ချက်ချင်းထုတ်ပြန်ရန်
ဧပြီ ၆၊ ၂၀၂၀
အမေရိကန်နိုင်ငံသားများ နေရပ်ပြန်ခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးသတင်းထုတ်ပြန်ချက်
တစ်ခါမျှမကြုံဖူးသော ယခုကဲသို့ အခက်အခဲ ကာလအတွင်း နေရပ်ပြန်ကြသူ အမေရိကန်နိုင်ငံသားများနှင့် အမေရိကားတွင် နေထိုင်သူ ၂၆၇ ဦးကို အမေရိကန်သံရုံးက ယနေ့အကူအညီများပေးအပ်ခဲ့ပါသည်။ အမေရိကန်အစိုးရက စီစဉ်ပေးသော လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားကြသူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အိမ်ပြန်ရောက်ကြပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းပါသည်။ ဤလေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အကူအညီပေးအပ်ကြသော မြန်မာအာဏာပိုင်များကိုလည်း ကျေးဇူးအထူးတင်ပါသည်။
မြန်မာနိုင်ငံသားများအတွက်လည်း အမေရိကန်သံရုံးသည် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့်အတူ အနီးကပ်လက်တွဲ၍ တစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ ရေနှင့်ကျန်းမာသန့်ရှင်းရေးအထောက်အပံ့ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစီမံခန့်ခွဲရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် များစွာသောကိစ္စများအပါအဝင် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃.၈ သန်း အကူအညီပေးရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကလည်း မကြာသေးမီက ကတိကဝတ်ပြုခဲ့ပါသည်။ နိုင်ငံတစ်ဝန်းရှေ့တန်းမှ ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအတွက်လည်း နည်းပညာအကူအညီများကို အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) က ဆက်လက်ပေးအပ်နေပါသည်။ ဤအကူအညီများအားလုံးသည် ကျန်းမာရေးကဏ္ဍအကူအညီအတွက် ဒေါ်လာ ၁၇၆ သန်းကျော် ထည့်ဝင်သုံးစွဲ၍ မြန်မာနိုင်ငံအတွင်းကျန်းမာရေးကဏ္ဍအပေါ် ကာလရှည်ကြာထားရှိသော မိမိတို့ကတိကဝတ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ဘေးကင်း၍ကျန်းမာအောင်မည်သို့နေထိုင်ရမည့်အကြောင်းနှင့်ပတ်သက်၍ အားလုံးနိုးနိုးကြားကြားရှိ၍ နေထိုင်ကြရန်ကိုလည်း မိမိတို့ တိုက်တွန်းအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော သတင်းအချက်အလက်များရှာဖွေနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် step.state.gov သို့ဝင်ရောက်၍ Smart Traveler Enrollment Program တွင် စာရင်းပေးသွင်းထားကြစေလိုပြီး နောက်ဆုံးရ သတင်းစကားများကို သိရှိနေရန်အတွက် Twitter ပေါ်ရှိ @ACSRangoon ကိုစောင့်ကြည့်နေကြရန် တိုက်တွန်းပါသည်။ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးနှင့် ပတ်သက်သော နောက်ဆုံးရ အကြောင်းအရာများကို သိရှိနေစေရန်အတွက် coronavirus.gov တွင်လည်းကြည့်ရှုနိုင်ပါသည်။ အကူအညီ လိုအပ်ပါက acsrangoon@state.gov သို့အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။
### ပြီး ###