အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပြင်ဆင်ခြင်း…

U.S. Treasury Department

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်သူ့ရေးရာရုံး

၂၀၁၆ ခုနှစ်၊ မေ ၁၇ ရက်

 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပြင်ဆင်ခြင်း၊ တစ်သီးပုဂ္ဂလ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု (SDN) အောက်တွင်ထားရှိသော စီးပွားရေးလုပ်ငန်းများပြင်ဆင်သတ်မှတ်ခြင်း၊ ထိုပစ်မှတ်ထားအရေး ယူပိတ်ဆို့မှုအောက်တွင်ရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ဖယ်ရှားသတ်မှတ်ခြင်း

 

မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုအောက်တွင်ရှိသော စီးပွားရေးလုပ်ငန်များ၊ လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စေရန်အတွက် ရည်ရွယ်သော စည်းမျဉ်းစည်းကမ်း ပြင်ဆင်သတ်မှတ်ချက်များ

 

ဝါရှင်တန်။                 ။ မြန်မာနိုင်ငံအပေါ်တွင်ကျန်ရှိနေသေးသော စည်းမျဉ်းစည်းကမ်းများ 31 C.F.R. part 37 (“the Regulations”) ကို ပြင်ဆင်သတ်မှတ်ခြင်း၊ တစ်သီးပုဂ္ဂလပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအောက်တွင်ရှိနေသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှ ပြင်ဆင် သတ်မှတ်ချက်များပြုလုပ်ခဲ့ပါသည်။ အတိအကျဆိုရသော် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေစေရန်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းကုန်စည်စီးဆင်းမှု လွယ်ကူအဆင်ပြေစေရန် လည်းကောင်း၊ မြန်မာနိုင်ငံတွင်နေထိုင်သော အမေရိကန်နိုင်ငံသားများ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်လည်းကောင်း၊ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအောက်တွင် ရှိနေသော ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် လည်းကောင်း၊ OFAC မှစည်းမျဉ်းစည်းကမ်းဆိုင်ရာ ညှိနှိုင်းပြင်ဆင်မှုများပြုလုပ် ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် OFAC သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ခုနစ်ခု နှင့် နိုင်ငံပိုင်ဘဏ် သုံးခု ကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု သတ်မှတ်ချက်များမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါသည်။ ပစ်မှတ်ထားအရေး ယူပိတ်ဆို့မှုအောက်တွင် ရှိနေသော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်စေနိုင်သော ပြင်ဆင်ချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိဘဏ်များပေါ်တွင် အရေးယူပိတ်ဆို့မှု အနည်းငယ်သာ ကျန်ရှိတော့သည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အားပေး လုပ်ဆောင်ရန်၊ ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုအောက်တွင်ရှိနေသော လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများနှင့် စစ်တပ်တို့ အပေါ် ဆက်လက်ဖိအားပေးနိုင်ရန် အတွက်သာ အရေးယူပိတ်ဆို့အချို့ ဆက်လက်ထားရှိထားခြင်းဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအောက်တွင် ရှိနေသော စတီဗင်လော သို့မဟုတ် အေးရှားဝေါလ် ကုမ္ပဏီလီမီတက် မှ ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော ကုမ္ပဏီ ခြောက်ခု ကို စာရင်းသို့ဖြည့်စွက်ခဲ့ပါသည်။ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအောက်တွင် ရှိနေသော လူပုဂ္ဂိုလ်အဖွဲ့အစည်း အချို့ကို ဆက်လက်ထားရှိလျက် ယခုကဲ့သို့ ပြင်ဆင်ချက်များ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် တစိုက်မတ်မတ် လုပ်ဆောင်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ အားလုံးပါဝင်မှုကို အခြေခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်လည်းကောင်း ရည်ရွယ်၍ ပိုမိုရှင်းလင်းသော သတင်းအချက်အလက်များကို ပုဂ္ဂလိက ကဏ္ဍသို့ ရှင်းလင်းထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။

“ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံ သည် သမိုင်းဝင်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ကိုယ်စားပြု အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ ယခုကဲ့သို့အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ဖြေလျှော့ရေးလုပ်ဆောင်ချက်များသည် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအချို့ကို ဆက်လက်ထားရှိလျက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုး ပြောင်းလဲလာရေးအတွက် အမေရိကန်အစိုးရ၏ ကြိုဆိုထောက်ခံမှုပင် ဖြစ်ပါသည်” ဟု အကြမ်းဖက်ဝါဒ နှင့်ငွေရေးကြေးရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ ယာယီဒုတိယလက်ထောက်ဝန်ကြီး အဒမ် ဇူဘင် ကပြောပါသည်။ ယခုကဲ့သို့ ဖြေလျှော့မှု ဆောင်ရွက်ချက်များသည် အရေးယူပိတ်ဆို့မှုတွင် မပါရှိသောစီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူလူထုများ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်သော အနာဂတ် ကို ပိုင်ဆိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

