင်း လုပ်ငန်းတို့ အသက်သွင်းအကောင်အထည်ဖော်ရန်
- စုံစမ်းဖော်ထုတ်ရေးနှင့် ထိတွေ့သူများအား ခြေရာခံရာတွင် လျှင်မြန်စွာ တုံ့ပြန်မည့်သူများကို လေ့ကျင့်ပေး၍ ကိရိယာများ တပ်ဆင်ပေးရန်
- ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးပစ္စည်းများ ဖြည့်စွက် မွမ်းမံပေးအပ်ရန်
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID နှင့် အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) တို့အပါအဝင် အမေရိကန် အစိုးရဌာနများသည် COVID-19 အထူး ဖြစ်ပွားသည့်နေရာများ၊ ထိခိုက်နိုင်ချေများမှုများအပေါ် အခြေခံ၍ ရန်ပုံငွေကို ခွဲဝေပေးရန် နီးနီးကပ်ကပ် ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်လျက်ရှိကြသည်။ အမေရိကန်ပြည်ထောင်စုသည် အကူအညီများ ဖြည့်စွက် ကူညီပေးရန်၊ အကူအညီပေးသည့်အရာများ ထပ်နေခြင်းမရှိစေရန် အခြားအလှူရှင်များနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိသည်။
အာဆီယံ ပြည်သူ့ကျန်းမာရေးအတွက် အမေရိကန်၏ အဓိက ကူညီမှုများ
ယခု အရေးပေါ်အကူအညီသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ အမေရိကန်က ပေးအပ်ခဲ့သည့် ပြည်သူ့ကျန်းမာရေးအကူအညီ ဒေါ်လာ ၃.၅ ဘီလီယံအပြင် အပိုထပ်ဆောင်း အကူအညီ ဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသ အပါအဝင် ကမ္ဘာ့ပင်လယ်ရပ်ခြားဒေသများသို့ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၉.၅ ဘီလီယံကျော် ပြည်သူ့ကျန်းမာရေးအကူအညီ ခွဲဝေပေးအပ်ခဲ့သည့် အမေရိကန်ပြည်ထောင်စု သည် ပြည်သူ့ကျန်းမာရေး အကူအညီကဏ္ဍ၌ ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါအကူအညီများတွင် ကပ်ဘေးအန္တရာယ် တိုက်ဖျက်ရေး၊ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ တီဘီအဆုတ်နာ ရောဂါတိုက်ဖျက်ရေးနှင့် အခြားကျန်းမာရေးလိုအပ်ချက်များအတွက် ကူညီမှုများပါဝင်ပါသည်။ ၂၀၀၉ ခုနှစ် ကတည်းက အမေရိကန် အခွန်ထမ်းပြည်သူများသည် ကမ္ဘာတစ်လွှားနိုင်ငံများသို့ ကျန်းမာရေး အကူအညီ ဒေါ်လာ ၁၀၀ ဘီလီယံကျော်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၇၀ ဘီလီယံကျော် ရက်ရက်ရောရော ပါဝင်ထည့်ဝင်ကူညီခဲ့ကြပြီး ဖြစ်ပါသည်။ အမေရိကန်ပြည်ထာင်စုသည် မိတ်ဖက်များနှင့် ပူးပေါင်း၍ ကျန်းမာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ ပြန်လည်ဖြစ်ပွားနေသည့် အကျပ်အတည်းများ ရင်ဆိုင်ရာ၌ အရေးပေါ်တုံ့ပြန်ရေးတို့တွင် တစ်ခုတည်း သော ကမ္ဘာ့အကြီးမားဆုံး အလှူရှင်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ အမေရိကန်တို့ကူညီခဲ့သည့် ငွေကြေးဖြင့်လူ့အသက်များကို ကယ်တင်နိုင်ခဲ့သလို ရောဂါထိခိုက်နိုင်ချေ အများဆုံးသော ပြည်သူများကိုလည်း ကာကွယ်ပေးနိုင်ခဲ့ကာ ကျန်းမာရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ လူ့အသိုက်အဝန်းများ၊ နိုင်ငံများတည်ငြိမ်ရေးကို မြှင်တင်ပေးခြင်းတို့ကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အာဆီယံနိုင်ငံများအတွက် အမေရိကန်ပြည်ထောင်စု၏ COVID-19 အရေးပေါ် အကူအညီ (နိုင်ငံအလိုက်၊ မတ် ၂၆ ရက် အထိ)
