ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေးအားထုတ်မှုများအပေါ် အမေရိကန်သံရုံးထုတ်ပြန်ချက်

ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိကြောင်းကို ကြားသိရသည်နှင့် ဤသို့ပျက်စီးဆုံးရှုံးမှုများနှင့်တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြပါသည်။ ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားပါမည်။  ဤ အသစ်ထပ်မံထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်ပါသည်။

ဆိုက်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ​ ရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် အရေးပေါ်စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ အဓိကကျသောကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသင့်ပြင်ဆင်ထားခဲ့ကြပါသည်။

ထိခိုက်မှုနှင့် ဦးစားပေးလိုအပ်ချက်များကို သုံးသပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် မြေပြင်မှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးပါသည်။ ရှေ့လာမည့် ရက်များ၊ သီတင်းပတ်များနှင့် လများအတွင်း ဘေးသင့်သူများကို ဆက်လက်၍ ကူညီသွားရန် အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန်ချထားပါသည်။