 

မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ခြင်းဆိုင်ရာ စည်းမျဉ်းများအပေါ် ပြင်ဆင်ချက်များ

မြန်မာနိုင်ငံအတွင်း နေထိုင်လျှက်ရှိသော တစ်သီးပုဂ္ဂလအမေရိကန်နိုင်ငံသားများ စီးပွားရေးလုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ခွင့်ပြုသော အထွေထွေလိုင်စင်ကို ဖြည့်စွက်ခြင်း၊ ရှိရင်းစွဲ ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ခွင့်ပြုသော အထွေထွေလိုင်စင်ကို သက်တမ်းကာလ တိုးမြှင့်ခြင်းနှင့် တိုးချဲ့ခြင်းနှင့် တချို့သော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ခွင့်ပြုထားသော ရှိရင်းစွဲ အထွေထွေလိုင်စင်ကို ပြန်လည် မွမ်းမံခြင်းတို့ကို (OFAC) က ယနေ့ဆောင်ရွက်ခဲ့ပါသည်။  နားလည်လွယ်အောင်ပြောရလျှင် OFAC လိုင်စင်တစ်ခုဆိုသည်မှာ (ဤခွင့်ပြုလိုင်စင်သာမရှိလျှင်) လုပ်ပိုင်ခွင့်ကို တားမြစ်ထားသော စီးပွားရေး လုပ်ငန်းကိစ္စရပ်တစ်ခုအား လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုမှုတစ်ခု ဖြစ်ပါသည်။  အထွေထွေ လိုင်စင်များနှင့် အသေးစိတ် သတ်မှတ်ဖေါ်ပြရန်လိုသော လိုင်စင်များဟူ၍ လိုင်စင် နှစ်မျိုးနှစ်စားရှိပါသည်။  အထွေထွေလိုင်စင်တစ်ခုသည် သတ်မှတ်ပြဋ္ဌာန်းထားသော အခြေအနေ တချို့နှင့်ညီညွတ်မှုရှိလျှင် စီးပွားရေးလုပ်ငန်းကိစ္စရပ် အမျိုးအစား တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရန် အသေးစိတ် သတ်မှတ်ဖော်ပြရန်လိုသော ခွင့်ပြုချက်လိုင်စင်ကို လျှောက်ရန် မလိုအောင် ကျယ်ကျယ် ပြန့်ပြန့်ခွင့်ပြုပါသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသော အမေရိကန်နိုင်ငံသားများနှင့် သက်ဆိုင်သော ပုဂ္ဂလစီးပွားရေး လုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ခွင့် အထွေထွေလိုင်စင်

သာမန်အခြေအနေများတွင် မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသော တစ်သီးပုဂ္ဂလ အမေရိကန်နိုင်ငံသားများအပေါ် သက်ရောက်မှုရှိသည့် တားမြစ်ထားသည့်စည်းမျဉ်းများကြောင့် လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိသော စီးပွားရေးလုပ်ငန်းကိစ္စရပ်များကို အမေရိကန်နိုင်ငံသားများအား လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုသည့် အထွေထွေလိုင်စင်ကို OFAC မှ ဖြည့်စွက်ခဲ့ပါသည်။ ယင်းတွင် ငှားရမ်းခများပေးချေခြင်း၊ နေထိုင်မှုစားရိတ်များ ပေးချေခြင်းနှင့် တစ်ကိုယ်ရေအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းတို့ ပါဝင်ပါသည်။

ဤဖြည့်စွက်ချက်သည် ပိတ်ဆို့အရေးယူခြင်းဆိုင်ရာ စည်းမျဉ်းအတွင်းမှ ရှိရင်းစွဲ ကင်းလွတ်ခွင့်ဖြစ်သော မြန်မာနိုင်ငံမှတစ်ဆင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံသို့သော်လည်းကောင်း ခရီးသွားလာမှုအပေါ် ဖြည့်စွက်ထောက်ကူပြီး အမေရိကန်နိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေသောကြောင့် အမေရိကန်နှင့် မြန်မာနိုင်ငံသားများကြား အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပါသည်။

ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ခွင့် အထွေထွေလိုင်စင်

ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး OFAC မှ စည်းမျဉ်းပြင်ဆင်ချက်နှစ်ခုကို ချမှတ်ခဲ့ပါသည်။  ပထမအချက်မှာ OFAC က အထွေထွေလိုင်စင်အမှတ် ၂၀ ကို သက်တမ်းကာလ အကန့်အသတ်မရှိ တိုးမြှင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။  ကနဦးအားဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ခြောက်လတာကာလအတွက်သာ ထုတ်ပြန်ခဲ့သော အဆိုပါ အထွေထွေလိုင်စင်မှာ ယခုအခါ ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းထဲတွင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ သာမန်အခြေအနေတွင် မြန်မာနိုင်ငံမှတစ်ဆင့် သို့မဟုတ် မြန်မာနိုင်ငံသို့ ကုန်သွယ်တင်ပို့မှုများအပေါ်တွင် သက်ရောက်သည့် OFAC ၏ အထူးကန့်သတ်ချက် စာရင်းတွင်ပါဝင်သော သို့မဟုတ် အရေးယူပိတ်ဆို့မှုများဖြင့် တားမြစ်ထားသော လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီတစ်ခု နှင့် ပတ်သက်ဆက်စပ်ဆောင်ရွက်မှုကို ကန့်သတ်တားမြစ်ထားခြင်းကို ကျော်လွန်ပြီး စီးပွားရေးလုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ဤလိုင်စင်က ခွင့်ပြုပါသည်။ ဒုတိယတစ်ချက်မှာ ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းကိစ္စရပ်များအား ပိုမိုပံ့ပိုးနိုင်ရန်စေအတွက် မြန်မာနိုင်ငံအတွင်း ကုန်စည်ပစ္စည်းများ ရွှေ့ပြောင်းနေရာချထားမှုအပေါ်သက်ရောက်သည့် စီးပွားရေးလုပ်ငန်းကိစ္စရပ်တချို့ကို ခွင့်ပြုသော အထွေထွေလိုင်စင်ကိုဖြည့်စွက်ခြင်းဖြင့် OFAC သည် ဤခွင့်ပြုချက်ကို တိုးချဲ့ခဲ့ပါသည်။  ယင်းတွင် မြန်မာနိုင်ငံအတွင်းရှိ အခြားကုန်စည်ဒိုင်များသို့ ဆက်လက်ဖြန့်ဖြူးနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ကုန်လှောင်ရုံတစ်ခုမှ ကုန်စည်ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးလည်း ပါဝင်သည်။

ဤပြင်ဆင်ချက်နှစ်ခုပေါင်းသည်  မြန်မာနိုင်ငံ အတွင်းနှင့် အနှံ့အပြားတွင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စေမည်ဖြစ်သလို အမေရိကန်နှင့် မြန်မာ ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအခွင့်အလမ်းများကိုလည်း တိုးပွားလာစေမည် ဖြစ်ပါသည်။

တချို့သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ခွင့်ပြုသော အထွေထွေလိုင်စင်အား မွမ်းမံခြင်း

လက်ရှိ အထူးကန့်သတ်ချက်စာရင်းတွင်ပါဝင်သော မြန်မာနိုင်ငံအတွင်းမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်မှုအတော်များများကို ခွင့်ပြုပေးသည့် ရှိရင်းစွဲဖြစ်သော အထွေထွေလိုင်စင်ကိုလည်း OFAC က မွမ်းမံလျက်ရှိပါသည်။  ဤလိုင်စင်တွင်ပါဝင်သော ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့ကို စာရင်းမှ ယနေ့တွင် ထုတ်ပယ်လိုက်သည်။  အဆိုပါအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်မှုကို တားမြစ်ထားခြင်းမရှိတော့သဖြင့် ဤခွင့်ပြုချက်ကို မလိုအပ်တော့သလို အဆိုပါ ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုကိုလည်း အထွေထွေလိုင်စင်မှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။  တစ်ချိန်တည်းတွင် OFAC သည် လက်ရှိတွင် အထူးကန့်သတ်ချက် စာရင်းတွင်ပါဝင်သော အခြား မြန်မာ့ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ကို အထွေထွေလိုင်စင်တွင် ထည့်သွင်းဖြည့်စွက်လျက်ရှိရာ မေ ၁၈ ရက် တွင် ပြင်ဆင်ချက်အတည်ဖြစ်လျှင် မြန်မာနိုင်ငံအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများအားလုံးနှင့် စီးပွားရေးလုပ်ငန်း ကိစ္စရပ်အတော်များများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သည်။

ဤပြင်ဆင်ချက်သည် တစ်သီးပုဂ္ဂလ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေမည်ဖြစ်ရာ မြန်မာနိုင်ငံသားများအတွက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် အားပေးရာရောက်ပြီး စီးပွားရေးအခွင့်အလမ်းများ တိုးပွားလာစေ ပါလိမ့်မည်။

 

နိုင်ငံတော်ပိုင် ဘဏ်များနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများအားဖယ်ရှားခြင်း

