ချက်ချင်းထုတ်ပြန်ရန်
နိုဝင်ဘာ ၁၅၊ ၂၀၁၉
မြစ်ကြီးနား။ ။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးစွဲလန်းမှုအားကုသခြင်း၊ ပြည်လည်ထူထောင်ခြင်းနှင့် ကာကွယ်တားဆီးခြင်းလုပ်ငန်းများမှ တဆင့် မူးယစ်ဆေးဝါးပြဿနာကိုလျှော့ချနိုင်ရေး ဆောင်ရွက်နေကြသော ဒေသခံအဖွဲ့အစည်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။
သံအမတ်ကြီး မာစီရယ် က “မူးယစ်ဆေးစွဲလန်းမှု ပြဿနာဟာ မိမိတို့အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မိမိတို့အနေနဲ့ စာနာနားလည်မှုနဲ့ အတွေ့အကြုံတွေအပေါ် အခြေပြုပြီး ကူညီပေးလိုပါတယ်” ဟု အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ “ကချင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအတော်များများနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာလည်း မူးယစ်ဆေးဝါးပြန့်နှံ့မှုပြဿနာနဲ့ ရင်ဆိုင်နေရတာကို သိရှိနားလည်ထားပြီးတော့ လူကြီးမင်းတို့ရဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့ မိမိတို့အနေနဲ့ နည်လမ်းတွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ထပ်လောင်းပြောကြားပါသည်။
ကချင်ပြည်နယ်အခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၀ ကျော်တို့သည် စီမံကိန်းရံပုံငွေလျှောက်ထားရန် အလားအလာရှိသူများအဖြစ် အဆိုပါလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ နိုဝင်ဘာလ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သော စီမံကိန်းလုပ်ငန်းအဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းခဲ့ပါသည်။
သံအမတ်ကြီး မာစီရယ် က “အမေရိကန်အစိုးရအနေနဲ့ ကချင်ပြည်နယ်က မူးယစ်ဆေးဝါး ပြန့်နှံ့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသခံလူမှုအဖွဲ့အစည်းတွေကို ကူညီပေးနေပါတယ်။ Local Works စီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပိုမိုကြံ့ခိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်လာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပံ့ပိုးကူညီပေးနေတဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
“Local Works” သည် ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ဒေသခံအဖွဲ့အစည်းများအနေဖြင့် တီထွင်ဆန်းသစ်သော အဖြေများ ကြံဆအကောင်အထည်ဖော်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးရေးဦးတည်သည့် USAID ၏ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Local Works ၏ ရည်မှန်းချက်များအနက်မှ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများနှင့် ပံ့ပိုးကူညီမှုပေးသော ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီ ရရှိစေခြင်းဖြင့် မူးယစ်ဆေးစွဲနေသူများအား ပြန်လည်ထူထောင်ရေးကို အောင်မြင်စွာ မြှင့်တင်ဆောင်ရွက်ခြင်းလည်း ပါ၀င်ပါသည်။ အများသူငှာ မူးယစ်ဆေးဝါး စတင်သုံးစွဲနိုင်ခြေအား လျော့ပါးစေနိုင်သည့် အပြုအမူ၊ အလေ့အကျင့်များ မြှင့်တင်ပေးခြင်းမှာ ဒုတိယ ရည်မှန်းချက်ဖြစ်ပါသည်။ တတိယရည်မှန်းချက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူအားလုံးအတွက် ခွဲခြားဆက်ဆံမှုများမရှိဘဲ ကျန်းမာရေး ဝန်ဆောင်မှုများရရှိစေရန် တိုးမြှင့်ဆောင်ရွက်သွားရေး ဖြစ်ပါသည်။
USAID ၏ အမေရိကန် ဒေါ်လာ ခြောက်သန်းပံ့ပိုးပေးမည့် Local Works စီမံကိန်းသည် ကချင်ပြည်နယ် နှင့် နိုင်ငံတ၀န်းတွင် HIV ကူးစက်မှုနှုန်းမြင့်မားရခြင်း၏ အဓိကအကြောင်းရင်းခံဖြစ်သော ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြန့်ပွားမှု ပြဿနာ၏ အကျိုးသက်ရောက်မှုများကို ဒေသခံအဖွဲ့အစည်းများမှ ဖြေရှင်းနိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်သွားမည်ဖြစ်ပါသည်။ ၎င်းစီမံကိန်းသည် ငါးနှစ်တာ စီမံကိန်းတစ်ရပ် ဖြစ်ပါသည်။
### ပြီး ###