၂၀၂၂ စက်တင်ဘာ ၂၀
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၄င်း၏ နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် ဥပဒေစိုးမိုးရေးဗျူရိုမှတဆင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ထံသို့ အမေရိကန်ဒေါ်လာ ၁သန်း အသစ်ထပ်မံပံ့ပိုးကူညီကြောင်း အသိပေးကြေညာခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံ မစတင်မီ ရက်ပိုင်းအလိုတွင် “ ကြမ်းကြုတ်ရက်စက်သည့်ရာဇဝတ်မှုများကို ကြားနာစစ်ဆေးသည့်တရားခွင်များတွင် ထိခိုက်နစ်နာခဲ့သူများနှင့် မျက်မြင်သက်သေများကို ကာကွယ်စောင့်ရှောက်မှုပေးခြင်း – တရားရုံးများနှင့် အစိုးရများသို့ တောင်းဆိုချက်” ဟူသော ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အတ္တလန္တိတ်ကောင်စီတို့က ပူးတွဲဧည့်ခံကျင်းပခဲ့ကြသည့်အခမ်းအနားတစ်ခုတွင် နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး ဘတ်သ်ဗန်စကာ့ခ်က မြန်မာစစ်တပ်၏ နှိပ်စက်ကလူပြုမှုကိုခံခဲ့ကြရသည့် ထိခိုက်နစ်နာသူများနှင့် သက်သေထွက်ဆိုသူများကို အားပေးပံ့ပိုးနိုင်ရန် ထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီး အခြားသော အစိုးရများကိုလည်း ကြမ်းကြုတ်ရက်စက်သည့်ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် မျက်မြင်သက်သေများကို အလားတူ ကာကွယ်စောင့်ရှောက်မှုအကူအညီများ ပေးအပ်ကြပါရန်တောင်းဆိုခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် သက်သေများကို အကာအကွယ်ပေးရန် အထင်အရှားနှင့် အပူတပြင်း လိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသူများနှင့် သက်သေများက ထုတ်ဖော်ပြောဆိုသော ယုံကြည်လက်ခံနိုင်သည့် သတင်းအချက်အလက်များသည် စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အဆိုပါအာဏာရှင်အဖွဲ့အစည်းသည် အင်အားသုံး အစဖျောက်မှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများမှတဆင့် ဆန့်ကျင်ကွဲပြားသည့် ထုတ်ဖော်ပြောဆိုသံများကို မျက်ခြေမပြတ်ပစ်မှတ်ထားလျက်ရှိပါသည်။ ယခုပံ့ပိုးကူညီမှုသည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်ရာတွင် ယန္တရား၏ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်သည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး အရေးပါသော ယုံကြည်လက်ခံနိုင်သည့် အချက်အလက်များ ရယူနိုင်သည့် အခွင့်အလမ်းပိုမိုကောင်းမွန်စေသကဲ့သို့ ထိခိုက်နစ်နာသူများနှင့် သက်သေများအပေါ် အကာအကွယ်ပေးနိုင်ရန် IIMM ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ပိုမိုအထောက်အကူပြုပါလိမ့်မည်။
မြန်မာနိုင်ငံတစ်ဝန်းမှ ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှုရှိစေရေးနှင့် ကြမ်းကြုတ်ရက်စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင် ရှိပါသည်။
ပိုမိုသိရှိလိုပါက ကျေးဇူးပြုပြီး INL-PAPD@state.gov သို့ အီးမေးလ်ပို့ခြင်း သို့မဟုတ် INL ၏ တွစ်တာအကောင့် @StateINL ကို စောင့်ကြည့်နိုင်ပါသည်။