ချက်ချင်းထုတ်ပြန်ရန်
၂၀၁၉၊ ဒီဇင်ဘာ ၁၃
ဆက်သွယ်ရန်။ ။ ဟိုဆေးဂီယိုဂါ
အီးမေးလ်။ ။ Jose.Quiroga@asu.edu
အမေရိကန်သံရုံးသို့ဆက်သွယ်ရန်။ ။အရာနီမန်ရင်း
အီးမေးလ်။ ။ USEmbassyRGNPress@state.gov
မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများအတွက် မြန်မာနိုင်ငံတွင်ကျင်းပသော
နှစ်စဉ်သိပ္ပံနှီးနှောဖလှယ်ပွဲကို အမေရိကန်ကကူညီပံ့ပိုးခြင်း
ရန်ကုန်။ ။ လက်တွေ့ကမ္ဘာတွင်ဖြစ်ပွားနေသော ပြဿနာများကိုဖြေရှင်းခြင်းသည် သိပ္ပံပညာရှင်များအပါအဝင် နယ်နမိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေပါသည်။ သည့်အတွက်ကြောင့်ပင် ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၂–၁၃ တွင်ကျင်းပသော မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင်အစီအစဉ်၏ သိပ္ပံနှီးနှောဖလှယ်ပွဲကို အမေရိကန်ပြည်ထောင်စုနှင့် မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေး အစီအစဉ်တွင်ပါဝင်သော နိုင်ငံငါးနိုင်ငံဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်ပေါင်း တစ်ရာကျော် တက်ရောက်ဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြပါသည်။ မြစ်ခေါင်မြစ်အောက်ပိုင်း နိုင်ငံများမှ လူငယ်သိပ္ပံပညာရှင် ၃၃ ဦးက မဲခေါင်မြစ် အောက်ပိုင်းဒေသတွင်း ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဆိုင်ရာ ၎င်းတို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် သုတေသနတွေ့ရှိချက်များကိုတင်ပြကြသည်။ သွေးလွန်တုပ်ကွေးကဲ့သို့သော ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားသည့် ရောဂါများကို တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့ကြသူများတွင် အမေရိကန် ပြည်ထောင်စုနှင့် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများမှ ပညာရပ်ဆိုင်ရာ နယ်ပယ်၊ စီးပွားရေးလုပ်ငန်းနယ်ပယ်၊ အစိုးရနှင့်အကျိုးအမြတ်မယူသော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ကိုယ်စားပြုပါဝင်ကြသည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ နယ်နမိတ်ဖြတ်ကျော်ဖြစ်ပွားတတ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲတွေအတွက် ဆန်းသစ်တဲ့ဖြေရှင်းရေး နည်းလမ်းရှာဖွေရာမှာ မြန်မာနဲ့ မဲခေါင်မြစ်အောက်ပိုင်း ဒေသတစ်လွှားက လူငယ်သိပ္ပံပညာရှင်တွေ ပိုပြီးပူးပေါင်းဆောင်ရွက်စေချင်ပါတယ်” ဟု အမေရိကန်သံရုံး၏ ဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီကပြောပါသည်။ ဒီဇင်ဘာ ၁၂ ရက်က စတင်သော ဒုတိယအကြိမ် လူငယ်သိပ္ပံပညာရှင်ညီလာခံတွင် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဉက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးကြွယ်နှင့်အတူ သံရုံးဒုတိယအကြီးအကဲ ဆစ်ဘလီက အဖွင့်အမှာစကားပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါနှစ်စဉ်သိပ္ပံနှီးနှောဖလှယ်ပွဲကိုတက်ရောက်ခြင်းဖြင့် မဲခေါင်မြစ်အောက်ပိုင်းဒေသ လူငယ်သိပ္ပံပညာရှင် အစီအစဉ်တွင် ပါဝင်သည့် လူငယ်များအနေဖြင့်၎င်းတို့ပူးပေါင်းညှိနှိုင်းဆောင်ရွက်သော သုတေသနစီမံကိန်းများ ဖော်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အထိ ပေးအပ်သည့် ဂရန့်အစီအစဉ် (စီမံကိန်းများအတွက်ငွေကြေးပံ့ပိုးသော) အား ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အလမ်းရရှိစေသည်။ ၂၀၁၉ လူငယ်သိပ္ပံပညာရှင်များ သိပ္ပံနှီးနှောဖလှယ်ပွဲတွင်တက်ရောက်ကြသော လူငယ်သိပ္ပံပညာရှင် ၃၃ ဦးတို့က ၎င်းတို့ပူးပေါင်းဆောင်ရွက်ထားသည့် သုတေသနတွေ့ရှိချက်များကို ပိုစတာပြပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများက တစ်ဆင့် ညီလာခံအတွင်း ပြသကြသည်။ မဲခေါင်မြစ်အောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလူငယ်သိပ္ပံပညာရှင်များ အစီအစဉ်သည် ပညာရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍက တစ်ဆင့် သာတူညီမျှရေး၊ ရေရှည်တည်တံ့ရေးနှင့် အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးသည်။ မဲခေါင်မြစ်အောက်ပိုင်း ဒေသဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင်များအစီအစဉ်ကို အရီဇိုးနားပြည်နယ်တက္ကသိုလ်က အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်ကစတင်ခဲ့သည့် ဤအစီအစဉ်တွင် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများမှ သိပ္ပံပညာရှင်စုစုပေါင်း ၅၇ ဦးပါဝင်ခဲ့ပြီး ဖြစ်သည်။
အဓိကမှတ်ချက်စကား ပြောကြားသည့် Dr. Mahlet Mesfin ထံမှလည်း သိပ္ပံပညာအား သံခင်းတမန်ခင်းအတွက် ယန္တရားတစ်ခုအနေဖြင့် အသုံးချရန် ညီလာခံအတွင်း ကြားသိရသည်။ “သိပ္ပံပညာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားနဲ့ ကမ္ဘာကြီးကို နည်းလည်သဘောပေါက်ဖို့ဗဟုသုတရှာမှီးတဲ့ သူ့ရဲ့ဆက်စပ်မှုသဘောတရားမှာ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ကြီးမားတဲ့ အလားအလားကောင်းတွေရှိနေပါတယ်၊ ပေါင်းကူးတံတားတွေရှိနေပါတယ်၊ ကွဲပြားမှုတွေ ကြားထဲက ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နိုင်ငံအလိုက်ရော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက် နည်းလမ်းတွေကို ပံ့ပိုးပေးပါတယ်” ဟု သံခင်းတမန်ခင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ပဲန်ဘိုင်ဒန်စင်တာမှ ဧည့်ပညာရှင် Dr. Mahlet Mesfin ကပြောသည်။
ဤညီလာခံအတွင်း မီးမောင်းထိုးပြစရာတစ်ရပ်မှာ ပိုစတာပြပွဲတစ်ခုနှင့်စကားဝိုင်းဆွေးနွေးပွဲကတစ်ဆင့်ပြုလုပ်သည့် လူငယ်သိပ္ပံပညာရှင်များ၏ သုတေသနစီမံကိန်းများအကြောင်းတင်ပြမှုဖြစ်သည်။ ယင်းတင်ပြမှုတွင် ရေ၊ စွမ်းအင်၊ ကျန်းမာရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ ပညာရပ်သုတေသနများအပြင် လူထုအခြေပြု စီမံကိန်းများအတွက် နွေရာသီအစီအစဉ်တစ်လျှောက်ပြုလုပ်ခဲ့သည့် ဆန်းသစ်သော နည်းလမ်းများလည်း ပါဝင်သည်။ ယင်းလက်တွေ့အသုံးချ စီမံကိန်းများတွင် သွေးလွန်တုပ်ကွေးကူးစက်ပြန့်ပွားမှုကြိုတင်ခန့်မှန်းခြင်းမော်ဒယ်လ်တစ်ခု၊ ကူးစက်ပြန့်ပွားမှုများ ကိုင်တွယ်စီမံရေးအတွက် ထိရောက်သောကိရိယာတစ်ခု၊ ခြင်များကို ရှာဖွေမှတ်တမ်းတင်ခြင်း ကိရိယာများနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို စောစီးစွာရှာဖွေစမ်းသပ်မှုအပြင် ဝေးလံသောအရပ်ဒေသများရှိ ကျန်းမာရေးဝန်ထမ်းများ အတွက် ပညာရေးနှင့်လေ့ကျင့်သင်တန်းအစီအစဉ်များလည်း ပါဝင်ခဲ့သည်။
