ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၁၈၊ ၂၀၁၉
ရန်ကုန်။ ။ မူးယစ်ဆေးဝါးအပါ်မှီခိုမှုကြောင့် လူမှုအသိုက်အဝန်းများ ရင်ဆိုင်ရုန်းကန်ရသည့် ဇာတ်ကြောင်းများကို ပြောပြထားသည့် “မျှော်လင့်ချက်တို့အဆုံးမသတ်နဲ့” တေးသီချင်းကို အမေရိကန်သံရုံးသည် Full Stop လူမှုအဖွဲ့အစည်း၊ မြန်မာအနုပညာရှင် ၁၂ ဦးတို့နှင့် ပူးပေါင်းထုတ်လုပ်ခဲ့ပါသည်။ ဤတေးသီချင်းကို မြန်မာနိုင်ငံအတွင်း ပိုမိုကျန်းမာသော လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်စေရေး ကူညီဆောင်ရွက်နေသည့် လူမှုကွန်ရက် လှုပ်ရှားမှုတစ်ခုဖြစ်သည့် ၅၂၈-မူးယစ်ဆေးနှင့် မိသားစုအဖွဲ့က မြှင့်တင်ပါသည်။ ၅၂၈-မူးယစ်ဆေးနှင့်မိသားစု အဖွဲ့သည် မူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းများကို အကူအညီပေးနိုင်ပြီး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကူးစက်ခြင်းမှ ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက် အလက်များကို မူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ပံ့ပိုးပေးနေသော အဖွဲ့တစ်ခုဖြစ်ပါသည်။
သူငယ်ချင်းတစ်ဦး မူးယစ်ဆေးစွဲမှုကြောင့် ဒုက္ခရောက်ရပြီး မူးယစ်ဆေးစွဲမှုမှ ပြန်လည်ရုန်းထွက်နိုင်ရန် ၎င်းတို့က အားပေးကူညီကြသည့်အကြောင်း ရေးဖွဲ့ထားသည့် အများမျှော်လင့်စောင့်စားနေသော ဤသီချင်းကို မြန်မာအနုပညာရှင်များ ဖြစ်ကြသည့် အာဇာနည်၊ G Latt / NC13 Band၊ ဝေလ၊ အောင်လ (Reason)၊ အောင်ထက်၊ အားတီ၊ X-BOXIN၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ကေကေမိုးနှင့် Jewel ydno တို့က ပူးပေါင်းပါဝင် ကူညီသီဆို ပေးထားခြင်းဖြစ်ပါသည်။
ဤသီချင်း၏ အသံဖိုင်နှင့် ဗွီဒီယိုဖိုင်ကို https://tinyurl.com/DGVUH0PE တွင်မည်သူမဆို ဒေါင်းလုတ်ရယူ နိုင်ပါသည်။
မူးယစ်ဆေးစွဲမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းနှင့် အမေရိကန်ပြည်ထောင်စုတွင် သန်းနှင့်ချီသောသူများကို ဒုက္ခရောက် စေပါသည်။ ၎င်းတို့ကို ၎င်းတို့၏မိသားစုဝင်များနှင့် မိတ်ဆွေအပေါင်းအသင်းများက အားပေးကူညီခြင်းဖြင့် အပြောင်းအလဲ တစ်ခုဖြစ်အောင် လုပ်ပေးနိုင်ပါသည်။ ဤအကြောင်းပိုမိုသိရှိလိုပါက ၅၂၈-မူးယစ်ဆေးနှင့်မိသားစုအဖွဲ့ www.facebook.com/druginfoforfamilies/ တွင်ကြည့်နိုင်ပါသည်။ ၅၂၈-မူးယစ်ဆေးနှင့် မိသားစုအဖွဲ့သည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီကတစ်ဆင့် အမေရိကန်သမ္မတ၏ အေအိုင်ဒီအက်စ်ရောဂါကယ်ဆယ်ရေး အရေးပေါ် စီမံကိန်းက ကူညီပံ့ပိုးပေးနေသော အဖွဲ့ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုသည်များကို အမေရိကန်သံရုံး သတင်းပြန်ကြားရေးဌာန USEmbassyRGNPress@state.gov သို့ အီးမေးလ်ပို့၍ မေးမြန်းနိုင်ပါသည်။
### ပြီး ###