မြန်မာ စစ်တပ်နှင့် ဆက်နွှယ်သည့် အရာရှိကြီးများနှင့်မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန
ဇူလိုင် ၂၊ ၂၀၂၁
ဝါရှင်တန် – မြန်မာစစ်အာဏာရှင်နှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) က ယနေ့ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။
ယနေ့ အရေးယူလိုက်သည့် လူပုဂ္ဂိုလ်များတွင် တိုင်းပြည်တွင်း ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများကို ဆက်လက်ဖိနှိပ်နေကာ ကလေးများ၊ တိုင်းရင်းသားလူနည်းစုများအပါအဝင် မြန်မာပြည်သူလူထုအပေါ် သေစေနိုင်သော အင်အားအသုံးပြုမှုများ ဆက်လက် ပြုလုပ်နေသည့် မြန်မာစစ်တပ်၏ အဓိက အဖွဲ့ဝင် ခုနစ်ဦး ပါဝင်သည်။ အခြား ၁၅ ဦးမှာ ၎င်းတို့၏ ငွေကြေး ကွန်ရက်များက စစ်တပ် အရာရှိများ၏ မတော်မတရား ပိုင်ဆိုင်မှုများကို ရရှိစေခဲ့သဖြင့် ယခင်က အရေးယူခဲ့သော အကြီးတန်း မြန်မာစစ်တပ် အရာရှိများ၏ အိမ်ထောင်ဖက်များ သို့မဟုတ် အရွယ်ရောက်ပြီး ကလေးများ ဖြစ်ကြသည်။ ထုလူပုဂ္ဂိုလ်များကို “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အိုအက်ဖ်အေစီ က အရေးယူခြင်းဖြစ်သည်။ ဤအရေးယူမှုများသည် မြန်မာပြည်သူလူထုကို ရည်ရွယ်ခြင်းမဟုတ်ပါ။
“ဒီမိုကရေစီကို စစ်တပ်ရဲ့ နှိမ်နှင်းမှုနဲ့ မြန်မာပြည်သူလူထုအပေါ် ရက်စက်တဲ့ အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး” “ဒီနေ့ အရေးယူမှုဟာ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေအတွက် ဝင်ငွေရင်းမြစ်တွေအပါအဝင် မြန်မာစစ်တပ်အပေါ် အထိနာစေမယ့် အရေးယူမှုတွေတိုးမြှင့်လုပ်ဆောင်ရေး၊ စစ်အာဏာသိမ်းမှုနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူအနေနဲ့ တာဝန်ယူခံရစေရေးကို တိုးမြှင့်လုပ်ဆောင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း လက်တွေ့ ပြသလိုက်ခြင်းဖြစ်ပါတယ်” ဟု နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန ဒါရိုက်တာ အန်ဒရေ အမ် ဂက်ကီက ပြောကြားသည်။
ဤအရေးယူမှုများသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရို (ဘီအိုင်အက်စ်) က နောက်ထပ် အရေးယူမှုအဖြစ် မြန်မာစစ်တပ်အား အထောက်အပံ့ပေးခဲ့သည့် အဖွဲ့အစည်း လေးခုအား ကန့်သတ်စာရင်းအတွင်း ထည့်သွင်းလိုက်သည့် ယနေ့ ကြေညာချက်အတွက် ဖြည့်စွက်ဆောင်ရွက်မှုဖြစ်သည်။ ဇူလိုင် ၂ ရက်နေ့ကစတင်၍ ဘီအိုင်အက်စ်သည် Supp. No. 4 to Part 744 of the Export Administration Regulations, 15 CFR Parts 730-774 (EAR): ပြဌာန်း ထားသော ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကန့်သတ်စာရင်း၌ အောက်ပါ အဖွဲ့ အစည်း လေးခုအား ထည့်သွင်းလိုက်သည် — မြန်မာစစ်တပ်ကို အထောက်အကူပြုသည့် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု များပေးအပ်သော King Royal Technologies Co., Ltd.၊ ၂၀၂၁ ခုနှစ် မတ်လတွင် ကန့်သတ်စာရင်းထဲ ထည့်ပြီးဖြစ်သည့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် ဝင်ငွေခွဲဝေ ခံစားရေး စာချုပ်ချုပ်ဆိုထားကြသော ဝမ်ပေါင်သတ္ထုတူးဖော်ရေးကုမ္ပဏီနှင့် ယင်း၏ လက်အောက်ခံကုမ္ပဏီ နှစ်ခု ဖြစ်သော Myanmar Wanbao Mining Copper, Ltd. နှင့် Myanmar Yang Tse Copper ဟူသော ကြေးနီသတ္တုထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်သည်။ MEHL အား ငွေတိုက်ဝန်ကြီးဌာနက သမ္မတအမိန့်အမိန့်အမှတ် ၁၄၀၁၄ အရ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်ကအရေးယူခဲ့သည်။ ကန့်သတ်စာရင်းထဲ ထည့်သွင်းခံရသည့် အကျိုးဆက်အဖြစ် အဆိုပါ အဖွဲ့လေးဖွဲ့သို့ ဦးတည်သည့် EAR ပါ ပစ္စည်းများအားလုံးမှာ လိုင်စင် လိုအပ်မည် ဖြစ်ပြီး လျှောက်ထားလာသည့် လိုင်စင် လျှောက်ထားမှုများအား ငြင်းပယ်သည်ဟု မှတ်ယူသည့် မူဝါဒဖြင့် ဘီအိုင်အက်စ်က စီစစ်သွားမည် ဖြစ်သည်။
