နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန၏ပြည်သူ့ရေးရာဌာနကို ဆက်သွယ်ရန် (၂၀၂) ၂၇၀-၇၁၁၆
အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမြန်မာနိုင်ငံတွင်ရောက်ရှိခြင်းနှင့်ထိတွေ့ဆက်ဆံရေးကဏ္ဍတိုးချဲ့ခြင်း
ရန်ကုန်၊ မြန်မာ၊ သြဂုတ် ၈၊ ၂၀၁၆ — အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် ရန်ကုန်မြို့တွင် ၎င်း၏ရုံးခန်းအသစ်တစ်ခု ဖွင့်လှစ်ခြင်းနှင့်အတူ မြန်မာနိုင်ငံအတွင်း ၎င်းဌာန၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဝန်ဆောင်မှုများကိုတိုးချဲ့နေပါသည်။
“မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန ဖွင့်လှစ်ခြင်းက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကနေပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့သန္နိဋ္ဌာန်တွေထဲက တစ်ခု ဖြစ်ပါတယ်” “မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍမှာ ပိုမိုပူးပေါင်းပါဝင်နိုင်ရေးနဲ့ ဒီနိုင်ငံကပြည်သူတွေ လက်တွေ့ ခံစားနိုင်မယ့် စီးပွားရေးအကျိုးရလာဒ်တွေဆောင်ကြဉ်းပေးနိုင်ရေးမှာ အထောက်အကူဖြစ်စေမယ့် အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကိုကူညီပံ့ပိုးပေးသွားဖို့ အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက သန္နိဋ္ဌာန်ချထားပါတယ်” ဟု ရုံးခန်းသစ် တရားဝင် ဖွင့်လှစ်ရန်အတွက် ဝါရှင်တန်ဒီစီမှ ရောက်ရှိနေသူ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန၏ အုပ်ချုပ်ရေးမှူး ဖီးလ် ကာစတင် ကပြောပါသည်။
ယခုလက်ရှိတွင် နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် ရန်ကုန်မြို့တွင် ရုံးခန်းအသစ်ဖွင့်လှစ်ခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများနှင့်သံတမန်အဖွဲ့အစည်းများတွင် ရုံးခန်းပေါင်း ၉၄ ခု ကို ဖွင့်လှစ်ထားရှိ၍ နိုင်ငံပေါင်း ၁၇၁ နိုင်ငံနှင့် ချိတ်ဆက်ကာကွန်ရက်များ ဖွဲ့ထားနိုင်ပြီဖြစ်ပါသည်။ နိုင်ငံတကာဈေးကွက်တည်ဆောက်ခြင်းနှင့် အမေရိကန်အစားအစာနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ခြင်းတို့အပြင် အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းနိုင်ငံများ၏အစားအစာနှင့် လယ်ယာစိုက်ပျိုးရေးစနစ်အားကောင်းလာစေရေးနှင့် အနာဂတ်ကုန်သွယ်ရေး အခွင့်အလမ်းများအတွက် အခြေခံအုတ်မြစ်တစ်ခု ချမှတ်တည်ဆောက်ပေးခြင်းတို့တွင်လည်း နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနက ဦးဆောင်ပေးနေပါသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန၏ အဓိကရေးပါသော ကဏ္ဍဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ စားရေရိက္ခာလိုအပ်နေသူများအတွက် အကူအညီပေးရေးတွင်လည်း နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနက ပံ့ပိုးကူညီပေးနေပါသည်။ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာနသည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီအပါအဝင် အခြားမိတ်ဖက်လက်တွဲဖော်များနှင့်အတူလက်တွဲကာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားရေရိက္ခာ အကူအညီပေးရေးအစီအစဉ်များ စီမံခန့်ခွဲခြင်းနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍတိုးမြှင့်ရေးအတွက် နည်းပညာကျွမ်းကျင်မှု အကူအညီများ ကိုလည်းပံ့ပိုးပေးပါသည်။
နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် ၎င်းလုပ်ငန်းလုပ်ဆောင်လည်ပတ်ရာ နိုင်ငံများ၏အနာဂတ်အတွက် ယင်းနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် စည်းမျဉ်းထိန်းညှိပေးမှုများ အားကောင်းလာစေရေး၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝပတ်ဝန်းကျင်တစ်ခု ပေါ်ပေါက်ရေး ဖော်ဆောင်မှုတို့တွင် အကူအညီပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံပါသည်။ နိုင်ငံတကာသုတေသီများ၊ မူဝါဒဖော်ဆောင်သူများနှင့် လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များအား ၎င်းတို့နှင့် နယ်ပယ်တူကျွမ်းကျင်ရာ အမေရိကန် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်နိုင်ရေး၊ ၎င်းတို့မိခင်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် လိုအပ်သောအတတ်ပညာနှင့် ကျွမ်းကျင်မှုစွမ်းရည်များ ရရှိရေးတို့အတွက် ပညာသင်ဆုအစီအစဉ်များ၊ နှီးနှောဖလှယ်ရေးအစီအစဉ်များကိုလည်း နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနက ပံ့ပိုးပေးပါသည်။
နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနအကြောင်း ပိုမိုသိရှိလိုပါက www.fas.usda.gov အင်တာနက်စာမျက်နှာတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
###