မြန်မာနိုင်ငံရှိ တပ်မတော်နေ့မတိုင်မီ… ဘဏ္ဍာရေး ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ 

မြန်မာနိုင်ငံရှိ တပ်မတော်နေ့မတိုင်မီ စစ်ခေါင်းဆောင်များ၊ စစ်တပ်နှင့် ဆက်နွှယ်သော ခရိုနီများနှင့် စီးပွားရေးလုပ်ငန်းများနှင့် တပ်မများကို ဘဏ္ဍာရေး ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ 

 

သတင်းထုတ်ပြန်ချက်
မတ်လ ၂၅ရက် ၂၀၂၂ 

ဝါရှင်တန်သမ္မတအမိန့်အမှတ် (E.O) 14014 နှင့်အညီ မြန်မာနိုင်ငံ စစ်အစိုးရနှင့် ချိတ်ဆက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ငါးခုကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန (OFAC) က ယနေ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ ဤအရေးယူမှုသည် စစ်အစိုးရက ၇၇ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဆင်နွှဲရန် ပြင်ဆင်နေစဉ် ထုတ်ပြန်ခြင်း ဖြစ်သည်။ မြန်မာ စစ်အာဏာရှင်အဖွဲ့သည် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတို့ ကျူးလွန်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုက ကောက်ချက်ချခဲ့ပါသည်။ စစ်တပ်သည် ဆယ်စုနှစ်များစွာ အခြားသော လူနည်းစုနှင့် ဘာသာခြား တိုင်းရင်းသား အုပ်စုများအပေါ် ရက်စက်ယုတ်မာမှုများနှင့် အခြားသော အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်း နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို အကြမ်းဖက် ဖိနှိပ်ခြင်းနှင့် ယခင်နှစ် တပ်မတော်နေ့တွင်  ဒီမိုကရေစီ ရရှိရေး ကန့်ကွက်ဆန္ဒပြသူ လူပေါင်း ၁၀၀ ကျော် သေစေခဲ့သည့် အပြစ်မဲ့ပြည်သူများအားအကြမ်းဖက်မှုအပါအဝင် မြန်မာပြည်သူများအပေါ် ရက်စက်ယုတ်မာသော လုပ်ရပ် များစွာကို စစ်တပ်က ကျူးလွန်ခဲ့ပါသည်။ 

လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ မြန်မာစစ်အစိုးရ အုပ်ချုပ်မှုရဲ့ အမှတ်အသားတွေ ဖြစ်လာခဲ့ပါပြီ။ ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံရမယ် ဆိုတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကတိပြုပါတယ်။ စစ်တပ်ကို အတိုက်အခံပြုရာမှာ ရဲရဲဝံ့ဝံ့ ရပ်တည်ကြသူတွေ အပါအဝင် မြန်မာပြည်သူများဘက်က မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမယ် ဟု ဒုတိယလက်ထောက်ဘဏ္ဍာရေးဝန်ကြီး (အကြမ်းဖက်ဝါဒနှင့် ငွေရေးကြေးရေးဆိုင်ရာထောက်လှမ်းရေ) Brian E. Nelson က ပြောကြားခဲ့ပါသည်။ 