ထို့အပြင် OFAC ၏ SDN စာရင်းထဲမှ နိုင်ငံတော်ပိုင်လုပ်ငန်း ခုနစ် ခုကိုလည်းဖယ်ရှားလိုက်ပါသည်။ ယင်းတို့မှာ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၃) သတ္တုတွင်းလုပ်ငန်း နှင့် သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်းတို့ ဖြစ်ပါသည်။ ထို့ပြင် OFAC ၏ SDN စာရင်းထဲမှ နိုင်ငံတော်ပိုင်ဘဏ် သုံးခုကိုလည်းဖယ်ရှားလိုက်သည်။ ယင်းတို့မှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ဖြစ်ပါသည်။

ဤဖယ်ရှားမှုများသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကိုအားပေးပြီး မြန်မာနိုင်ငံအတွင်း ပြောင်းလဲနေမှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ဤဖယ်ရှားပေးလိုက်သော လုပ်ငန်းများသည် အရပ်ဘက်ဝန်ကြီးဌာနများ၏ ဖွဲ့စည်းမှုအောက်သို့ရောက်ရှိသွားသော သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းအဖြစ် တည်ရှိခြင်း မရှိတော့သော လုပ်ငန်းအဖွဲ့အစည်း များဖြစ်ပါသည်။

 

စတီဗင်လော သို့မဟုတ် အေးရှားဝေါလ် က ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော ကုမ္ပဏီများ သတ်မှတ်ခြင်း

OFAC သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သောလေးနှစ်အတွင်း သိသိသာသာ ဖြေလျှော့ပေးခဲ့ပါသည်။ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အဟန့်အတား ဖြစ်စေသူများ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်သူများ သို့မဟုတ် မြောက်ကိုရီးယားနှင့် စစ်ရေးကူးသန်းမှုတွင် ဆက်နွှယ်နေသူများကို ပစ်မှတ်ထားချမှတ်ထားခြင်းဖြစ်ပါသည်။ ယင်းအပြင် OFAC သည် SDN စာရင်းတွင် ပါဝင်သောပုဂ္ဂိုလ်များက ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် ကုမ္ပဏီခြောက် ခုကို လည်း SDN စာရင်းအတွင်းသို့ ထည့်သွင်း ပိတ်ဆို့သတ်မှတ်လိုက်ပါသည်။ စတီဗင်လော နှင့် အေးရှားဝေါလ် တို့ကို ထိုစဉ်ကစစ်ဖက်က လွှမ်းမိုးထားသော မြန်မာအစိုးရအား အားပေးကူညီခဲ့သည့်အတွက် OFAC က သမ္မတ၏အမိန့်အမှတ် ၁၃၄၄၈ နှင့်အညီ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ တွင် ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အေးရှားဝေါလ် က ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်မှုရှိသော ကုမ္ပဏီများအဖြစ် Asia Mega Link Services Co., Ltd.၊ Pioneer Aerodrome Services Co., Ltd.၊ Green Asia Services Co., Ltd. နှင့် Global World Insurance Company Limited တို့ကို ဖော်ထုတ်သိရှိပြီးဖြစ်သည်။ Shwe Nar Wah Company Limited ကိုလည်း အေးရှားဝေါလ် သို့မဟုတ် စတီဗင်လော က ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖော်ထုတ်သိရှိရသော ကုမ္ပဏီများတွင် ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွားရှိနေလျင်ဖြစ်စေ ထိုကုမ္ပဏီများအမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာခြင်း သို့မဟုတ် အမေရိကန်နိုင်ငံသား များကယင်းတို့ကို ထိန်းချုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း ရှိနေလျှင်ဖြစ်စေ ယင်းတို့သည်ပိတ်ဆို့ခြင်းခံရမည်ကို လည်းကောင်း၊ ထို့ပြင်ဖော်ထုတ်သိရှိထားသော ယင်းကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသားများက ငွေကြေးလက်လွှဲပြောင်းခြင်း သို့မဟုတ် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်ထားသည်ကိုလည်းကောင်း ယနေ့ထုတ်ပြန်ကြေညာမှုက ရှင်းလင်းစေမည်ဖြစ်ပါသည်။ ဤသို့ဖော်ထုတ်သတ်မှတ်ခြင်းများသည် မြန်မာအစိုးရကို သို့မဟုတ် ပြည်သူများကို ပစ်မှတ်ထားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ကြမည့် ကုမ္ပဏီများနှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထပ်ဆင့်ရှင်းလင်းပေးရန်သာ ရည်ရွယ်ခြင်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံဈေးကွက်နှင့် ဆက်ဆံမှု တိုးမြှင့်လာသည်နှင့်အမျှ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးကို အားပေးကူညီရန်၊ အရေးယူပိတ်ဆို့မှုများနှင့်လည်း ကိုက်ညီမှုရှိစေရန် SDN စာရင်းကို အချိန်နှင့် တစ်ပြေးညီ ပြုစုသွားမည်ဖြစ်ပါသည်။