အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထုတ်ပြန်ချက်
မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်ခြင်း
မေ ၁၇၊ ၂၀၂၁
ဝါရှင်တန် – အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) သည် မြန်မာစစ်အာဏာရှင်နှင့်ဆက်နွှယ်သည့် လူပုဂ္ဂိုလ် ၁၆ ဦးနှင့် အဖွဲ့အစည်းတစ်ခုအား ယနေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။
ယနေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည့် လူပုဂ္ဂိုလ်များအနက် ၁၃ ဦးသည် နိုင်ငံအတွင်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုကို ကြမ်းတမ်းစွာဖိနှိပ်ခဲ့သည့် မြန်မာစစ်အာဏာရှင်အဖွဲ့ဝင်များဖြစ်ပြီး ကလေးသူငယ်များအား သတ်ဖြတ်ခြင်းအပါအဝင် မြန်မာပြည်သူများအပေါ် လုပ်ဆောင်နေဆဲဖြစ်သည့် အကြမ်းဖက်မှုနှင့် သေစေနိုင်သည်အထိ တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများဖြစ်သည်။ အခြားလူပုဂ္ဂိုလ် သုံးဦးမှာ ယခင်က သတ်မှတ်အရေးယူထားသည့် မြန်မာစစ်တပ်အဆင့်မြင့်အရာရှိများ၏ အရွယ်ရောက်ပြီးသော သားသမီးများ ဖြစ်သည်။ အဖွဲ့အစည်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နကစ) ဖြစ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အရပ်သားအစိုးအား ၎င်း၏တရားနည်းလမ်းမဲ့စွာဖယ်ရှားမှုကို အထောက်အကူပြုနိုင်ရန် ဖန်တီးထားသည့် အဖွဲ့အစည်းဖြစ်သည်။ ဤပိတ်ဆို့အရေးယူမှုများကို သမ္မတအမိန့်အမှတ် ၁၄၀၁၄၊ “ မြန်မာနိုင်ငံအတွင်းရှိ အခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများအားထိန်းချုပ်ကန့်သတ်ခြင်း” နှင့်အညီ ပြုလုပ်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူလူထုအပေါ် ဦးတည်လုပ်ဆောင်ခြင်းမဟုတ်ပါ။ တစ်ပြိုင်နက်တည်းလုပ်ဆောင်ချက်များအနေဖြင့် ယူကေနှင့် ကနေဒါနိုင်ငံ တို့ကလည်း မြန်မာနိုင်ငံအတွင်းရှိ လက်ရှိအာဏာသိမ်းယူမှုနှင့်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များ နှင့်/သို့မဟုတ် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
“ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး မြန်မာပြည်သူတွေကို ဖိနှိပ်နေပါတယ်။ ဒီနေ့ အရေးယူဆောင်ရွက်မှုဟာ မြန်မာစစ်တပ်ကို ဖိအားပေးဖို့၊ အာဏာသိမ်းမှုနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံရစေရေးအတွက် တိုးမြှင့်လုပ်ဆောင်ရာမှာ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ကတိကဝတ်ကိုပြသနေပါတယ်” ဟု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ အဲန်ဒရီယာဂက်ကီ ကဆိုသည်။
ယနေ့လုပ်ဆောင်ချက်၏ အစိတ်အပိုင်းအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား နိုင်ငံရေး ဌာနခွဲ၊ အဖွဲ့အစည်း၊ သို့မဟုတ် မြန်မာနိုင်ငံအစိုးရ၏ ယန္တရားဖြစ်နေသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သည်။ နစကသည် မြန်မာစစ်အစိုးရ၏ တရားဝင်အမည်ဖြစ်ပြီး ၎င်းကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့ကို တပ်မတော်အရာရှိ အများအပြားနှင့် ဖွဲ့စည်းထားပြီး ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ကာ ၎င်းကို သမ္မတအမိန့် ၁၄၀၁၄ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၁၁ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီးဖြစ်သည်။
၂၀၂၁၊ ဖေဖေါ်ဝေါ်ရီ ၂ ရက်နှင့် နောက်ပိုင်းတွင် မြန်မာအစိုးရ ခေါင်းဆောင်များ သို့မဟုတ် အရာရှိများ ဖြစ်ကြသော အောက်ပါနိုင်ငံခြားသား လူပုဂ္ဂိုလ်လေးဦးကို သမ္မတအမိန့် ၁၄၀၁၄ နှင့် အညီ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သည် –
- နစက အဖွဲ့ဝင်ဖြစ်သည့် မန်းငြိမ်းမောင်
- နစက အဖွဲ့ဝင်ဖြစ်သည့် သိန်းညွှန့်
- နစက အဖွဲ့ဝင်ဖြစ်သည့် စိုင်းလုံးဆိုင်နှင့်
- နစက အဖွဲ့ဝင်ဖြစ်သည့် ခင်မောင်ရွှေ
၂၀၂၁၊ ဖေဖေါ်ဝေါ်ရီ ၂ ရက်နှင့် နောက်ပိုင်းတွင် မြန်မာအစိုးရ ခေါင်းဆောင်များ သို့မဟုတ် အရာရှိများ ဖြစ်ကြသော အောက်ပါ နိုင်ငံခြားသား လူပုဂ္ဂိုလ် ကိုးဦးကို သမ္မတအမိန့် ၁၄၀၁၄ နှင့်အညီ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သည် –
- အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဖြစ်သည့် ကိုကိုလှိုင်၊
- တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဖြစ်သည့် ထွန်းအောင်မြင့်၊
- နယ်စပ်ရေးရာ ဝန်ကြီးဖြစ်သည့် ထွန်းထွန်းနောင်၊
- မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌဖြစ်သည့် သန်းငြိမ်း၊
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သည့် ပွင့်ဆန်း၊
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဝင်းရှိန်၊
- တပ်မတော်ခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သိန်းစိုး၊
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဖြစ်သည့် သက်ခိုင်ဝင်းနှင့်
- သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်သည့် ခင်မောင်ရီတို့ဖြစ်သည်။
ထို့အပြင် အထက်တွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်များအပြင် အောက်ပါ လူဂ္ဂိုလ်များကို ၎င်းတို့၏ ပစ္စည်းပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများအား ပိတ်ဆို့ခံရသူများ၏ အိမ်ထောင်ဖက် သို့မဟုတ် အရွယ်ရောက်သည့် ကလေးဖြစ်ခြင်းအတွက် ဒဏ်ခတ်အရေးယူလိုက်သည်။
- ဟိန်းထက်သည် သမ္မတအမိန့်အမှတ် ၁၄၀၁၄ ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၂၂ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူခံထားရသည့် နစကအဖွဲ့ဝင် ဗိုလ်ချုပ်မောင်မောင်ကျော်၏ အရွယ်ရောက်ပြီးဖြစ်သည့် ကလေးဖြစ်ပြီး
- ကောင်းထက်သည်လည်း ဗိုလ်ချုပ်မောင်မောင်ကျော်၏ အရွယ်ရောက်ပြီးသည့် သားဖြစ်၍
- ယဉ်မင်းသူသည်သည် သမ္မတအမိန့်အမှတ် ၁၄၀၁၄ ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝေါ်ရီလ ၂၂ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသည့် ရေတပ်ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၏ အရွယ်ရောက်ပြီးသည့် သမီးဖြစ်သည်။
ယနေ့အရေးယူမှု၏ အကျိုးဆက်အနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း သို့မဟုတ် အမေရိကန်ပြည် ထောင်စုနိုင်ငံသားများ၏ လက်ဝယ်ပိုင်ဆိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုအတွင်းမှ အထက်တွင် အမည်ဖော်ပြထားသည့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာနှင့် အကျိုးစီးပွားများအားလုံးကို ပိတ်ဆို့လိုက်ပြီး အိုအက်ဖ်အေစီသို့ တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ပိတ်ဆို့ခံရသူ တစ်ဦး သို့မဟုတ် တစ်ဦးထက်မကသော တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ၅၀ ရာနှုန်း သို့မဟုတ် ၎င်းအထက် ပိုင်ဆိုင်သော အဖွဲ့အစည်းတိုင်းကိုလည်း ပိတ်ဆို့ထားသည်။
အိုအက်ဖ်အေစီ မှ ထုတ်ပြန်သော အထွေထွေ သို့မဟုတ် အထူးလိုင်စင်ဖြင့် တရားဝင်ခွင့်မပြုထားလျှင် သို့မဟုတ်ပါက အိုအက်ဖ်အေစီ၏ စည်းမျဉ်းများသည် အမေရိကန်ရှိလူပုဂ္ဂိုလ်များ သို့မဟုတ် ထိန်းချုပ်ပိတ်ဆို့ရန် သတ်မှတ်ထားသော သို့မဟုတ် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွား တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်သော အမေရိကန် ပြည်ထောင်စုအတွင်း (သို့မဟုတ် အကူးအပြောင်းပြုလုပ်ဆဲ) ပြုလုပ်သော လုပ်ငန်းကိစ္စရပ်များ အားလုံးကို တားမြစ်ဟန့်တားပါသည်။ တားမြစ်ပိတ်ပင်မှုများတွင် ရန်ပုံငွေများ၊ ကုန်စည်များ၊ သို့မဟုတ် ဝန်ဆောင်မှုများအား မည်သည့် ဖြန့်ဖြူးမှု သို့မဟုတ် ဖြည့်ဆည်းပံ့ပိုးမှုကိုမဆို မည်သည့် ပိတ်ဆို့ခံထားရသူမဆို၏ အကျိုးခံစားခွင့်အရ၊ အတွက်၊ ထံသို့ ပြုလုပ်ခြင်း သို့မဟုတ် ရန်ပုံငွေများ၊ ကုန်စည်များ၊ သို့မဟုတ် ဝန်ဆောင်မှုများအား မည်သည့် ဖြန့်ဖြူးမှု သို့မဟုတ် ဖြည့်ဆည်းပံ့ပိုးမှုကိုမဆို ထိုသို့သော မည်သည့် လူပုဂ္ဂိုလ်များထံမှမဆို လက်ခံခြင်းပါဝင်သည်။
ယနေ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းခံရသူများနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ တွင်ကြည့်နိုင်ပါသည်။
###