မြန်မာစစ်တပ် 

သမ္မတအမိန့်အမှတ် ၁၄၀၁၄အရ ယနေ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းမှာ မြန်မာပြည်သူများကို ညှဉ်းပန်းနှိပ်စက်မှုနှင့် မြန်မာနိုင်ငံရှိ အခြား ပြင်းထန်ဆိုးဝါးသည်လူ့အခွင့်အရေးအကြမ်းဖက်မှုများအတွက် တာဝန်ရှိမှု သို့မဟုတ် ကျူးလွန်မှု၊ သို့မဟုတ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်မှု၊ သို့မဟုတ် ပါဝင်ပတ်သက်ရန် ကြိုးပမ်းအားထုတ်မှုတို့အတွက် OFACက ပြည်မြို့နယ်အတွင်းအခြေစိုက်သည့် အမှတ် ၆၆ ခြေမြန်တပ်မ (66 LID) ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ခြင်းဖြစ်ပါသည်။ တမခ ၆၆ အဖွဲ့ဝင်များသည် ၂၀၂၁ခုနှစ် ခရစ္စမတ်အကြိုနေ့တွင် ပြည်နှင့် ကရင်ပြည်နယ် ဖရူဆိုမြို့နယ်များရှိ အရပ်သားများကို အရှင်လတ်လတ် မီးရှို့ခြင်းအပါအဝင် ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း အစရှိသည့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့သည်။ သေကြေပျက်စီးသူများထဲတွင် အမျိုးသမီး၊ ကလေးသူငယ်နှင့် လူမှုကူညီရေး လုပ်သားများလည်း ပါဝင်ခဲ့ပါသည်။ 

တမခ ၆၆ အပြင် မြန်မာနိုင်ငံ၏ စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ခေါင်းဆောင် သို့မဟုတ် အရာရှိ နှစ်ဦးကိုလည်း OFAC က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူ ခဲ့ပါသည်။ ၄င်းတို့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကာကွယ်ရေဝန်ကြီးဌာန၏ နည်းပညာဌာန ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သူ ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် နေပြည်တော်စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်သူ ဗိုလ်ချုပ် ဇော်ဟိန်းတို့လည်း ပါဝင်ပါသည်။ 

မြန်မာစစ်တပ်ကို ကူညီပံ့ပိုးမှု 

လက်နက် ရောင်းဝယ်သူများ 

မြန်မာစစ်အစိုးရအတွက် လက်နက်ကိရိယာများ ပံ့ပိုးခြင်းနှင့် စပ်လျဉ်းသည့် အောက်ပါ လူပုဂ္ဂိုလ်နှင့် ဆက်စပ်အဖွဲ့အစည်းများကိုလည်း OFAC က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ 

နိုင်ထွဋ်အောင်သည် မြန်မာ့စီးပွားရေး၏ ကာကွယ်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ နိုင်ထွဋ်အောင်သည် တရုတ်ကုမ္ပဏီများထံမှ စက်ပစ္စည်းများကို ဝယ်ယူခဲ့ပြီး  ဖေဖော်ဝါရီလ ၁၁ရက် ၂၀၂၁ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်များနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် လက်နက် ရောင်းဝယ်သူတစ်ဦး ဖြစ်သည်။ နိုင်ထွဋ်အောင် ပိုင်ဆိုင်သော သို့မဟုတ် ကိုင်တွယ်ထိန်းချုပ်သော International Gateways Group of Company Limited ကိုလည်း သမ္မတ အမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူ ခဲ့ပါသည်။ 

အောင်လှိုင်ဦး သည် မြန်မာ့စီးပွားရေး၏ ကာကွယ်ရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်း အရေးယူခဲ့ပါသည်။ အောင်လှိုင်ဦးသည် ပြည်တွင်း အသုံးပြုမှုနှင့် ပြင်ပတင်ပို့ရန်အတွက် စစ်လက်နက် ကိရိယာများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် စီမံကိန်းတွင် ၄င်းပိုင် ကုမ္ပဏီဖြစ်သော Myanmar Chemical & Machinery မှတဆင့် အဓိက ပုဂ္ဂိုလ်တစ်ဦး အဖြစ် ပါဝင်ခဲ့ပါသည်။ အထူးသဖြင့် အဆိုပါစက်ရုံမှထုတ်လုပ်သည့် စစ်လက်နက်များတွင် ယခင်က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့သော ကာကွယ်ရေး ဦးစီးဌာနလုပ်ငန်းများနှင့် ဆက်စပ်သည့် တင့်ကားနှင့် မော်တာတို့ပါဝင်ပါသည်။ အောင်လှိုင်ဦး ပိုင်ဆိုင်သော သို့မဟုတ် ကိုင်တွယ်ထိန်းချုပ်သော Myanmar Chemical & Machinery ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ 

