အမေရိကန်သံအမတ်ကြီးဦးဆောင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မန္တလေးသို့သွားရောက်ခြင်း

ချက်ချင်းထုတ်ပြန်ရန်
ဖေဖော်ဝါရီ ၅၊ ၂၀၂၀

အမေရိကန်သံအမတ်ကြီးဦးဆောင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မန္တလေးသို့သွားရောက်ခြင်း

မန္တလေး။ ။ အမေရိကန်သံအမတ်ကြီးစကော့မာစီရယ်သည် အမေရိကန်ပြည်ထောင်စုနှင့်ဒေသတွင်းရှိ ကုမ္ပဏီ ၁၃ ခု၊ အမေရိကန် ကုန်သည်ကြီးများအသင်း (မြန်မာ)၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်​ဆောင်မှုအဖွဲ့တို့ ပါဝင်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တစ်ခုကိုဦးဆောင်၍ မန္တလေးသို့သွားရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှု တိုးချဲ့ရေးနှင့် စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရေးအတွက် အခွင့်အလမ်းများကို စူးစမ်းရှာဖွေကြခြင်းဖြစ်ပါသည်။

အမေရိကန်စီးပွားရေးအဖွဲ့၏ နှစ်ရက်တာမန္တလေးခရီးစဉ်အတွင်း စီးပွားရေးကိုယ်စားလှယ်အယောက် ၂၀ သည် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အချိတ်အဆက် ရရှိရန်အတွက် စီးပွားရေးလုပ်ငန်းပြပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့ကြပါသည်။

“မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် အမေရိကန်အစိုးရက သန္နိဋ္ဌာန်ချထားပါတယ်” ဟု အမေရိကန်စီးပွားရေးပြပွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင် သံအမတ်ကြီး မာစီရယ်က ပြောကြားပါသည်။

မန္တလေးသို့သွားရောက်သည့် အမေရိကန်စီးပွားရေးအဖွဲ့တွင် Astrophysics, CB Bank, Coca-Cola Limited, Colliers International Myanmar, Global Technology Group, Han Golf Masters, KBZ Bank, Myan Shwe Pyi Tractors (MSP CAT), PanAust Services (Myanmar), Tapout Fitness, Thanlwin Legal, United Franchise Group နှင့် Vriens & Partners တို့ပါဝင်ပါသည်။

အမေရိကန်စီးပွားရေးပြပွဲသည် အမေရိကန်ကုမ္ပဏီများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှု ရရှိစေရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။ အမေရိကန်ကုမ္ပဏီများ စီးပွားရေးအခွင့်အလမ်းရှာဖွေနိုင်ရေးနှင့် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဆက်ဆံရေးတိုးမြှင့်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် အမေရိကန်အစိုးရသည် အာဆီယံဒေသအတွင်း ပထမဆုံးသော အမေရိကန်စီးပွားရေးကော်နာတစ်ခုကို ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက မန္တလေးတွင်ဖွင့်လှစ်ခဲ့ပါသည်။

အသင်းနှင့်ပတ်သက်၍…

အမေရိကန်ကုန်သည်ကြီးများအသင်း (မြန်မာ) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ယနေ့လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား ၂၀,၀၀၀ ကျော်ကို အလုပ်ခန့်အပ်ထားသည့် ကုမ္ပဏီပေါင်း ၁၈၅ ခုကျော် အသင်းဝင်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန်နှင့် အရည်အသွေးမြင့် စီးပွားရေး စံချိန်စံညွှန်းများတိုးမြှင့်ရန်ဟူသော ဘုံရည်မှန်းချက်နှင့်အတူ စီးပွားရေးလုပ်ငန်းများနှင့်လူမျိုးများ မတူကွဲပြားခြင်းတို့ပေါင်းစုံနေသည့် စုစည်းမှုတစ်ရပ်ကို ဤကုမ္ပဏီများက ကိုယ်စားပြုပါသည်။ အမေရိကန်ကုန်သည်ကြီးများအသင်း (မြန်မာ) က ခံယူထားသည့်အထူးတာဝန်မှာ ပြည်တွင်းမိတ်ဖက် လက်တွဲမှုများကို တိုက်တွန်းအားပေးခြင်းနှင့် အရည်အသွေးမြင့် စီးပွားရေးစံချိန်စံညွှန်းများကို စွဲကိုင်ထားခြင်းဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း မြှင့်တင်ချိတ်ဆက်ပေးရေး ဖြစ်ပါသည်။

### ပြီး ###