ကချင်ပြည်နယ်အတွင်း အားလုံးပါဝင်နိုင်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍဦးဆောင်မှု ဖွံ့ဖြိုးရေး အမေရိကန်ပြည်ထောင်စု မြှင့်တင်

ချက်ချင်းထုတ်ပြန်ရန်

နိုဝင်ဘာ ၁၄၊ ၂၀၁၉

မြစ်ကြီးနား။   ။အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် သည် ကချင်ပြည်နယ်စိုက်ပျိုးရေး ကဏ္ဍတွင် ဆောင်ရွက်နေသူ ၆၀ ကျော်တို့နှင့် တွေ့ဆုံခဲ့ပါသည်။ တောင်သူများနှင့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးအခြေပြု အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရေးတွင် ရင်ဆိုင်နေရသော အချက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း က မည်သို့ကူညီနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ပါသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင်ပြည်နယ်မှာ အားလုံးပါဝင်နိုင်တဲ့ စိုက်ပျိုးရေးကဏ္ဌ ဦးစားပေး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုထားပါတယ်။ USAID အနေနဲ့ ကချင်ပြည်နယ်မှာလည်း စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေကို လုပ်ဆောင်ဖို့ မကြာသေးမီက တိုးချဲ့ခဲ့ပါတယ်” ဟု သံအမတ်ကြီး မာစီရယ်က ပြောကြားခဲ့ပါသည်။ “စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်းဟာ ကချင်ပြည်နယ်မှာ တိုးချဲ့ဆောင်ရွက်မယ့် USAID ရဲ့ ပထမဆုံးသော စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားသည်။

စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်းသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ လူပုဂ္ဂိုလ်စုစုပေါင်း ၁၂၅,၀၀၀ ဦးကျော်တို့ကို ထောက်ပံ့မည့် အမေရိကန်ဒေါ်လာ ၃၈ သန်း တန်ဖိုးရှိ ငါးနှစ်စီမံကိန်းဖြစ်ပါသည်။ ဤ စီမံကိန်းက တောင်သူများနှင့် ၎င်းတို့ လယ်ယာလုပ်ငန်းများမှ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၂ သန်း တိုးတက်ရရှိရန်၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၂၀ သန်း ဖြစ်ထွန်းစေရန်နှင့် အချိန်ပြည့်အလုပ်အကိုင် ၃,၅၀၀ ပေါ်ပေါက်လာစေရန် မျှော်မှန်းထားပါသည်။

သံအမတ်ကြီးက တောင်သူများ၊ စိုက်ပျိုးကုန်ထုတ်လုပ်သူများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကချင်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များကို မေးခွန်းများ မေးမြန်းခဲ့ပါသည်။ တက်ရောက်လာသူများက ပြောကြားသည့် သတင်းအချက်အလက်များသည် ပုဂ္ဂလိကအခန်းကဏ္ဍကို တိုးမြှင့်ချဲ့ထွင်နိုင်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် အမေရိကန်ရင်းနှီးမြှပ်နှံမှုများအနေဖြင့် မည်သို့ ကူညီပံ့ပိုးပေးနိုင်မည်ကို အထောက်အပံ့ဖြစ်စေပါသည်။ အကူအညီများအနက် ကျေးလက်တောင်သူများထံသို့ မျိုးစေ့ကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများကို ပိုမိုလက်လှမ်းမီစေရန် ဆောင်ရွက်ပေးခြင်းနှင့် တောင်သူများထံမှ ရရှိလာသော ကုန်စည်များကို တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ကာ ဝယ်လိုအားချဲ့ထွင်ပေးခြင်းများလည်း ပါဝင်သည်။ ဤ စီမံကိန်းသည် ကချင်ပြည်နယ်ရှိ မတူကွဲပြားသော လူမှုအဖွဲ့အစည်း အားလုံးအတွက် ပိုမို၍ အားလုံးပါဝင်နိုင်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

“မိမိတို့အနေနဲ့ လူကြီးမင်းတို့ရဲ့ ဆွေး‌နွေးချက်တွေ နားထောင်ဖို့နဲ့ သင်ယူဖို့ ဒီနေ့ ရောက်ရှိလာတာဖြစ်ပါတယ်” ဟု သံအမတ်ကြီး မာစီရယ် က အလုပ်ရုံဆွေး‌‌နွေးပွဲတွင် ပြောကြားခဲ့ပါသည်။

### ပြီး ###