စစ်တိုင်းအောင် သည် မြန်မာ့စီးပွားရေး၏ ကာကွယ်ရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခြင်းအတွက် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ စစ်တိုင်းအောင်သည် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ်ဆောင်ရွက်ရာတွင် ရောင်းဝယ်မှုများအတွက် ၎င်း၏ ကုမ္ပဏီများကို ရှေ့မျက်နှာစာအဖြစ်အသုံးချခဲ့သည်။ သူသည် စစ်ခေါင်းဆောင်များ၊ အောင်လှိုင်ဦးနှင့် နိုင်ထွဋ်အောင် အပါအဝင် အခြား အဓိက လက်နက်ပံ့ပိုးသူများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ 

ပိတ်ဆို့ခံထားသူများ ပိုင်ဆိုင်သော ကုမ္ပဏီများ 

အဆုံးသတ်အနေဖြင့် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ အောက်ဖော်ပြပါ လုပ်ငန်း / အဖွဲ့အစည်းများကိုလည်း ၄င်းတို့သည် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ယခင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်သော လူပုဂ္ဂိုလ် နှင့် ၄င်းတို့၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများအတွက်ဆောင်ရွက်ပေးခြင်းကြောင့်သော်လည်းကောင်း ကိုယ်စားပြုခြင်းကြောင့်သော်လည်းကောင်း၊ ၄င်းတို့ကို အဆိုပါလူပုဂ္ဂိုလ်များက ပိုင်ဆိုင်ခြင်းကြောင့်သော်လည်းကောင်း၊ ထိန်းချုပ်ကိုင်တွယ်သောကြောင့်သော်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စာရင်းတွင် ထည့်သွင်းလိုက်ပါသည်။မြန်မာ့စီးပွားရေး၏ ကာကွယ်ရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခြင်းအတွက် ဇန်နဝါရီလ ၃၁ရက် ၂၀၂၂ က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့သည့်  ဦးတေဇပိုင်ဆိုင်သော သို့မဟုတ် ကိုင်တွယ်ထိန်းချုပ်သော Htoo Group of Companies ကို သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းအရေးယူခဲ့ပါသည်။ အကျိုးဆက်အားဖြင့် Htoo Group of Companies က ပိုင်ဆိုင်သော သို့မဟုတ် ကိုင်တွယ်ထိန်းချုပ်သော Asia Green Development Bank Ltd ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ စာရင်းတွင် ဆက်လက်ထည့်သွင်းအရေးယူခဲ့ပါသည်။ 

အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ၏ အကျိုးဆက်များ 

သမ္မတ၏ အမိန့်ထုတ်ပြန်ချက် ၁၄၀၁၄ အရ ယနေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု၏ ရလဒ်မှာ အထက်တွင် အမည်ဖော်ပြထားသော လူပုဂ္ဂိုလ်များ၏ အမေရိကန်ပြည်ထောင်စုရှိ ပစ္စည်းအားလုံးနှင့် အကျိုးစီးပွားအားလုံး သို့မဟုတ် အမေရိကန် လူပုဂ္ဂိုလ်များလက်ဝယ်ရှိ သို့မဟုတ် ထိန်းချုပ်ထားသည့် ပစ္စည်းအားလုံး သို့မဟုတ် အကျိုးစီးပွားအားလုံးကို ပိတ်ဆို့တားမြစ်ပြီး အိုအက်ဖ်အေစီ သို့ သတင်းပို့ရမည် ဖြစ်သည်။ ထို့အပြင် အထက်ပါ ပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် တစ်ဦးမက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် စုစုပေါင်း ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကိုလည်း ထိန်းချုပ်ပိတ်ဆို့ လိုက်သည်။ 

