ချက်ချင်းထုတ်ပြန်ရန်
နိုဝင်ဘာ ၁၃၊ ၂၀၁၉
အသင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါးကိုအနိုင်ယူရေး အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မီးမောင်းထိုးပြခြင်း
ရန်ကုန်၊ မြန်မာ။ ။ အမေရိကန်သံရုံးနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မူးယစ်ဆေးကိုအောင်နိုင်ဖို့ စာနာနားလည်ကူညီကြစို့ ‘Community Champions’ ဟူသည့် အားကစားအစီအစဉ်ကို ကျင်းပနေပါသည်။ ယင်းအားကစားအစီအစဉ်ကို အမျိုးသား ဘောလုံးအကယ်ဒမီ ကွင်းတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်လိုက်ပါသည်။
“အားကစားဆိုတာ အသင်းအဖွဲ့တွေဖြစ်လာစေဖို့နဲ့လူမှုအသိုက်အဝန်းတွေ အတူတကွဖြစ်စေဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်” ဟု သံအမတ်ကြီးမာစီရယ်ကပြောပါသည်။ “အမေရိကန်ပြည်ထောင်စုမှာရော မြန်မာနိုင်ငံမှာပါ လူမှုအသိုင်းအဝိုင်းတွေဟာ မူးယစ်ဆေးပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ အသင်းအဖွဲ့နဲ့လုပ်ဆောင်မှုတွေ၊ နားလည်မှုတွေ၊ နည်းပြသမားတွေနဲ့ အသင်းအဖွဲ့သားတွေလိုမျိုး ဆောင်ရွက်မှုတွေဟာ မူးယစ်ဆေးအပေါ်မှီခိုနေကြတဲ့ အသိုင်းအဝိုင်းက လူတွေအပေါ် စာနာနားလည်ပေးနိုင်မယ့် နမူနာတွေလို့ ကျွန်တော်တို့ထင်ပါတယ်” ဟုသံအမတ်ကြီးက ထပ်မံဖြည့်စွက် ပြောကြားသည်။
မူးယစ်ဆေးကိုအောင်နိုင်ဖို့ စာနာနားလည်ကူညီကြစို့ ‘Community Champions’ အစီအစဉ်ကို အမေရိကန် အားကစားသမားနှစ်ဦးနှင့် မြန်မာအားကစားနှစ်ဦးတို့က ဦးဆောင်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် မူးယစ်ဆေးအပေါ် မှီခိုနေရသူများ၏ အသိုင်းအဝိုင်းကို အားပေးကူညီနိုင်မည့် ခိုင်မာအားကောင်းသော အသင်းအဖွဲ့များ တည်ဆောက်ရေးအတွက် ဘောလုံးအားကစားကို နည်းလမ်းတစ်ခုအနေဖြင့်မြှင့်တင်ရန်ကြိုးစားခြင်းဖြစ်ပါသည်။ ဤအဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ ရန်ကုန်၊ တောင်ကြီးနှင့်မန္တလေးမြို့တို့တွင် မြန်မာဘောလုံးနည်းပြများနှင့် အားကစား သမားများကို ဦးဆောင် သင်ကြားပြသပေးသွားမည်ဖြစ်သည်။
“ဘဝအတွက် အရေးကြီးဆုံးတွေဖြစ်တဲ့ ကောင်းတဲ့အလေ့အကျင့်တွေမွေးမြူရာမှာ၊ ယုံကြည်မှုတွေတည်ဆောက်ရာမှာ၊ ဦးဆောင်ဦးရွက်ပြုရာမှာ၊ စည်းကမ်းလိုက်နာရာမှာ ဘောလုံးကန်တာက အထောက်အကူဖြစ်စေပါတယ်။ ဘောလုံးကန်တဲ့သူ ဘယ်သူမဆို လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်တယ်၊ ရည်မှန်းချက်တွေဆီရောက်အောင် ဘယ်လို ဆက်လှမ်းရမလဲ၊ အမှားတွေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာတွေ လေ့လာသင်ယူနိုင်မယ်၊ ဘဝအတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေကို ထွေးပိုက်နိုင်ပါမယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးဇော်ဇော်ကပြောပါသည်။ “ဘောလုံးဟာ ပြည်သူတွေဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်ပါတယ်” ဟု ၎င်းက ထပ်မံဖြည့်စွက်မံပြောကြားသည်။
မူးယစ်ဆေးကိုအောင်နိုင်ဖို့ စာနာနားလည်ကူညီကြစို့ ‘Community Champions’ အစီအစဉ် သည် မူးယစ်ဆေးစွဲနေသူများ၏ မိသားစုများနှင့်မိတ်ဆွေများကို အထောက်အကူဖြစ်စေပြီးအိပ်ချ်အိုင်ဗွီ/အေ့ဒ်စ် ကူးစက်ခြင်းမှ ကာကွယ်တားဆီး နိုင်ရေးအတွက် သတင်းအချက်အလက်များပံ့ပိုးပေးနေသော ၅၂၈- မူးယစ်ဆေးနှင့်မိသားစု ကမ်ပိန်းအတွက်လည်း အကျိုးရှိစေပါသည်။ ယင်းကမ်ပိန်းကို အမေရိကန်သမ္မတ၏ အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေး အရေးပေါ်ရန်ပုံငွေ အစီအစဉ်ကတစ်ဆင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက အကူအညီပေးထားပါသည်။
အမေရိကန်နည်းပြ ဂျွန်နီကောလင်းနှင့် လီဆာဘာ့ဂ်တို့သည် မြန်မာအားကစားသမားများဖြစ်ကြသော ဦးမျိုးလှိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်းတို့နှင့် ပူးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတွင် နည်းပြ ၃၀ နှင့် အားကစားသမား ၃၀၀ အား သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးအပေါ်မှီခိုနေရသူများအား မေတ္တာနှင့် ချစ်ခင်ရင်းနှီးမှုက တစ်ဆင့် အားပေးကူညီနိုင်မည့် ခိုင်မာအားကောင်းသော အသင်းအဖွဲ့များကို ဤအားကစားသမားများက တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။
မူးယစ်ဆေးအပေါ်မှီခိုနေရသော လူမှုအသိုက်အဝန်းများကို အကူအညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းမှ အားကစားသမားများနှင့် လက်တွဲဆောင်ရွက်ခွင့်ရသည့်အတွက် အမေရိကန်သံရုံးက ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ဤသည်မှာ ခိုင်မာအားကောင်း၍ ကျန်းမာကြံ့ခိုင်သော လူမှုအသိုက်အဝန်းများတာ်ဆောက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက မြန်မာပြည်သူများနှင့် လက်တွဲဆောင်ရွက်နေသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
### ပြီး ###