နေပြည်တော်၊ မြန်မာ – သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် ခေတ္တရဲချုပ် ရဲမှုးချုပ် အောင်ဝင်းဦးတို့သည် ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရေး သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခု သဘောတူညီချက်သည် အမေရိကန် – မြန်မာ မိတ်ဖက် ဆက်ဆံရေးကို ထပ်လောင်းအားဖြည့်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရေး အတွက် အမေရိကန်ပြည်ထောင်စု၏ အလေးအနက်ထားမှုကိုလည်း ပေါ်လွင်စေပါသည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ တရားရုံးများ၊ ဥပဒေအရာရှိများနှင့်ရဲများအပါအ၀င် တရားဥပဒေစိုးမိုးရေးကဏ္ဍများအား နည်းပညာလေ့ကျင့်သင်တန်းပေးခြင်း၊ ရုပ်ဝတ္ထုအကူအညီပေးခြင်းနှင့် တရားရေးကျင့်ဝတ်နှင့် အမှုတွဲ လေ့လာ ဆန်းစစ်ချက်များကို ပိုမိုနားလည် သဘောပေါက်စေရန် ယမန်နှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၁ သန်းကျော် ပေးခဲ့ပါသည်။ ယခုနှစ်တွင် မြန်မာ့တရားရေးကဏ္ဍခိုင်မာစေရေးအတွက် အမေရိကန်ပြည်ထောင်စုသည် ရှေ့နေချုပ်ရုံးနှင့် ပို၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
“မြန်မာနိုင်ငံအစိုးရက ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးသယ်ပိုးရာမှာ အမေရိကန်ပြည်ထောင်စုက အကူအညီပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရန်နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအင်စတီကျူးရှင်းတွေနဲ့ လက်တွဲဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရ ကိုယ်စားပြု ကျွန်တော်တို့ သံရုံးရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်” ဟု သံအမတ်ကြီး မာစီရယ်လ်က ပြောပါသည်။
မြန်မာနိုင်ငံ အစိုးရ၏ အပြည်ပြည်ဆိုင်ရာအသိုက်အ၀န်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ချက်များကိုလည်း သံအမတ်ကြီးမာစီရယ်လ်က ကြိုဆိုပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနည်းကျ ထိရောက်၍ တရားမျှတသော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရန် အမေရိကန်ပြည်ထောင်စုက ခိုင်မာစွာ အကူအညီ ပေးသွား မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားပါသည်။
###