မြန်မာနိုင်ငံရှိ စစ်တပ်ထိန်းချုပ်ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ခြင်း
မတ် ၂၅၊ ၂၀၂၁
ဝါရှင်တန် – အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) ရုံးသည် စစ်တပ်မှ ချုပ်ကိုင်ထားသည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း၌ ယနေ့ ထည့်သွင်းအရေးယူလိုက်သည်။ မြန်မာစစ်တပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွင်း အထူးအခွင့်အရေးရှိသည့် နေရာကို ခံစားရရှိထားသည့် အဆိုပါ ဦးဆောင်ကုမ္ပဏီများကတဆင့် နိုင်ငံ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည်။ ဤကုမ္ပဏီများသည် ကုန်သွယ်ရေး၊ သဘာဝသယံဇာတများ၊ အဖျော်ယမကာ၊ စီးကရက်နှင့် စားသုံးကုန်ပစ္စည်းများ အပါအဝင် စီးပွားရေး၏ အချို့သောလုပ်ငန်းကဏ္ဍများကို လွှမ်းမိုးကြီးစိုးထားသည်။ ဤဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများသည် အထူးသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား ဖြုတ်ချမှုနှင့် မြန်မာပြည်သူလူထုအပေါ် ဆက်လက် နှိပ်ကွပ်နေမှုအတွက် တာဝန်ရှိသည့် မြန်မာစစ်အာဏာရှင်၏ စီးပွားရေးအရင်းအမြစ်များကို ရည်ရွယ် ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူလူထုအပေါ် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ပါ။
“အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးကို အာဏာပြန်ပေးဖို့ ကျွန်မတို့တို့ တိုက်တွန်းပါတယ်” ဟု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) ၏ ညွှန်ကြားရေးမှူးဖြစ်သူ အန်ဒရီယာ အမ် ဂက်ကီ က ပြောပါသည်။ “ မြန်မာဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းအရေးယူလိုက်ခြင်းက တစ်ဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ စစ်အာဏာရှင်အတွက် မရှိမဖြစ် ငွေရေးကြေးရေး အသက် သွေးကြောဖြစ်တဲ့ မြန်မာ့စီးပွားရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို စစ်တပ်က ထိန်းချုပ်ထားမှုကို ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိနေပါတယ်” ။
မြန်မာဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ကပိုရေးရှင်းကို မြန်မာစစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များက ပိုင်ဆိုင်နေခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းဖြစ်သည့်အတွက် “ မြန်မာနိုင်ငံအတွင်းရှိ အခြေအနေနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုများအားထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ ဖြင့် ဒစ်ခတ်ပိတ်ဆို့ အရေးယူခြင်းဖြစ်သည်။
မြန်မာစီးပွားရေးဦးပိုင်လီမိတက်
ဦးပိုင်လီမိတက်သည် ကြီးမားကျယ်ပြန့်၍ လျှို့ဝှက်သိုသိပ်သော တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် သတ္တုတွင်းလုပ်ငန်းမှသည် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးရွက်ကြီး၊ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းအထိ မြန်မာ့စီးပွားရေးလုပ်ငန်းကို လွှမ်းခြုံထားသည့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ်များ ရှိနေသည်။ အမြတ်အစွန်းများကို လူအခွင့်အရေး ချိုးဖောက်ကျူးလွန်မှုအများအပြားအတွက် တာဝန်ရှိသူများအပါအဝင် မြန်မာတပ်မတော်ထံသို့ စနစ်တကျ ခွဲဝေပေးနေကြောင်း ဦးပိုင်လီမိတက်၏ အစုရှယ်ယာ ဒေတာ အချက်အလက်များတွင် ဖော်ပြထားသည်။ ဦးပိုင်လီမိတက်တွင် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဆက်စပ်အကျိုးစီးပွားရှင်ဦးရေ ၁,၇၉၃ လည်း ရှိနေပြီး ၎င်းတို့တွင် ဒေသဆိုင်ရာ စစ်တိုင်းများနှင့် လက်အောက်ခံတပ်ရင်းများ၊ တပ်မများ၊ တပ်စုများ၊ တပ်ခွဲများနှင့် နယ်ခြားစောင့်တပ်များ ပါဝင်သည်။ စစ်တပ်၏ စစ်ဆင်ရေးဘတ်ဂျက်ကို ကြီးထွားများပြားလာစေရန်အတွက် စစ်တပ်မှ အသုံးပြုသည့် လျှို့ဝှက်တရားမဝင်ရန်ပုံငွေများကို ဖန်တီး၍ ရှယ်ယာများကို အများပြည်သူအတွက် တာဝန်ခံမှုမရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့များထံတွင် ဖြန့်ဝေထားသည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်ကို မြန်မာ့စီးပွားရေးအား ဖြည့်ဆည်းပံ့ပိုးရန်၊ စစ်တပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကာကွယ်ရေးအတွက် ကျခံသုံးစွဲမှုစရိတ်ကို