ယနေ့ အရေးယူမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာစစ်တပ်အစိုးရ အဖွဲ့ဝင်များဖြစ်သော အောက်ပါ ပုဂ္ဂိုလ် ခုနစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်၊ သို့မဟုတ် ယင်းနေ့ နောက်ပိုင်း မြန်မာအစိုးရ ခေါင်းဆောင်များ သို့မဟုတ် အရာရှိများ ဖြစ်သည် သို့မဟုတ် ဖြစ်ခဲ့သည်ဟူသော အချက်ဖြင့် သမ္မတအမိန့်အမိန့်အမှတ် ၁၄၀၁၄ အရ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်-
- စောဒန်နီယယ်၊ ဗညားအောင်မိုးနှင့် ဒေါ်အေးနုစိန် တို့သည် ဒီမိုကရေစီ နည်းကျရွေးကောက်ထားသော အရပ်သားအစိုးရကို တရားမဝင် ဖြုတ်ချရေး အထောက်အပံ့ဖြစ်စေရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်တပ်က ဖွဲ့စည်းခဲ့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ယင်း ကောင်စီကို သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်တွင် အရေးယူမှုသတ်မှတ်ခဲ့ပြီးဖြစ်သည်။
- ချစ်နိုင် သည် ပြန်ကြားရေးဝန်ကြီး ဖြစ်သည်။
- အောင်နိုင်ဦး သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်မှု ဝန်ကြီး ဖြစ်သည်။
- မြင့်ကြိုင် သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဖြစ်သည်
- သက်သက်ခိုင် သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဖြစ်သည်။
အထက်ဖော်ပြပါ လူပုဂ္ဂိုလ်များအပြင် အောက်ပါ လူပုဂ္ဂိုလ် ၁၅ ဦးသည် ပိုင်ဆိုင်ပစ္စည်း သို့မဟုတ် အကျိုး စီးပွားအား သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများ၏ အိမ်ထောင်ဖက် သို့မဟုတ် အရွယ်ရောက်ပြီးကလေးများ ဖြစ်သည့်အတွက် သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်-
- ကြူကြူလှ သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည် SAC ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဖြစ်သည်။
- သန်းသန်းနွယ် သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည် SAC ဒု-ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဇနီး ဖြစ်သည်။
- သက်သက်အောင် သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည် SAC အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ဇနီး ဖြစ်သည်။
- သန်းသန်းအေး သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည် SAC အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဇနီး ဖြစ်သည်။
- အောင်မာမြင့် သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အရေးယူခဲ့သည် SAC အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ဇနီး ဖြစ်သည်။
- ခိုင်ပပချစ် သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အရေးယူခဲ့သည် SAC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ဇနီး ဖြစ်သည်။
