ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သို့မဟုတ် မကြာသေးမီကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို ကူညီပံ့ပိုးရန် အကူအညီအသစ်တစ်ရပ်အနေဖြင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား ဒေါ်လာငါးသန်း ($5million) ပေးအပ်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးက သဘောတူညီလိုက်ပါသည်။ ယခုပေးအပ်သောအကူအညီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသည့် လူပေါင်း ၁၇၂,၀၀၀ အတွက် အသက်ကယ်စားရေရိက္ခာ အကူအညီများ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း၌ ကာလကြာရှည်နေပြီဖြစ်ပြီး ပြန်လည်၍ဖြစ်ပွားနေသော ပဋိပက္ခများ ဆက်လက်တိုးမြှင့်ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူအရေအတွက်မှာ တိုးပွားလျက်ရှိပြီး အရေးပေါ်အကူအညီများလည်း လိုအပ်လျက် ရှိပါသည်။ ကုလသမဂ္ဂ၏အဆိုအရ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ပြည်သူ ၃၈၃,၅၀၀ ခန့်မှာ အစားအသောက်နှင့် အသက်မွေးဝမ်းကျောင်း အကူအညီများ လိုအပ်လျက်ရှိပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် မိမိတို့၏ ကာလရှည်ကြာ မိတ်ဖက်လက်တွဲဖော်အဖြစ် ဆက်လက်ရပ်တည်ရသည့်အတွက် သာမက လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ထားရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ သန္နိဋ္ဌာန်အတွက်ပါ မိမိတို့ဂုဏ်ယူမိပါသည်။
###