ချက်ချင်းထုတ်ပြန်ရန်
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့
မြန်မာနိုင်ငံစိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းစျေးကွက်အခွင့်အလမ်းများဆိုင်ရာ သုတေသနကို အမေရိကန်နိုင်ငံက တင်ပြ
အမေရိကန်အစိုးရ၏ Feed the Future မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် အစားအစာစနစ်များ ဖွံ့ဖြိုးရေးစီမံကိန်းသည် မြန်မာနိုင်ငံရှိ စားသုံးသူ ၇၀၀ ကျော်၏ အစားအစာကြိုက်နှစ်သက်မှု သုံးသပ်ချက်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မျှဝေတင်ပြခဲ့ပါသည်။ လေ့လာသုံးသပ်သူများသည် မြန်မာနိုင်ငံမှ တောင်သူများနှင့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့ကျသော အကြံပြုချက်များကို ပြုလုပ်ခဲ့ကြသည်။ အကြံပြုချက်တစ်ခုမှာ တန်ဖိုးမြှင့်တင်နိုင်သော မွေးမြူရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို လက်ရှိစျေးကွက်ပေါ်တွင် တည်ဆောက်ရန်ဖြစ်သည်။ ဒုတိယအကြံပြုချက်မှာ ဂျင်းနှင့်ဆနွင်းကဲ့သို့သော ရိုးရာထုတ်ကုန်များကို ကျန်းမာရေးအတွက် အသုံးပြုနိုင်ရေး ဆက်လက်လေ့လာစူးစမ်းရန်ဖြစ်သည်။ အစီရင်ခံစာတွင် စျေးကွက်၏မျှော်မှန်းချက်ကို ဖြည့်တင်းပေနိုင်ရန်အတွက် တန်ဖိုးကွင်းဆက်တလျှောက် အရည်အသွေးမြှင့်တင်နည်းလမ်းများ၊ မျိုးစေ့နှင့် အရည်အသွေးအာမခံချက်စနစ်များ တိုးမြှင့်လာစေရန် အခွင့်အလမ်းများကဲ့သို့သော ကဏ္ဍအနှံ့အကြံ့ပြုချက်များ ပါရှိပါသည်။
စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MyanTrade) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့သည် USAID ၏ စီးပွားရေးဖွံ့ဖြိုးမှုရုံး (Office of Economic Growth) ညွှန်ကြားရေးမှူး ပေါလ်ပလက်ဗာ (Paul Pleva) နှင့်အတူ မြန်မာ့စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ပြည်တွင်းစျေးကွက်အခွင့်အလမ်းများနှင့်ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါသည်။
“ဒီလိုတန်ဖိုးမြင့်ထုတ်ကုန်အဆင့်မြှင့်တင်မှုတွေကို ထောက်ပံ့ဖို့ USAID က အဆင်သင့်ဖြစ်နေပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ ကိစ္စရပ် တော်တော်များများနဲ့ပတ်သက်ပြီး အဓိကစဝင်မှတ်နေရာတစ်ခုဖြစ်တယ်လို့ USAID က ရှုမြင်ပါတယ်။ USAID ဟာ စိုက်ပျိုးရေးကဏ္ဍကို အထောက်အပံ့ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရပ်ရွာအသိုင်းအဝိုင်းတွေကြားက ခိုင်မာတဲ့စီးပွားရေးချိတ်ဆက်မှုတွေဟာ လူမှုရေးသဟဇာတကျမှုကို မြှင့်တင်ပေးပါတယ်။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဟာ ပိုမိုချမ်းသာကြွယ်ဝရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် အလျင်အမြန်သွားရာ လမ်းကြောင်းဖြစ်ပါတယ်။ ခိုင်မာတဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုဟာ စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးပါတယ်” ဟု USAID စီးပွားရေးဖွံဖြိုးမှုရုံး ညွှန်ကြားရေးမှူး ပေါလ်ပလက်ဗာက ပြောကြားခဲ့ပါသည်။
USAID သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော ငါးနှစ်ကြာမြင့်မည့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကြီးကြပ်လျှက်ရှိသည်။
USAID oversees the five-year Agriculture and Food Systems Development Activity, which began in October 2019.
သုတေသီများသည် စျေးကွက်တွင်းနောက်ဆုံးဝယ်လက်များအကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်အတွက် စူပါမားကက်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် အခြားသောစီးပွားရေး ဒါဇင်ပေါင်းများစွာကို အင်တာဗျူးမေးမြန်းခဲ့သည်။ “မြန်မာနိုင်ငံစိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းစျေးကွက်အခွင့်အလမ်းများ” ဆိုင်ရာသုတေသန တွေ့ရှိချက်များကို အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် တင်ပြခဲ့ပါသည်။ အွန်လိုင်းဆွေးနွေးပွဲတွင် စျေးကွက်သစ်များထဲသို့ ဝင်ရောက်ရန်နှင့် ချဲ့ထွင်နိုင်ရန်အတွက် ပြိုင်ဆိုင်မှုဆိုင်ရာသတင်းအချက်အလက်များနှင့် ဝယ်ယူသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်နည်းလမ်းများဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးခဲ့သည်။
ဤလေ့လာမှုသည် မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်းက ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ၊ ဆီထွက်သီးနှံ၊ ပဲနှင့်ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်၊ ကော်ဖီနှင့် လက်ဘက်ကဏ္ဍတို့ကို အလေးထားကာလေ့လာခဲ့သော စျေးကွက်လေ့လာမှုများစွာထဲက တစ်ခုဖြစ်သည်။ ဤလေ့လာမှုများသည် ပုဂ္ဂလိကကဏ္ဍ၊ အစိုးရ၊ အလှူရှင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် အချက်အလက်အခြေပြု၊ အထောက်အထားအခြေပြုသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူဖြစ်စေပါသည်။
###