ချက်ချင်းထုတ်ပြန်ရန်
မတ် ၆၊ ၂၀၂၀။
COVID-19 အတွက် အမေရိကန်နိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအားကူညီခြင်း
နေပြည်တော် – ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့နိုင်ချေရှိသည့် အခြေအနေအားလုံး အတွက် ကြိုတင်ပြင်ဆင်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ဆက်လက်ကူညီ ပေးလျက်ရှိသလို မိတ်ဖက်အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ မတ် ၆ရက်တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဌာနေညွှန်ကြားရေးမှူး ထရီဆာ မက်ဂီးက တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ပေးအပ်လိုက်ပါသည်။ အလွယ်တကူကူးစက် တတ်သောရောဂါများအတွက် USAID ၏ အရေးပေါ်သီးသန့်ရန်ပုံငွေထဲမှနေ၍ မြန်မာနိုင်ငံ အပါအဝင် (COVID-19) ဒဏ်ခံရသောနိုင်ငံ ၂၅ခုသို့ ဒေါ်လာ ၃၇သန်း အကူအညီပေးသွားမည့် မကြာသေးမီက ကြေညာချက်နှင့် ပတ်သက်၍ မစ္စ မက်ဂီးက ပြည်ထောင်စုဝန်ကြီးကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
“ဒီတစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းတွေကို အမေရိကန်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေ ကြားရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှုအရ ပေးအပ်တာဖြစ်ပါတယ်။ Novel coronavirus အပါအဝင် ကူးစက်ရောဂါသစ်တွေ ပြန့်ပွားတာကို တားဆီးကာကွယ်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဒီပစ္စည်းတွေက ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက် အကူဖြစ်မှာပါ”ဟု ထရီဆာ မက်ဂီးက ပြောပါသည်။
တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများက မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများကို ရောဂါကူးစက်မခံရအောင် အကာအကွယ်ပေးမည်ဖြစ်သလို အအေးမိပြီး တုပ်ကွေးလက္ခဏာ ပြနေသော သံသယလူနာများကိုလည်း အချိန်တိုအတွင်း စစ်ဆေးပေးနိုင်မည် ဖြစ်ပါသည်။ သည်လို အကူအညီပေးခြင်းမှာ မြန်မာ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုက USAID မှတစ်ဆင့် PPE များကို လှူဒါန်းရာတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၃၀,၀၀၀၊ မျက်နှာအကာ ၁,၅၀၀၊ မျက်နှာစည်း ၁,၅၀၀၊ ဝတ်ရုံအစုံ ၁,၅၀၀၊ ဖိနပ်ဖုံး ၁,၅၀၀နှင့် မျက်ကာမျက်မှန် ၁,၀၀၀ ပါဝင်ပြီး ယင်းတို့က ဖြစ်လာနိုင်ချေရှိသည့် COVID-19 အတွက် ကြိုတင်ပြင်ဆင်မှုများကို အထောက်အကူဖြစ်စေပါလိမ့်မည်။ အရေးပေါ် လိုအပ်လာသည့်အခါ ထုတ်ပေးနိုင်ရန် USAID သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်ပြုလျက် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများကို စုဆောင်းထားရှိပါသည်။
အမေရိကန်နိုင်ငံမှ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ရှိ အဆင့်မြင့်ရောဂါကာကွယ် ထိန်းချုပ်ရေးပညာရှင်များက ဝန်ကြီးဌာနအား နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနေခြင်းကို ယခုပေးအပ်သည့် အကူအညီက အားဖြည့်ပေးလိုက်ပါသည်။ အဆိုပါအကူအညီတွင် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ထမ်းထုအား ရောဂါစောင့်ကြည့်ရေးနှင့် အဝေးမှနေ၍ နည်းပညာအသုံးပြုကာ ကုသရေးဆိုင်ရာနည်းလမ်းများဖြင့် အကူအညီပေးမှုများပါဝင်ပါသည်။ ထို့ပြင် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ပူးတွဲဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးသိပ္ပံ သုတေသနဌာန (AFRIMS) က ထောက်ပံ့သောပစ္စည်းများကို အကောင်းဆုံးအသုံးချနိုင်ရေး အတွက် ဓာတ်ခွဲခန်းနည်းပညာဆိုင်ရာ အကူအညီလည်း ပါဝင်ပါသည်။
လောလောဆယ် ရောဂါဒဏ်ခံနေရသော သို့မဟုတ် ရောဂါဒဏ်ခံရနိုင်ချေရှိသော ကမ္ဘာနှင့်အဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကို ပမာဏကြီးကြီးမားမား စမ်းသပ်စစ်ဆေးရန်၊ နိုင်ငံ ဝင်/ထွက်ပေါက်များတွင် အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအမံများထားရှိရန်၊ တုပ်ကွေးကဲ့သို့သော နာမကျန်းမှုများကို ရှာဖွေစောင့်ကြည့်ရန်၊ အလျင်အမြန် တုံ့ပြန်မည့်အဖွဲ့များ အား လေ့ကျင့်ပေးပြီး လိုအပ်သော ကိရိယာတပ်ဆင်ပေးရန်၊ ကူးစက်ခံရသူများကို စစ်ဆေးပြီး ထိုသူနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံရှာဖွေရန်နှင့် COVID-19 ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ အတွက် လေ့ကျင့်ရေးပစ္စည်းကိရိယာများကို လိုက်လျောညီထွေရှိအောင်လုပ်ပေးရန် ကိစ္စများကို USAID ၏ အရေးပေါ်သီးသန့်ရန်ပုံငွေဖြင့် ကူညီပေးမည် ဖြစ်ပါသည်။ ထို့ပြင် ရောဂါကူးစက်ခံ ရနိုင်ချေရှိသော လူ့အဖွဲ့အစည်းများထံ အချိန်နှင့်တပြေးညီ ကျန်းမာရေးဆိုင်ရာ အသိပညာ ဖြန့်ဝေပေးနိုင်ရန် လည်းကောင်း၊ ထိုလူ့အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာနေရာများတွင် ကူးစက်ရောဂါများကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် လည်းကောင်း၊ COVID-19 ဖြစ်ပွားမှုများကို ကိုင်တွယ်ဆောင်ရွက်ရန်လည်းကောင်း အရေးပေါ် သီးသန့်ရန်ပုံငွေဖြင့် ကူညီပေးသွားမည် ဖြစ်ပါသည်။ ကာကွယ်ရေးပစ္စည်းများကို အလွန်အမင်း လိုအပ်နေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံနှင့် ဓာတ်ခွဲခန်းများသို့လည်းကောင်း၊ လူနာများရရှိလာနိုင်ချေရှိသည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ လုပ်ကိုင်နေသည့် ဆေးရုံ၊ ဆေးခန်းများသို့လည်းကောင်း ဖြန့်ချိရေးအစီအစဥ်များကို မစ္စ မက်ဂီးနှင့် ကျန်းမာရေး ဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံး၏ ဒုတိယအကြီးအကဲ Dr. Nilesh Buddh လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကျန်းမာရေးရလဒ်ကောင်းများ ထွက်ပေါ်လာရေး အတွက် စီမံကိန်းအတော်များများကို မြန်မာအစိုးရနှင့်ရော မြန်မာပြည်သူများနှင့်ပါ နီးနီးကပ်ကပ် မိတ်ဖက်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် မိခင်နှင့် ကလေးသူငယ် ကျန်းမာရေးနှင့် ကူးစက်ရောဂါများကို ကာကွယ်တားဆီးရန် ကြိုးစားဆောင်ရွက်ခြင်းများ ပါဝင်ပါသည်။
###ပြီး###