လျော့ကျစေရန်နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ သက်သာချောင်ချိမှုကို သေချာစေရန်ဟူ၍ ကြေညာထားသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယနေ့အချိန်တွင် MEC သည် သတ္တုတွင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍရပ်များရှိ စီးပွားရေးလုပ်ငန်းများ သာမက စစ်တပ်အတွက် သဘာဝသယံဇာတများကို ထောက်ပံ့သည့် ကုမ္ပဏီများရှိသည့် ဦးဆောင်ကုမ္ပဏီဖြစ်ပြီး စစ်တပ်မှ အသုံးပြုနိုင်ရန်အတွက် ကုန်စည်များကို ထုတ်လုပ်ပေးနေသည့် စက်ရုံများကို လည်ပတ်လုပ်ဆောင်လျက်ရှိသည်။ MEC ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ပြီး အိုအက်ဖ်အေစီသည် ၎င်းကို ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများအတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သမ္မတအမိန့်အမှတ် ၁၃၈၁၈ နှင့်အညီ၊ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၁၁ ရက်နေ့တွင် သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၁ ရက် စစ်အာဏာသိမ်းမှုတွင် ဦးဆောင်ပါဝင်သည့် သူ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းအရေးယူခဲ့သည်။
ပိတ်ဆို့အရေးယူဆောင်ရွက်မှုများ
သမ္မတအမိန့်အမှတ် ၁၄၀၁၄ နှင့်အညီ ယနေ့ ဆောင်ရွက်ချက်၏ အကျိုးဆက်အနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားများ၏ လက်ဝယ်ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုအတွင်းမှ အထက်တွင် အမည်ဖော်ပြထားသည့် အဖွဲ့အစည်းများ၏ ပစ္စည်းဥစ္စာနှင့် ပစ္စည်းဥစ္စာမှ အကျိုးစီးပွားများအားလုံးကို ပိတ်ဆို့ထားရမည်ဖြစ်ပြီး အိုအက်ဖ်အေစီသို့ တက်ပြ အကြောင်းကြားရမည်ဖြစ်သည်။ ထို့အပြင် ပိတ်ဆို့ခံထားရသည့် လူပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် အများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပို၍ ပိုင်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းများကိုမဆို ထိန်းချုပ်ပိတ်ဆို့မည် ဖြစ်သည်။
အဆို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနှင့် တစ်ပြိုင်နည်းမှာပင် အိုအက်ဖ်အေစီသည် အထွေထွေ လိုင်စင်လေးခုနှင့် ဆက်စပ်သည့် မကြာမကြာ မေးလေ့ရှိသော မေးခွန်းများကို ထုတ်ပြန်ပေးလျက်ရှိသည်။ အထူးသဖြင့် အိုအက်ဖ်အေစီသည် အထွေထွေ လိုင်စင် ၁၊ “ အမေရိကန်ပြည်ထောင်စု၏ တရားဝင် စီးပွားရေးလုပ်ငန်းများ” ၊ အထွေထွေ လိုင်စင် ၂၊ “ အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင် လှုပ်ရှားဆောင်ရွက်မှုများ” ၊ အထွေထွေ လိုင်စင် 3၊ “ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အထောက်အပံ့ပေးနေသည့် အချို့သော လုပ်ငန်းကိစ္စများ” ၊ နှင့် အထွေထွေ လိုင်စင် ၄၊ “ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပါဝင်သည့် လုပ်ငန်းကိစ္စများအား အဆုံးသတ်စေရန် ခွင့်ပြုချက်ပေးခြင်း” ကို ထုတ်ပြန်ပေးလျက်ရှိသည်။
အိုအက်ဖ်အေစီ မှ ထုတ်ပြန်သော အထွေထွေ သို့မဟုတ် အထူးလိုင်စင်ဖြင့် တရားဝင်ခွင့်မပြုထားလျှင် သို့မဟုတ်ပါက အိုအက်ဖ်အေစီ၏ စည်းမျဉ်းများသည် အမေရိကန်ရှိလူပုဂ္ဂိုလ်များ သို့မဟုတ် ထိန်းချုပ်ပိတ်ဆို့ရန် သတ်မှတ်ထားသော သို့မဟုတ် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွား တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်သော အမေရိကန် ပြည်ထောင်စုအတွင်း (သို့မဟုတ် အကူးအပြောင်းပြုလုပ်ဆဲ) ပြုလုပ်သော လုပ်ငန်းကိစ္စရပ်များ အားလုံးကို တားမြစ်ဟန့်တားပါသည်။ တားမြစ်ပိတ်ပင်မှုများတွင် ရန်ပုံငွေများ၊ ကုန်စည်များ၊ သို့မဟုတ် ဝန်ဆောင်မှုများအား မည်သည့် ဖြန့်ဖြူးမှု သို့မဟုတ် ဖြည့်ဆည်းပံ့ပိုးမှုကိုမဆို မည်သည့် ပိတ်ဆို့ခံထားရသူမဆို၏ အကျိုးခံစားခွင့်အရ၊ အတွက်၊ ထံသို့ ပြုလုပ်ခြင်း သို့မဟုတ် ရန်ပုံငွေများ၊ ကုန်စည်များ၊ သို့မဟုတ် ဝန်ဆောင်မှုများအား မည်သည့် ဖြန့်ဖြူးမှု သို့မဟုတ် ဖြည့်ဆည်းပံ့ပိုးမှုကိုမဆို ထိုသို့သော မည်သည့် လူပုဂ္ဂိုလ်များထံမှမဆို လက်ခံခြင်းပါဝင်သည်။
ယနေ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းခံရသူများနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို treasury.gov တွင်ကြည့်နိုင်ပါသည်။