ချက်ချင်းထုတ်ပြန်ရန်
စက်တင်ဘာ ၆၊ ၂၀၁၉
စိုက်ပျိုးရေးဝင်ငွေနှင့်အစာအာဟာရကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်နှင့်မြန်မာတက္ကသိုလ်မှ ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်ခြင်း
နေပြည်တော်။ ။ အမေရိကန်အစိုးရအစီအစဉ်တစ်ခုသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးကဏ္ဍအတွင်း ဆက်လက်၍ ပြောင်းလဲဖော်ဆောင်လျက်ရှိသော ပိုမိုတိုးတက်ကောင်းမွန်လာသည့် သိရှိနားလည်မှုများကတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များကို အကူအညီပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင် နှုန်းသော အိမ်ထောင်စုများသည် စိုက်ပျိုးထုတ်လုပ်ရေးက တစ်ဆင့်သော်လည်းကောင်း သို့မဟုတ် လုပ်အားခများက တစ်ဆင့်သော်လည်းကောင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစာအာဟာရအဖြစ်ရော ဝင်ငွေအရင်းအမြစ် တစ်ခုအနေဖြင့်ပါ မှီခိုအားထားနေရပါသည်။ ကျေးလက်ဒေသစီးပွားရေးကဏ္ဍ မည်သို့ ပြောင်းလဲနေသည့်အကြောင်း သိရှိနားလည်ခြင်းသည် စိုက်ပျိုးမွေးမြူရေးအလုပ် လုပ်ကိုင်ကြသော အိမ်ထောင်စုများ အတွက် အစာအာဟာရနှင့် အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်ရေးအတွက် ပိုမိုကောင်းမွန်သော မူဝါဒများနှင့် အစီအမံများ ချမှတ်ဖော်ဆောင်ရာတွင် မြန်မာအစိုးရအတွက် အထောက်အကူဖြစ်စေပါသည်။ သာဓကအနေဖြင့် တောင်သူ လယ်သမားများသည် ဝမ်းစာဖူလုံရေးစိုက်ပျိုးမှုမှသည် ကူးသန်းရောင်းဝယ်ရေး ဈေးကွက်အတွင်း၌ ကူးပြောင်း ပါဝင်လာကြသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်များပြား လာကြောင်း မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်အတွင်း ၂၀၁၇ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းအချက် အအလက်များက ဖော်ပြနေပါသည်။ အပူပိုင်းဇုန်သည် မကွေးတိုင်းဒေသကြီးမှသည် မန္တလေးတိုင်းဒေသကြီးအထိ ကျယ်ပြန့်ပြီး လူဦးရေတတိယအများဆုံး နေထိုင်ကြသည်။
သုတေသနစွမ်းရည်များနှင့် အချက်အလက် လေ့လာခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကတစ်ဆင့် ဤလားရာလမ်းကြောင်းများကို ပိုမိုသိရှိနားလည်သဘောပေါက်ရန်အတွက် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်မှ အမေရိကန် ကျွမ်းကျင်သူများသည် မြန်မာလုပ်ဖော်ကိုင်ဖက်ကျွမ်းကျင်သူများနှင့် စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ အတူလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့အတူလက်တွဲဆောင်ရွက်မှုက ဤနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းနေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်ရစ် မနေစေရန်အတွက် အစိုးရကို အထောက်အကူပြုမည် ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနတွင်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သရုပ်ခွဲလေ့လာသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်မှ ကျွမ်းကျင်သူတို့သည် အမေရိကန်အကူအညီစီမံကိန်းကတစ်ဆင့် ရည်မှန်းထားသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဒေသများအတွင်း ငါးနှစ်တာ ကောက်ယူခဲ့သည့် အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီသည် မြန်မာမိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ အချက်အလက်များကို ဒေသအလိုက် စစ်တမ်းကောက်ယူ၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများ ဆောင်ရွက်ပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပထမဆုံးဖွဲ့စည်းမည့် စိုက်ပျိုးရေးမူဝါဒဌာနခွဲ အတွက် အကူအညီများပေးအပ်ကာ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို အထောက်အကူပြုစေမည့် သုတေသန၊ မျိုးစေ့၊ ဆည်မြောင်းနှင့် အခြားကဏ္ဍများ ပြုပြင်ပြောင်းလဲရေးကိုလည်းမြှင့်တင်ပေးပါသည်။ ၂၀၁၄ ခုနှစ်က စတင်ခဲ့သော အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ စားနပ်ရိက္ခာ ဖူလုံရေးမူဝါဒ စီမံကိန်းသည် မြန်မာနိုင်ငံတစ်ဝန်း တောင်သူလယ်သမားများ၏ဘဝ ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် နိုင်ငံ၏ကျေးလက်စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို အကူအညီပေးရန်အတွက် ၂၀၂၀ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
“စီးပွားရေး ပြုပြင်ပြောင်းလဲမှုကနေ နယ်ပယ်ဒေသအားလုံးမှာရှိကြတဲ့တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့က အရေးကြီးပါတယ်” ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ စက်တင်ဘာ ၅ ရက်က သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီကပြောပါသည်။ “ဒါကြောင့် မြန်မာ လုပ်ဖော်ကိုင်ဖက်တွေ ဒီအချက်အလက်တွေကို အသုံးချပြီး နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးကဏ္ဍ၊ အာဟာရဖွံ့ဖြိုးရေးကဏ္ဍ၊ ကျေးလက်ဒေသ သက်မွေးဝမ်းကျောင်းမှု ကဏ္ဍတွေကို ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ကြမလဲဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အသိပေးတင်ပြပေးနိုင်ကြမှာကို မြင်တွေ့ရမှာမို့လည်း ဝမ်းမြောက်မိပါတယ်” ဟု သူမက ထပ်ပြောပါသည်။ အလားအလားရှိသော တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့်ပတ်သက်၍ မြန်မာအစိုးရ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို လွန်ခဲ့သော ငါးနှစ်အတွင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ စီမံကိန်း၏ အချက်အလက်များက အသိပေးတင်ပြခဲ့ပြီး ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတစ်ဝန်း တောင်သူလယ်သမားများနှင့်ပြည်သူများ၏ဘဝ ပိုမိုတိုးတက် ကောင်းမွန်ရေး ကြိုးစားအားထုတ်မှုများကို အားပေးကူညီရန်ရည်မှန်းပါသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက ဖော်ဆောင်သော နည်းလမ်းတစ်ခုမှာ မူဝါချမှတ်ဖော်ဆောင်ရာတွင် အချက်အလက်များ အသုံးချနိုင်ရန် အတွက် နိုင်ငံတော်အဆင့် စွမ်းရည်မြှင့်တင်ပေးခြင်းဖြစ်သည်။ သည့်အတွက်ကြောင့် မြန်မာနိုင်ငံ၏ ဆက်လက် ဖော်ဆောင်နေသော စီးပွားရေးပြုပြင်ပြောင်းလဲမှုက ပြည်သူများအတွက်အကျိုးရှိစေမည့် ၎င်း၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ယခုကျင်းပသော အလုပ်ဆွေးနွေးပွဲသည် ဤနိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေမည့် အားလုံးပါဝင်၍ ပွင့်လင်းမြင်သာမှုရှိသော မူဝါဒလုပ်ငန်းစဉ်များ မြန်မာနိုင်ငံအတွင်း မြှင့်တင်အားပေးရေးအတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် အဘက်ဘက်မှ ကြိုးပမ်းအားထုတ် နေသော အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
### ပြီး ###