သတင်းသမားတွေကိုလွတ်ပေးဖို့ အမေရိကန်နဲ့ မိတ်ဖက်တွေက မြန်မာစစ်တပ်ကိုတိုက်တွန်း
လီဟတ်မန်း – ဧပြီ ၇၊ ၂၀၂၁
အမေရိကန်နဲ့ အခြားဒါဇင်နဲ့ချီတဲ့နိုင်ငံတွေဟာ ထောင်သွင်းအကျဉ်းချခံထားရတဲ့သတင်းထောက်တွေအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားခံထားရသူအကုန်လုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေမှုတွေရပ်တန့်ဖို့အတွက် မြန်မာစစ်တပ်ကို တောင်းဆိုနေကြပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာမြင့်တက်လာနေတဲ့အကြမ်းဖက်နေမှုတွေနဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာတွေ၊ သတင်းသမားတွေနဲ့ မီဒီယာလောကသားတွေအပါအဝင် လူတွေကို အတင်းအဓမ္မ ဖမ်းဆီး၊ အကြမ်းဖက်တာတွေကြောင့် မိမိတို့တုန်လှုပ်ခြောက်ခြားမိပါတယ်” “မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့အတွက် မိမိတို့ အတူတကွတောင်းဆိုပါတယ်” လို့ ဧပြီ ၁ ရက်မှာ ပူးတွဲထုတ်ပြန်တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူပြီးချိန်ကစပြီး မြန်မာစစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေနဲ့ တခြားသောသူတွေကိုပါ နှိမ်နှင်းခဲ့ပြီး လူပေါင်း ၅၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီးဖြစ်သလို သတင်းသမားတွေနဲ့ မီဒီယာလောကသားတွေအပါအဝင် လူပေါင်း ၂၀၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားတာပါ။
အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၆ ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ ပြင်သစ်၊ ဂရိ၊ လစ်သူနီးယားအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်၊ ဥရောပသမဂ္ဂအဖွဲ့နဲ့ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။
သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့အခြားသောလူပုဂ္ဂိုလ်တွေအပေါ် စစ်တပ်ရဲ့ ဖိနှိပ်ညှဉ်းပမ်းမှုအပြင် သတင်းအချက်အလက်တွေပိတ်ပင်တားဆီးဖို့နဲ့ ဆန္ဒပြသူတွေလူစုစည်းလို့မရနိုင်စေဖို့ အတွက် အင်တာနက်လိုင်းတွေပိတ်လိုက်တာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့က ပြစ်တင်ဝေဖန်ထောက်ပြခဲ့ပါတယ်။
“ဆန္ဒပြတာတွေအပါအဝင် နိုင်ငံအတွင်းမှာဖြစ်ပျက်သမျှတွေနဲ့ပတ်သက်ပြီး သတင်းသမားတွေအနေနဲ့ ကြောက်ရွံ့မှုမရှိ၊ လက်တုန့်ပြန်ခံရခြင်းမရှိ၊ ခြိမ်းခြောက်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားတင်ပြနိုင်ရပါမယ်” “လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ရေးသားတင်ပြမှုဟာ အရေးတကာ့အရေးကြီးဆုံးဖြစ်ပါတယ်” လို့လည်းအဆိုပါ မိတ်ဆွေများအဖွဲ့ကပြောပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဂျေ ဘလင်ကင် ဟာ သူ့ရဲ့ ဂရုပ်ဆဲဗင်း မိတ်ဖက်အဖွဲ့ ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရယ်၊ ဥရောပသမဂ္ဂအဖွဲ့ ရယ်ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီပြန်လည်အသက်ဝင်ရေး၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်တပ်ကအကြမ်းဖက်နေမှုတွေရပ်တန့်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
အကြမ်းဖက်မှုအတွက်တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကတာဝန်ရှိသူတွေနဲ့ သူတို့ကိုအထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်နဲ့ နိုင်ငံတကာမိတ်ဖက်တွေကနေပြီး ဒဏ်ခတ်ပိတ်ဆို့အရေးထားပါတယ်။