အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံအောက်ပိုင်းအတွက် စာအုပ် ၉၀၀၀ ကျော်လှူဒါန်းခြင်း

ချက်ချင်းထုတ်ပြန်ရန်
ဇန်နဝါရီ ၃၀၊ ၂၀၂၀

အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံအောက်ပိုင်းအတွက် စာအုပ် ၉၀၀၀ ကျော်လှူဒါန်းခြင်း

 

ရန်ကုန်၊ မြန်မာ။ ။မြန်မာနိုင်ငံအတွင်းရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်း ၁၃၉ ခုအတွက် စာအုပ်ပေါင်း ၉၀၀၀ ကျော် အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းလှူဒါန်းသည့် အခမ်းအနားတစ်ခု အမေရိကန်စင်တာ ရန်ကုန်တွင် ယနေ့ကျင်းပခဲ့ပါသည်။ အာရှဖောင်ဒေးရှင်းသည် အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ အမျိုးသား စာကြည့်တိုက်နှင့် ပူးပေါင်းကာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော ပညာရေးဆိုင်ရာ အရည်အသွေးမြင့် စာအုပ်များနှင့် ကလေးစာပေစာအုပ်များကို မြန်မာနိုင်ငံအတွက် လှူဒါန်း လာခဲ့သည်မှာ ၂၀၀၇ ခုနှစ်ကတည်းကဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၃ နှစ်တာ ကာလအတွင်း အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်း သည် နိုင်ငံတစ်ဝန်း ပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် စာအုပ်ပေါင်း ၂၈၀,၀၀၀ ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်အတွက် စာအုပ်ပေါင်း ၁၈,၀၀၀ ကို အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့က လှူဒါန်းနေခြင်းဖြစ်ပါသည်။

“အခုလိုလှုဒါန်းမှုဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိကြတဲ့ ပြည်သူအားလုံးကို အလုပ်အကျွေးပြုတဲ့ အင်စတီကျူးရှင်းတွေ တည်ဆောက်ပေးရေးအတွက် အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာထားရှိတဲ့ ကတိကဝတ်တွေရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်” ဟု သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။

“အာရှဒေသအတွက်စာအုပ်များ အစီအစဉ် ရည်မှန်းချက်တွေထဲက တစ်ခုကတော့ အရည်သွေးမြင့်၊ နောက်ဆုံးထွက်စာအုပ်အသစ်တွေနဲ့ သတင်းအချက်အလက်တွေကို တစ်ဦးတစ်ယောက်ချင်းစီ၊ ကျောင်းသူ၊ ကျောင်းသားတွေဆီ၊ ဆရာ၊ ဆရာမတွေဆီနဲ့ အဖွဲအစည်းတွေဆီ အရောက်ပို့ပေးပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်ခေါင်းဆောင်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာနိုင်ငံအတွင်းမှာ နှစ်များစွာဆက်လက်ဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ်၊ အသိပညာဗဟုသုတကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ ဒီအစီအစဉ်က ဆက်လက်ပါဝင်အကျိုးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် အာရှဖောင်ဒေးရှင်း၏ ဌာနေကိုယ်စားလှယ် ဒေါက်တာ မက်သရှုး ဘီ အာနိုးလ်ဒ် ကပြောပါသည်။

ယနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်း ၁၃၉ ခုအတွက် စာအုပ်ပေါင်း ၉၀၀၀ ကျော်လှူဒါန်းခဲ့ပါသည်။ ယနေ့စာအုပ်လက်ခံရရှိကြသော အဖွဲ့အစည်းများတွင် တက္ကသိုလ်များနှင့် ကွန်မြူနတီ စာကြည့်တိုက်များ၊ အစိုးရအထက်တန်းကျောင်းများနှင့် အစိုးရအေဂျင်စီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီစာကြည့်တိုက်များပါဝင်ပါသည်။ ဖေဖော်ဝါရီအတွင်း ဂျက်ဖာဆန်စင်တာမန္တလေးတွင် ကျင်းပမည့်အခမ်းအနားတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအပြင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ အင်စတီကျူးရှင်းပေါင်း ၁၄၆ ခုအတွက် စာအုပ်ပေါင်း ၉၀၀၀ ကျော်လှူဒါန်းသွားဦးမည်ဖြစ်ပါသည်။

### ပြီး ###