OFAC က ထုတ်ပေးသည့် အထွေထွေ သို့မဟုတ် အထူး လိုင်စင်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် ကင်းလွတ်ခွင့်ပေးခြင်း မရှိလျှင် ယေဘုယျအားဖြင့် OFAC စည်းမျဉ်းဥပဒေများက အထက်ပါ သတ်မှတ် သို့မဟုတ် ပိတ်ဆို့ထားသူများ၏ ပိုင်ဆိုင်ပစ္စည်း သို့မဟုတ် ပစ္စည်းရှိ အကျိုးစီးပွား ပါဝင်ပတ်သက်သော  လုပ်ငန်းကိစ္စများအားလုံးကို အမေရိကန်ပြည်ထောင်စုမှ သို့မဟုတ် အမေရိကန်ပြည်ထောင်စု အတွင်း (သို့မဟုတ် အမေရိကန်ပြန်ထောင်စုကိုဖြတ်သန်းနေစဉ်) လူပုဂ္ဂိုလ်များက ဆောင်ရွက်ခြင်းကို တားမြစ်သည်။ တားမြစ်မှုများတွင် ထိန်းချုပ်ပိတ်ဆို့ခံထားရသူများက လည်းကောင်း၊ ထိန်းချုပ်ပိတ်ဆို့ခံထားရသူများထံသို့လည်းကောင်း၊ ၎င်းတို့ အကျိုးစီးပွားအတွက်လည်းကောင်း၊ ရန်ပုံငွေ၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု ထည့်ဝင်ခြင်း သို့မဟုတ် ပေးအပ်ခြင်းတို့ ပြုလုပ်ခြင်း၊ သို့မဟုတ် အထက်ပါ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ရန်ပုံငွေ၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု ထည့်ဝင်ခြင်း သို့မဟုတ် ပေးအပ်ခြင်းတို့ လက်ခံခြင်းကို တားမြစ်သည်။ 

အမေရိကန်ပြည်ထောင်စုမှ အရေးယူမှုများသည် အမြဲတမ်းအတွက်ဖြစ်ရန် မလိုအပ်ပါ။ အရေးယူမှုများသည် အပြုအမူဆိုင်ရာ ကောင်းမွန်သော ပြောင်းလဲမှုများ ထွက်ပေါ်လာစေရန်ရည်ရွယ်ပါသည်။ သမ္မတ၏ အမိန့်ထုတ်ပြန်ချက် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် သတ်မှတ်ခြင်းခံထားရသည့်သူများသည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန်နှင့် စစ်တပ်ဦးဆောင်သည့် အစိုးရနှင့် ကင်းကင်းရှင်းရှင်း နေရန် ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ပြုမူဆောက်ရွက်ပြီး ၄င်းတို့သည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူမှုဆန်းစစ်ချက်တွင် တွေ့ရှိမှုများနှင့်လည်း တစ်သားတည်းတူညီမည်ဆိုလျှင် စာရင်းမှ ပယ်ဖျက်ခြင်း ခံရပါမည်။    

OFAC ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းမှ ပယ်ဖျက်ပေးပါရန်လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဤတွင် ဖတ်ရှုပါ။ 

တစ်သီးပုဂ္ဂလ ပစ်မှတ်ထားအရေးယူပိတ်ဆို့ထားသည့်နိုင်ငံသားများနှင့် ပိတ်ဆို့တားမြစ်ခံထားရသူများစာရင်းအပါအဝင် OFAC စာရင်းမှ ပယ်ဖျက်ပေးရန် လျှောက်လွှာတင်ပုံတင်နည်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို သိရှိလိုပါက OFAC မေးလေ့ရှိသောမေးခွန်း နံပါတ ၈၉၇ ကိုဖတ်ရှုပါ။ OFAC မှ ကိုင်တွယ်သည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအစီအစဥ်များနှင့်ပတ်သက်သည့် ဖြည့်စွက်အချက်အလက်များအကြောင်းကို ဤတွင ဖတ်ရှုပါ။  

 ယနေ့ အရေးယူပိတ်ဆို့လိုက်သော လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေလိုပါက ဤတွင ဖတ်ရှုပါ။