“လွန်ခဲ့တဲ့ငါးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အဆန်းသစ်ဆုံးကျောင်းအဖြစ် ဆက်တိုက်သတ်မှတ်ခံခဲ့ရတဲ့ အရီဇိုးနားပြည်နယ်တက္ကသိုလ်ဟာ မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးလူငယ်သိပ္ပံပညာရှင်များအစီအစဉ် လှုပ်ရှားမှုတွေကတစ်ဆင့် အကောင်းဆုံးအလေ့အထတွေထဲက တစ်ချို့ကိုမျှဝေနိုင်ပါတယ်” ဟု အရီဇိုနား ပြည်နယ်တက္ကသိုလ်၊ အရှေ့တောင်အာရှဖွံ့ဖြိုးရေးဌာန တွဲဖက်ဒုတိယကျောင်းအုပ်ကြီး မစ္စတာဂျက်ဖရီဂေါ့စ် က ပြောပါသည်။
မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေးအစီအစဉ်
မဲခေါင်းမြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေးအစီအစဉ်ကို မဲခေါင်ဒေသအတွင်း သာတူညီမျှရေး၊ ရေရှည်တည်တံ့ရေးနှင့် အားလုံးပါဝင်နိုင်သောဖွံ့ဖြိုးရေးကိုမြှင့်တင်ရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့က ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ မဲခေါင်ဒေသအတွင်းရှိ အစိုးရများနှင့်ပြည်သူများ နယ်နမိတ်ဖြတ်ကျော် ဖွံ့ဖြိုးရေး စိန်ခေါ်မှုများ ထိရောက်စွာကိုင်တွယ်ရာတွင် အထောက်အကူပြုစေရေးအတွက် မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအစီအစဉ်က စွမ်းရည်ဖွံ့ဖြိုးရေးစီမံကိန်းများကို အသုံးပြုပါသည်။
မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင်အစီအစဉ်
၂၀၁၈ ခုနှစ်တွင် အရီဇိုးနားပြည်နယ်တက္ကသိုလ်နှင့် တွဲဖက်အကောင်အထည်ဖော်ခဲ့သော မဲခေါင်မြစ်အောက်ပိုင်း ဒေသဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင်အစီအစဉ်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ လူငယ်သုတေသန ပညာရှင် ၃၄ ဦးအထိပါဝင်သော နှစ်စဉ်သုတေသန အသိုက်အဝန်းတစ်ခုဖန်တီး၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ရက်ဖွဲ့ပွဲများမှတစ်ဆင့် ပူးတွဲသုတေသနစီမံကိန်းအတွက်စွမ်းရည်မြှင့်တင်ရန်ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပသော သိပ္ပံညီလာခံသည် သုတေသနစာတမ်းရှင်များကို အချင်းချင်းပြန်လည်သုံးသပ်စေခြင်း အပါအဝင် အသိပညာဗဟုသုတ၊ စိတ်ကူးအကြံဉာဏ်များနှင့်အတွေ့အကြုံများ မျှဝေခြင်းကိုတိုက်တွန်းအားပေးသည်။
ဤအစီအစဉ်၏ ကဏ္ဍတစ်ရပ်အနေဖြင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းတွင် ၂၀၁၉၊ ဇူလိုင် ၁ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်လေးပတ်ကြာ နွေရာသီအစဉ်အစဉ်ကို နိုင်ငံငါးနိုင်ငံမှ လူငယ်သိပ္ပံပညာရှင် ၃၃ ဦးတက်ရောက်ခဲ့ကြသည်။ ပါဝင်တက်ရောက်ကြသူများတွင် စာရင်းအင်းပညာ/ဇီဝစာရင်းအင်းပညာ၊ သတင်းအချက်အလက်နည်းပညာ/ ဇီဝသတင်း အချက်အလက်နည်းပညာ၊ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာ၊ ပြည့်သူကျန်းမာရေးပညာ၊ ဒေတာ/သတင်းအချက်အလက်သိပ္ပံနည်းပညာ၊ သင်္ချာပညာ စသည့်ပညာရပ်များမှ ကျောင်းသူ၊ ကျောင်းသားများ သို့မဟုတ် မဟာဘွဲ့ သို့မဟုတ် ဒေါက်တာဘွဲ့ လတ်တလောရထားသူများပါဝင်ခဲ့ကြသည်။ နွေရာသီအစီအစဉ်တွင် အဓိက ထားခဲ့သည်ကိစ္စမှာ သွေးလွန်တုပ်ကွေးကဲ့သို့သောရောဂါမျိုးဖြစ်သည့် ခြင်ကြောင့် ကူးစက်ပြန့်ပွားတတ်သော ရောဂါများကို သတင်းအချက်အလက်နည်းပညာများကတစ်ဆင့် အထူးစောင့်ကြည့် အာရုံစိုက်မှုနှင့်အတူ ပြည်သူ့ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် အဓိကထားခဲ့သည့်ကိစ္စမှာ ရေ၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးကိစ္စဖြစ်ပြီး ၂၀၁၈၊ ဇူလိုင်လအတွင်း ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် ပြုလုပ်ခဲ့သည်။ နွေရာသီ အစီအစဉ်တွင် စာသင်ခန်းတွင်း လှုပ်ရှားဆောင်ရွက်မှုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူများဦးဆောင်သော အလုပ်ရုံဆွေးနွေးပွဲများ၊ လက်တွေ့ဖြစ်ပွားနေသော ကျန်းမာရေးပြဿနာများကို သိရှိစေရန်အတွက် လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ ပါဝင်သည်။
လာမည့်နှစ် နွေရာသီအစီအစဉ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ပြုလုပ်မည်ဖြစ်သည်။ ၂၀၂၀ မဲခေါင်မြစ်အောက်ပိုင်း ဖွံ့ဖြိုးရေး လူငယ်သိပ္ပံပညာရှင် အစီအစဉ်တွင် ပါဝင်ကြမည့်သူများသည် စွန့်ဦးတီထွင်သမားများအဖြစ် စဉ်းစား တွေးခေါ်ကာ ဆန်းသစ်တီထွင်မှုအတွက် နည်းပညာလွှဲပြောင်းခြင်းကို အဓိကသော့ချက်ရင်းမြစ်အဖြစ်ထား၍ လေ့လာကြမည် ဖြစ်သည်။ မဲခေါင်အောက်ပိုင်းဒေသဖွံ့ဖြိုးရေးငါးနိုင်ငံမှ လူငယ်သိပ္ပံပညာရှင်များသည် ၎င်းတို့သုတေသန ပြုလုပ်သည့် လက်တွေ့ဓာတ်ခွဲခန်းများအတွင်းမှ တီထွင်ဖန်တီးခဲ့သည် နည်းပညာကို လိုင်စင်ထုတ်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများတည်ဆောက်ခြင်းနှင့် ဆန်းသစ်တီထွင်ဖန်တီးခြင်းအကြောင်းတို့ကို လေ့လာကြမည်ဖြစ်သည်။
အရီဇိုးနားပြည်နယ်တက္ကသိုလ်
အရီဇိုးနားပြည်နယ်တက္ကသိုလ်သည် အမေရိကန် သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာ (U.S. News & World Report) အရ အမေရိကရှိ နံပတ် တစ် အဆန်းသစ်ဆုံးတက္ကသိုလ်အဖြစ် ငါးနှစ်ဆက်တိုက်သတ်မှတ်ခြင်းခံထားရပါသည်။ ကျောင်းသား ၁၀၀,၀၀၀ ကျော်တက်ရောက်လျက်ရှိသော အရီဇိုးနားပြည်နယ်တက္ကသိုလ်သည် အများပြည်သူဆိုင်ရာ သုတေသန လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သော တက္ကသိုလ်တစ်ခုဖြစ်ပြီး၊ သုတေသနနှင့် အများပြည်သူဆိုင်ရာ စံတန်ဖိုးရှာဖွေဖော်ထုတ်မှုကို တိုးတက်အောင်ဆောင်ရွက်ခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ၎င်းဆောင်ရွက်ပေးနေသည့် လူမှုအသိုက်အဝန်း၏ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျသောတာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတို့ကြောင့် လူတစ်စုကမဟုတ်ဘဲ လူများစုကယင်းသို့တိုင်းတာ သတ်မှတ်ခြင်းဖြစ်သည်။ အရီဇိုနား ပြည်နယ်တက္ကသိုလ်သည် ထူးချွန်ခြင်းစဉ်ဆက်မပြတ်ရှာဖွေမှု၊ အရည်အသွေးပြည့်ဝသော ပညာရေး အလုံးစုံကျယ်ကျယ် ပြန့်ပြန့် ရရှိမှု၊ အဓိပ္ပာယ်ပြည့်ဝသော လူမှုရေးအကျိုးသက်ရောက်မှုများအတွက် သန္နိဋ္ဌာန်ချထားသော အလုံးစုံ ဗဟုသုတ ရှာမှီးရာဌာနကြီးတစ်ခု ဖြစ်လာစေရေးအတွက် သစ်လွင်၍ ရည်မှန်းချက် ကြီးမားသော အနာဂတ်လမ်းကြောင်းတစ်ခုကို လွန်ခဲ့သောဆယ်စုနှစ်က အခိုင်အမာချမှတ်ခဲ့ပါသည်။ ဤအချက်ဖြင့် ရှေ့တိုးဖော်ဆောင်၍ချမှတ်ခဲ့သော“ရွှေစံချိန်ရွှေစံညွှန်း” အတွက် မျှော်မှန်းချက်အသစ်သည် ၎င်း၏စွမ်းအင်၊ ဖန်တီးတီထွင်နိုင်မှုနှင့်လူ့စွမ်းအား စသောအရာအားလုံး၏ စွမ်းဆောင်မှုကြောင့် မဟာကျောင်းတော်သူ၊ ကျောင်းတော်သားများ မွေးထုတ်ပေးရန် သန္နိဋ္ဌာန်ချထားသည့် ပညာရပ်နယ်ပယ်များစွာ လေ့လာသင်ယူနိုင်သော တက္ကသိုလ်ကျောင်းတော်ကြီးအဖြစ် တည်ရှိနေခြင်းဖြစ်ပါသည်။
# # # ပြီး # # #