အမေရိကန်ပြည်ထောင်စုသည် အာဆီယံနိုင်ငံများသို့ ကနဦးအနေဖြင့် နည်းပညာနှင့် ငွေကြေးအကူအညီ ဒေါ်လာ ၁၈.၃ သန်း ပေးအပ်မည်ဖြစ်သည်။ အဆိုပါ အကူအညီအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဘရူနိုင်း
- အမေရိကန် ပြည်တွင်းလိုအပ်ချက် ပြည့်မီပြီးသည့်အခါ ဘရူနိုင်းနိုင်ငံ၏ မေတ္တာရပ်ခံချက်ဖြစ်သော အသက်ရှူစက်များ၊ တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများ (PPE) ပးအပ်နိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကုမ္ပဏီများသို့ အကြောင်းကြားခဲ့ပါသည်။
ကမ္ဘောဒီးယား
- ကမ္ဘောဒီးယားအစိုးရ၏ ဓာတ်ခွဲခန်းစနစ် ပြင်ဆင်ရေး၊ ရောဂါဖြစ်ပွားသူ ရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက် စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့် ကြိုတင်ပြင်ဆင်မှုအတွက် နည်းပညာကျွမ်း ကျင်သူများ ပံ့ပိုးခြင်းစသည်တို့အတွက် ကျန်းမာရေးအကူအညီဒေါ်လာ နှစ်သန်းခန့် ပေးအပ်သွားမည်ဖြစ်သည်။
- CDC သည် ထိတွေ့မှု ခြေရာခံကုသရေးစီမံမှု၊ ဓာတ်ခွဲစမ်းသပ်မှု၊ စောင့်ကြည့်မှုနှင့် ကူးစက်မှုထိန်းချုပ်ရေးတို့တွင် ကမ္ဘောဒီးယားနိုင်ငံကို အကူအညီပေးလျက်ရှိသည်။
- အမေရိကန် အမျိုးသားကျန်းမာရေးတက္ကသိုလ် (NIH) ကူးစက်ရောဂါ ဆရာဝန်ကြီးတစ်ဦးက ကုသရေး ဆိုင်ရာ တိုင်ပင်မှု၊ ဖနွမ်းပင် တော်ဝင်ဆေးရုံ (ကမ္ဘောဒီးယား၏ သတ်မှတ်ရောဂါ ကုသရေးဆေးရုံ) အတွက် ကုသရေးလမ်းညွှန်ရေးဆွဲမှုတို့တွင် အကူအညီပေးအပ်လျက်ရှိသည်။
- အမေရိကန် ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် လွန်ခဲ့သော နှစ် ၂၀ အတွင်း ကျန်းမာရေးအကူအညီ ဒေါ်လာ သန်း ၇၃၀ ကျော် နှင့် စုစုပေါင်း အကူအညီ ဒေါ်လာ ၁.၆ ဘီလီယံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
အင်ဒိုနီးရှား
- ဒေါ်လာ ၂.၃ သန်း ကျန်းမာရေးအကူအညီက အင်ဒိုနီးရှားအစိုးရ၏ ဓာတ်ခွဲခန်းစနစ် ကြိုတင် ပြင်ဆင် ရေး၊ ရောဂါဖြစ်ပွားသူရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက်စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့် ကြိုတင်ပြင်ဆင်မှုအတွက် နည်းပညာကျွမ်းကျင်သူများ ပံ့ပိုးခြင်းစသည်တို့အတွက် အထောက်အကူပြု သွားမည် ဖြစ်သည်။
- CDC သည် အင်ဒိုနီးရှားကျန်းမာရေးအရာရှိများကို နည်းပညာအကူအညီ ပေးအပ်လျက်ရှိသည်။ ဘန်ကောက်အခြေစိုက် အမေရိကန် တပ်ဖွဲံဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့ ဆေးသုတေသန တက္ကသိုလ် (AFRIMS) က မတ်လအတွင်း နောက်ထပ်စမ်းသပ်မှု ၅၀၀ အတွက် ဓာတ်ကူပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။
- လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုသည် ကျန်းမာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံကျော်နှင့် စုစုပေါင်းအကူအညီ ဒေါ်လာ ငါးဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်သည်။
လာအို
- ဒေါ်လာ နှဟ်သန်းခန့် ကျန်းမာရေးအကူအညီက လာအိုအစိုးရ၏ ဓာတ်ခွဲခန်းစနစ် ပြင်ဆင်ရေး၊ ရောဂါ ဖြစ်ပွားသူရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက် စောင့်ကြည့်ရေးစနစ်အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့်ကြိုတင် ပြင်ဆင်မှုအတွက် နည်းပညာကျွမ်းကျင်သူများ ပံ့ပိုးခြင်းစသည်တို့အတွက် အထောက်အကူပြု သွားမည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန (DOD) သည် နောက်ထပ်စမ်းသပ်ကိရိယာများ ပံ့ပိုးပေးရန် ဆောင်ရွက်လျက်ရှိသည်။
- CDC ပညာရှင် ခြောက်ဦးသည် လာအိုသို့ သွားရောက်ကာ ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာ၊ စာင့်ကြည့်မှုနှင့် ဓာတ်ခွဲခန်းသင်တန်းများ အကူအညီပေးခဲ့သည်။
- CDC နှင့် DOD သည် COVID-19 ထိန်းချုပ်ရေးအတွက် မတ်လအတွင်း လာအိုအစိုးရ မိတ်ဖက်များနှင့်အတူ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုတွင် တာဝန်ပေးအပ်ခြင်းခံရမည့် အဓိကပုဂ္ဂိုလ်များ ပါဝင်သော လက်တွေ့နှင့် ပုံစံတူစမ်းသပ်လေ့ကျင့်မှုများ ဦးစီးဆောင်ရွက်ခဲ့သည်။ ၎င်းတွင် ဝက်တေး (Wattay) အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မတ် ၁၉-၂၀ တွင် COVID-19 အဆင်သင့်ဖြစ်မှုနှင့် တုံ့ပြန်မှုဆိုင်ရာ ပုံစံတူ နမူနာ စမ်းသပ်လေ့ကျင့်မှုလည်းပါဝင်သည်။
- ဆောင်ရွက်ဆဲ အမေရိကန်ကာကွယ်ရေး အန္တရာယ်လျှော့ချရေးဌာန (DTRA) အကူအညီနှင့် သင်တန်း၊ အထူးသဖြင့် ဇီဝအန္တရာယ် လျှော့ချရေးအစီအစဉ်က COVID-19 ရောဂါကို ကျွမ်းကျင်စွာ စမ်းသပ်နိုင် စေရေးအတွက် လာအိုကျန်းမာရေးဝန်ကြီးဌာန၏ စွမ်းရည်ကို အထောက်အကူပြုမည်ဖြစ်သည်။
- အမေရိကန်ပြည်ထောင်စုသည် လာအို၌ နှစ် ၂၀ အတွင်း ကျန်းမာရေးကဏ္ဍတွင် ဒေါ်လာ ၉၂ သန်းခန့်နှင့် စုစုပေါင်း ဒေါ်လာ ၃၄၈ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။
မလေးရှား
- အမေရိကန်ပြည်တွင်း လိုအပ်ချက် ပြည့်မီပြီးနောက် မလေးရှားအစိုးရသို့ အသက်ရှူစက် (Ventilators) နှင့် PPE များ ပံ့ပိုးနိုင်မည့် အမေရိကန်ကုမ္ပဏီများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှာဖွေလျက် ရှိသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပဋိပစ္စည်းစမ်းသပ်မှုနှင့် ကာကွယ်ဆေးဖော်ထုတ်မှု သင်တန်းအတွက် မလေးရှား ဆေးသုတေသနတက္ကသိုလ်နှင့် ချိတ်ဆက်မည့် သင့်တော်သော ကုမ္ပဏီများ၊ ဌာနများကို ရှာဖွေလျက် ရှိသည်။
မြန်မာ
- ရေနှင့် သန့်ရှင်းမှုအကူအညီ၊ COVID-19 ရောဂါဖြစ်ပွားမှု စီမံရေး၊ ဖြစ်ပွားမှုအခြေခံစောင့်ကြည့်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေး စသည်တို့အတွက် ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၃.၈ သန်းခန့် ပေးအပ်သွားမည် ဖြစ်သည်။