- မိုးထက်ထက်ထွန်း သည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အရွယ်ရောက်ပြီးကလေးတစ်ဦး ဖြစ်သည်။
- ခိုင်မိုးမြင့် သည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အရွယ်ရောက်ပြီးကလေးတစ်ဦး ဖြစ်သည်။
- ရတနာမိုးမြင့် သည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အရွယ်ရောက်ပြီးကလေးတစ်ဦး ဖြစ် သည်။
- ဒေါ်နီလာ သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည့် SAC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီးဖြစ်သည်။
- သိမ့်သဉ္ဇာရဲ သည် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ အရွယ်ရောက်ပြီးကလေးတစ်ဦး ဖြစ်သည်။
- ဥမ္မာမြင့် သည် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အရေးယူခဲ့သည့် SAC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဇနီးဖြစ်သည်။
- ရွှေရဲဖူးအောင် သည် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ အရွယ်ရောက်ပြီးကလေးတစ်ဦး ဖြစ်သည်။
- လှိုင်ဘွားအောင် သည် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ အရွယ်ရောက်ပြီးကလေး တစ်ဦး ဖြစ်သည်။
- ဖြိုးအာကာအောင် သည် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ အရွယ်ရောက်ပြီး ကလေးတစ်ဦး ဖြစ်သည်။
ယနေ့ အိုအက်ဖ်အေစီ ၏ အရေးယူမှုကြောင့် အထက်တွင် အမည်ဖော်ပြထားသော လူပုဂ္ဂိုလ်များ၏ အမေရိကန်ပြည်ထောင်စုရှိ ပစ္စည်းအားလုံးနှင့် အကျိုးစီးပွားအားလုံး သို့မဟုတ် အမေရိကန် လူပုဂ္ဂိုလ်များလက်ဝယ်ရှိ သို့မဟုတ် ထိန်းချုပ်ထားသည့် ပစ္စည်းအားလုံး သို့မဟုတ် အကျိုးစီးပွားအားလုံးကို ပိတ်ဆို့တားမြစ်ပြီး အိုအက်ဖ်အေစီ သို့ သတင်းပို့ရမည် ဖြစ်သည်။ ထို့အပြင် အထက်ပါ ပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် တစ်ဦးမက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် စုစုပေါင်း ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကိုလည်း ထိန်းချုပ်ပိတ်ဆို့ လိုက်သည်။
အိုအက်ဖ်အေစီက ထုတ်ပေးသည့် အထွေထွေ သို့မဟုတ် အထူး လိုင်စင်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် ကင်းလွတ်ခွင့်ပေးခြင်း မရှိလျှင် အထက်ပါ သတ်မှတ် သို့မဟုတ် ပိတ်ဆို့ထားသူများ၏ ပိုင်ဆိုင်ပစ္စည်း သို့မဟုတ် ပစ္စည်းရှိ အကျိုးစီးပွား ပါဝင်ပတ်သက်သော လုပ်ငန်းကိစ္စများအားလုံးကို အမေရိကန်ပြည်ထောင်စုမှ လူပုဂ္ဂိုလ်များ သို့မဟုတ် အမေရိကန်ပြည်ထောင်စု အတွင်း (သို့မဟုတ် ဖြတ်သန်း၍) ဆောင်ရွက်ခြင်းကို တားမြစ်သည်။ တားမြစ်မှုများတွင် ထိန်းချုပ်ပိတ်ဆို့ခံထားရသူများက လည်းကောင်း၊ ထိန်းချုပ်ပိတ်ဆို့ခံထားရသူများထံသို့လည်းကောင်း၊ ၎င်းတို့ အကျိုးစီးပွားအတွက်လည်းကောင်း၊ ရန်ပုံငွေ၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု ထည့်ဝင်ခြင်း သို့မဟုတ် ပေးအပ်ခြင်းတို့ ပြုလုပ်ခြင်း၊ သို့မဟုတ် အထက်ပါ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ရန်ပုံငွေ၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု ထည့်ဝင်ခြင်း သို့မဟုတ် ပေးအပ်ခြင်းတို့ လက်ခံခြင်းကို တားမြစ်သည်။
ယနေ့ ပိတ်ဆို့လိုက်သည့် လူပုဂ္ဂိုလ်များဆိုင်ရာ နောက်ထပ် အချက်အလက်ကို https://home.treasury.gov/policy-issues/financial-sanctions/recent-actions/20210702 တွင် ကြည့်ပါ။