မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဆက်လက်အကူအညီပေးမည့်အကြောင်း အမေရိကန်သံရုံးကကြေညာခြင်း

ချက်ချင်းထုတ်ပြန်ရန်
နိုဝင်ဘာ ၈၊ ၂၀၁၉

 

ရန်ကုန်၊ မြန်မာ။ ။ လက်ရှိဆောင်ရွက်လျက်ရှိသော မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် အမေရိကန်သံရုံးက ဒေါ်လာ သုံးသိန်း ဆက်လက်အကူအညီပေးမည့်အကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ဤအရေးပါလှသော ယဉ်ကျေးမှုအမွေအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးအပ်လာခဲ့သည့်မှာ ယခုအကူအညီအပါအဝင် စုစုပေါင်း ဒေါ်လာ ၁.၁ သန်း ရှိပြီ ဖြစ်ပါသည်။ ဤအကူအညီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး သံအမတ်ကြီးများရန်ပုံငွေ အစီအစဉ်ကတစ်ဆင့် ပေးအပ်ခြင်းဖြစ်ပါသည်။

“မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တွေကို ကျွန်တော်တို့လေးစားတန်ဖိုးထားပါတယ်” ဟု စီမံကိန်းနှင့် ပတ်သက်၍ သံအမတ်ကြီး စကော့မာစီရယ်ကပြောပါသည်။ “ဒီသမိုင်းဝင်ကျောင်းတော်ကြီး ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးတာဟာ ဒေသခံပြည်သူတွေအတွက် အကျိုးရှိသလို ခရီးသွားဧည့်သည်တွေအတွက်လည်း ဒီအရေးပါလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံကို ဆက်လက်ပြီး ကြည့်ရှုလေ့လာ ခံစားနိုင်ဖို့အတွက် အထောက်အကူပြုမှာ သေချာပါတယ်” ဟု သံအမတ်ကြီးကထပ်ပြောပါသည်။

မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် ဤသမိုင်းဝင်အမွေအနှစ်အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းခြင်းအပြင် အမေရိကန်သံရုံးအနေဖြင့် ယင်းပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကတစ်ဆင့် ဒေသခံလက်မှုပညာရှင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဧည့်လမ်းညွှန်များကိုလည်း လေ့ကျင့်သင်တန်းများပေးအပ်နေပါသည်။ “ဒီနိုင်ငံအတွင်း ခရီးသွား ဧည့်သည်တွေ အများဆုံးသွားရောက်ကြတဲ့ နေရာတွေထဲက နေရာတစ်ခုကို ပြုပြင်ထိန်းသိမ်းခွင့်ရတဲ့အတွက် ကျွန်တော်တို့ အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟု သံအမတ်ကြီးမာစီရယ်ကပြောပါသည်။

အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် ကမ္ဘာတစ်ဝန်းရှိ ယဉ်ကျေးမှုလက်ရာများကို ပြုပြင်ထိန်းသိမ်းပေးနေသော အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့နှင့်အတူ ဒေသခံလက်မှုပညာရှင်များသည့် ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့သည် အဆောက်အအုံကြီးတစ်ခုလုံးကို သုတေသန ပြုလုပ်ခြင်းနှင့် အကဲဖြတ်ခြင်း ပြုလုပ်ပြီးနောက် ကျွန်းသစ်အဆောက်အအုံကြီး၏ ပျက်စီးယိုယွင်းနေမှုများ ရပ်တန့်စေရန်အတွက် အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းစဉ်တစ်ခုနှင့် စတင်ခဲ့သည်။ ကျောင်းတော်ကြီး၏ ရေစီးရေလာ ရေဆင်း ကောင်းမွန်ရေး အတွက် လိုအပ်သည်များကို ပြင်ဆင်၍ အဆင့်မြှင့်တင်ခြင်း၊ လှေကားအုံကြီးအားပြုပြင်ခြင်း၊ ကျွန်းသစ်နေရာများတွင် ပျဉ်းကတိုးဖြင့် မူလက ဆောက်လုပ်ထားသည့်အတိုင်း အစားထိုးခြင်း၊ အလှဆင်ထားသောအနုပညာလက်ရာများအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစားထိုးပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေကို အမေရိကန်ပြည်ထောင်စုက ယခုကာလာအထိ ပေးအပ်ထားပါသည်။ ထပ်မံပေးအပ်မည့် အမေရိကန်ရန်ပုံငွေသည် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စွမ်းရည် မြှင့်တင်ခြင်းလုပ်ငန်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တစ်ဦးတစ်ယောက်ခြင်းစီ လေ့ကျင့်သင်တန်းများအတွက် ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။

ရွှေနန်းတော်ကျောင်းကြီးသည် နိုင်ငံအတွင်း ခရီးသွားဧည့်သည်များ အများဆုံးသွားရောက်ကြသည့် ကျောင်းတော်ကြီးများ အနက်မှ တစ်နေရာဖြစ်သည်။ ကျောင်းတော်ကြီးသည် နဂိုက မန္တလေးမှန်နန်းတော်ကြီး၏ မြောက်နန်းဆောင် ဖြစ်ခဲ့ပြီး ယခင် ၁၉ ရာစုနှစ် ကုန်းဘောင်နန်းတော်ခေတ်တွင် ခန်းဆောင်သက်သက်ဖြစ်ခဲ့ကာ ဒုတိယကမ္ဘာစစ်အတွင်း မပျက်စီးဘဲ ကျန်ရစ်ခဲ့သည်။ နဂိုမူလ နန်းဆောင်ကို ယင်းနန်းဆောင်အတွင်း၌ပင် နတ်ရွာစံသွားခဲ့သော မင်းတုန်းမင်းတရားကြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မင်းတုန်းမင်းတရားကြီး၏ သားတော် သီပေါမင်းက လက်ရှိနေရာသို့ ရွေ့ပြောင်း၍ ကျောင်းတော်ကြီးတစ်ကျောင်းအဖြစ် ပြန်လည်မွမ်းမံခဲ့သည်။ ကျောင်းတော်ကြီး၏ သမိုင်းဆိုင်ရာအချက်အလက်များနှင့် ဗိသုကာဆိုင်ရာထူးခြားတန်ဖိုးရှိမှုများကြောင့် ရွှေနန်းတော်ကျောင်းကြီးအား မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနဆိုင်ရာ စစ်တမ်းကြီး (Archaeological Survey of Burma) က ထိန်းသိမ်းကာကွယ်ထားသော ကျောင်းတော်ကြီး ခုနစ်ကျောင်း စာရင်းတွင် ၁၉၁၉ ခုနှစ်ကတည်းက ထည့်သွင်းထားခဲ့သည်။

### ပြီး ###