- CDC သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ဆိုင်ရာ နိုင်ငံတစ်ဝန်း အွန်လိုင်းမှလမ်းညွှန်ချက်ပေးမှုလုပ်ငန်း စတင်နိုင်ရန် ကူညီခဲ့သည်။ ယင်းအစီအစဉ်အရ နိုင်ငံတစ်ဝန်းနေရာ ၁၀၀ ကျော်၌ ပြည်သူ့ကျန်းမာရေးရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများသို့ ရောဂါဖြစ်ပွားမှုဆိုင်ရာ တိကျသောသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးအပ်သွားမည် ဖြစ်သည်။
- CDC သည် မြန်မာ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းတို့သို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာ၊ စောင့်ကြည့်ခြင်းနှင့် ဓာတ်ခွဲခန်းမှ ရောဂါဖော်ထုတ်ခြင်းဆိုင်ရာ နည်းပညာအကူအညီများ ပေးအပ်လျက်ရှိပြီး နည်းပညာတိုင်ပင် ဆွေးနွေးပွဲ နှစ်ကြိမ် စုစည်းကျင်းပပေးခဲ့သည်။
- အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၌ လွန်ခဲ့သော နှစ် ၂၀ အတွင်း ကျန်းမာရေးကဏ္ဍ၌ ဒေါ်လာ ၁၇၆ သန်းကျော်နှင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။
ဖိလစ်ပိုင်
- ဒေါ်လာ လေးသန်းခန့်ရှိသော ကျန်းမာရေးအကူအညီသည် ဖိလစ်ပိုင်အစိုးရ၏ ဓာတ်ခွဲခန်းစနစ် ပြင်ဆင် ရေး၊ ရောဂါဖြစ်ပွားသူ ရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက် စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့် ကြိုတင်ပြင်ဆင်မှုအတွက် နည်းပညာကျွမ်းကျင်သူများ ပံ့ပိုးခြင်း၊ ဘေးဖြစ်နိုင်ချေ ဆက်သွယ်ရေး၊ ကူးစက်မှုဟန့်တားရေးနှင့် ထိန်းချုပ်ရေး စသည်တို့အတွက် အထောက်အကူပြုသွားမည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်နိုင်ငံတွင် လွန်ခဲ့သော နှစ် ၂၀ အတွင်း ကျန်းမာရေးကဏ္ဍ တစ်ခုတည်း၌ ဒေါ်လာ ၅၈၂ သန်းနှင့် စုစုပေါင်းဒေါ်လာ ၄.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။
- ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေးအန္တရာယ် လျှော့ချရေးဌာန (DTRA) က ပြည်တွင်းမှ ဝယ်ယူ ထားသော PPE၊ သင်တန်း၊ လေ့ကျင့်မှု၊ ဓာတ်ခွဲခန်းကိရိယာများနှင့် ပစ္စည်းများ ပံ့ပိုးကူညီခဲ့သည်။
ထိုင်း
- ဒေါ်လာ ၁.၂ သန်းခန့်ရှိသော ကျန်းမာရေးအကူအညီသည် ထိုင်းအစိုးရ၏ ဓာတ်ခွဲခန်းစနစ် ပြင်ဆင်ရေး၊ ရောဂါဖြစ်ပွားသူရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက်စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့် ကြိုတင်ပြင်ဆင်မှုအတွက် နည်းပညာကျွမ်းကျင်သူများပံ့ပိုးခြင်း၊ ဘေးဖြစ်နိုင်ချေ ဆက်သွယ်ရေး၊ ကူးစက်မှုဟန့်တားရေးနှင့် ထိန်းချုပ်ရေးစသည်တို့အတွက် အထောက်အကူပြုသွားမည် ဖြစ်သည်။
- အမေရိကန်ပြည်ထောင်စုရှိ CDC သည် ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ ယင်း၏ ထိုင်းပြည်တွင်း အဖွဲ့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ဝူဟန်မှ ပြန်လာသော ထိုင်းလူမျိုးလူနာများ စစ်ဆေးရာတွင် ဓာတ်ခွဲခန်း အထောက်အပံ့ အကူအညီများ ပေးအပ်ခဲ့သည်။
- CDC သည် ဘေးဖြစ်နိုင်ချေ ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ စာရွက်စာတမ်းများဘာသာပြန်ခြင်း၊ ဆေးပညာမဟုတ်သော အများပြည်သူ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ဝင်ရောက်သည့် ဆိပ်ကမ်းများ၌ စစ်ဆေးသည့် လုပ်ငန်းစဉ်များဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ခဲ့သည်။
- ကာကွယ်ရေးဝန်ကြီးဌာန၊ DTRA သည် ရောဂါရှာဖွေဖော်ထုတ်ရန် မျိုးရိုးဗီဇ အစဉ်ဖော်စက် (sequencer)၊ စောင့်ကြည့်ထောက်လှမ်းမှုနှင့် ပြည်တွင်းမှ ဝယ်ယူသည့် PPE များ ကူညီခဲ့သည်။
- အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ကျန်းမာရေးအကူအညီ ဒေါ်လာ ၂၁၃ သန်းနှင့် စုစုပေါင်းအကူအညီ ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ကူညီပြီး ဖြစ်သည်။
ဗီယက်နမ်
- ဒေါ်လာ သုံးသန်းခန့်ရှိသော ကျန်းမာရေးအကူအညီသည် ဗီယက်နမ်အစိုးရ၏ ဓာတ်ခွဲခန်းစနစ် ပြင်ဆင်ရေး၊ ရောဂါဖြစ်ပွားသူ ရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက် စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနှင့် ကြိုတင်ပြင်ဆင်မှုအတွက် နည်းပညာကျွမ်းကျင်သူများပံ့ပိုးခြင်း၊ ဘေးဖြစ်နိုင်ချေဆက်သွယ်ရေး၊ ကူးစက်မှုဟန့်တားရေးနှင့် ထိန်းချုပ်ရေးစသည်တို့အတွက် အထောက်အကူပြုသွားမည် ဖြစ်သည်။
- CDC သည် WHO နှင့် ပူးပေါင်း၍ ဆေးရုံ ၁၅ ရုံတွင် သင်တန်းပေးကာ COVID-19 စာင့်ကြည့်ရေး၊ သတင်းပို့ရေး၊ နမူနာကောက်ယူရေးအတွက် ပြည်နယ် ၆၃ ခုတွင် သင်တန်းပေးခဲ့ပြီး COVID-19 ရောဂါအတွက် အမျိုးသားကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်ရေးဆွဲရာတွင် ဗီယက်နမ်ကို အကူအညီပေးလျက်ရှိသည်။
- ဗီယက်နမ်အစိုးရက COVID-19 စမ်းသပ်မှု ဓာတ်ကူပစ္စည်းများထောက်ပံ့ရန် မေတ္တာရပ်ခံခဲ့ပြီး ဗီယက်နမ်ပြည်တွင်းမှ ဝယ်ယူနိုင်ရေးကို DTRA နှင့် လက်ရှိ ညှိနှိုင်းလျက်ရှိသည်။
- လွန်ခဲ့သော နှစ် ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်တွင် ကျန်းမာရေးကဏ္ဍ အကူအညီ ဒေါ်လာ ၇၀၆ သန်းကျော်နှင့် စုစုပေါင်းဒေါ်လာ ၁.၈ ဘီလီယံကျော် အကူအညီပေးခဲ့ပြီး ဖြစ်သည်။
အာဆီယံဒေသတစ်ခုလုံး – အမေရိကန် ပညာတော်သင် နှီးနှောဖလှယ်ရေး အစီအစဉ်များက အရှေ့တောင်အာရှ နိုင်ငံအသီးသီး၌ COVID-19 ရောဂါတိုက်ဖျက်ရေးကို ဦးဆောင်နေသော ဆေးပညာရှင်များ၏ ကျွမ်းကျင်မှုကို တိုးတက်မြှင့်တင်ပေးလျက်ရှိသည်။ အာဆီယံနိုင်ငံများမှ ဆရာဝန် ၁၄၀၀ ကျော်သည် အမေရိကန် တက္ကသိုလ်များ၊ ကျောင်းများ၌ ပညာရှင်များအဖြစ် လာရောက်သင်ကြားခဲ့၊ သင်ကြားလျက်ရှိသည်။ အခြား အရှေ့တောင်အာရှ ဆေးဘက်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်း ၁၀၀၀ သည်လည်း သက်ဆိုင်ရာပညာရပ် အသီးသီး၌ အမေရိကန်အထောက်အပံ့ဖြင့် အပြန်အလှန် ဖလှယ်သင်ကြားရေးအစီအစဉ် ကျောင်းသား ဟောင်းများ ဖြစ်ကြသည်။
ဒေသတစ်ခုလုံးတွင်အမေရိကန်ပြည်ထောင်စုသည် ကပ်ရောဂါတိုက်ဖျက်ရေး အာဆီယံနိုင်ငံများ၏ သုတေသနလုပ်ငန်းများတွင် NIH မှတစ်ဆင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်း များ၌ ကုသရေး၊ ကာကွယ်ဆေးနှင့်ဆေးပညာ တန်ပြန်ဆောင်ရွက်မှု နည်းလမ်းများအပါအဝင်ဖြစ်သည်။ ဥပမာ အာဆီယံမိတ်ဖက်များနှင့် ငှက်ဖျားကုသရေး၊ ကာကွယ်ရေး NIH လုပ်ငန်း၊ လင်းနို့ ကိုရိုနာဗိုင်းရပ်စ် သွယ်ဝိုက်သက်ရောက်မှု ဖြစ်ရပ်များနှင့် ပြည်သူ့ကျန်းမာရေးအကျိုးရှိမည့် အခြားသုတေသန လုပ်ငန်းများ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ကပ်ရောဂါဖြစ်ပွားမှုအတွက် ကြိုတင်ပြင်ဆင်ရန် အာဆီယံနိုင်ငံများ၏ စွမ်းရည်မြှင့်တင်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ်နိုင်စွမ်း တိုးမြှင့်ရေးတို့အတွက် ဒေသဆိုင်ရာ အစီအစဉ်များ ကို USAID နှင့် CDC တို့မှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့တွင် အောက်ပါလုပ်ငန်းများ ပါဝင်သည်-
- အဆင့်မြင့် ဇီဝလုံခြုံမှု ဓာတ်ခွဲခန်းလုပ်ငန်းခွင် (Cabinet) များ အသိအမှတ်ပြုခြင်းအားဖြင့် CDC သည် အာဆီယံတစ်လွှား ဓာတ်ခွဲခန်းဘေးကင်းမှုနှင့် ဇီဝလုံခြုံမှု တိုးတက်ရေး ဆောင်ရွက်ချက်များ
- ၂၀၁၉ နိုဝင်ဘာတွင် ကျင်းပသော မဲခေါင်နိုင်ငံများ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်း) အတွက် တိုးတက်ဖြစ်ပေါ်နေသော တုပ်ကွေးနှိမ်နှင်းရေး နည်းလမ်းဆိုင်ရာ CDC သင်တန်း
- အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်းအပါအဝင် အာဆီယံနိုင်ငံများအတွက် One Health Workforce – Next Generation စီမံကိန်းမှတစ်ဆင့် USAID ၏ ရေရှည်အကူအညီဖြင့် ကြီးမားသော ကမ္ဘာ့ကပ်ဘေးအန္တရာယ် မရင်ဆိုင်ရမီ ကြိုတင်ပြင်ဆင်ရေး၊ တားဆီးရေး၊ ထောက်လှမ်းဖော်ထုတ်ရေး နှင့် အများပြည်သူ အရေးပေါ်ကျန်းမာရေးအတွက် တုံ့ပြန်ရေးတို့ကို အကူအညီပေးလျက်ရှိသည်။ စီမံကိန်းသည် ကျန်းမာရေးလုပ်သားထုနှင့် တက္ကသိုလ် ပြည်သူ့ကျန်းမာရေး သင်ရိုးညွှန်းတမ်းများ ပြုပြင် ပြောင်းလဲရန် ရည်ရွယ်သည်။ ၂၀၁၄ ခုနှစ်ကတည်းက ကျောင်းသားနှင့် ပညာရှင် တစ်သောင်း ကျော်သည် အရှေ့တောင်အာရှ ကျန်းမာရေးတက္ကသိုလ် ကွန်ရက် Southeast Asia One Health University Network (SEAOHUN) မှ တစ်ဆင့် ကူးစက်ရောဂါဆိုင်ရာ ဘာသာရပ်ခေါင်းစဉ်များကို လေ့ကျင့်သင်ကြားခဲ့ပြီး ဖြစ်သည်။
- ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ USAID သည် ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း (RPHL) ကွန်ရက်ကို တည်ဆောက်ကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှ စတင်၍ အာဆီယံတစ်ခုလုံးတွင် ဖြစ်ပေါ်လာသော ကူးစက်ရောဂါများဆိုင်ရာ သတင်းအချက်အလက်နှင့် ရင်းမြစ်များ မျှဝေပေးလျက် ရှိသည်။
# # #