ကလေးစစ်သားအသုံးပြုနေမှုပုံစံအားလုံး မြန်မာစစ်တပ် အဆုံးသတ်ရမည့်အချိန်ရောက်ပြီ

ကလေးစစ်သားအသုံးပြုနေမှုပုံစံအားလုံး မြန်မာစစ်တပ် အဆုံးသတ်ရမည့်အချိန်ရောက်ပြီ

ဂျော့ချ်ဆစ်ဘလီ

[ဤအတွေးအမြင်ဆောင်းပါးသည် မူရင်းအနေနှင့် ဖရန်တီးယားမြန်မာ မဂ္ဂဇင်းတွင် သြဂုတ်လ ၁၆၊ ၂၀၂၀ တွင်ဖော်ပြထားသည့်ဆောင်းပါးဖြစ်ပါသည်။]

ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် သုံးနှစ်တာကာလအတွင်း ၎င်းတို့၏လူမှုအသိုက်အဝန်းများ ပိုမိုတိုးတက်ကောင်းမွန်ရန်ဆောင်ရွက်မည်ဟူသောသန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်နေကြသည့်ပုဂ္ဂိုလ်များကို တွေ့ဆုံခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်တို့ကြောင့် ကျွန်တော့်အတွက် စိတ်ခွန်အားများဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်၌ ကိစ္စတစ်ခုကို အသေအချာကြိုးပမ်းဆောင်ရွက်နေသည့်အတွက်လည်း ကျွန်တော်အားတက်ခဲ့ရသည်။ ယင်းကား အခြားမဟုတ်၊ စက်ဆုပ်ဖွယ်ကောင်းလှသော လူကုန်ကူးမှုဆိုသည်ကို တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရက ဆက်လက်အာရုံစိုက်လုပ်ဆောင်နေခြင်းပင်။

မြန်မာနိုင်ငံသည် ယမှန်နှစ်အတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ကလေးစစ်သားအသုံးမပြုရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ လူကုန်ကူးသူများအား တရားစွဲအရေးယူမှုတို့ တိုးလာခဲ့သကဲ့သို့ လူကုန်ကူးခံရသူများကို ကူညီပံ့ပိုးမှုများပေးအပ်ရာတွင်လည်း ပိုမိုတိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေး၍ ၎င်း၏ပြည်သူများ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းမှ ကာကွယ်တားဆီးပေးနေခြင်းဖြစ်သည့်အတွက် အဆိုပါကိစ္စအားလုံးသည် ထူးခြားကောင်းမွန်သော ခြေလှမ်းများပင်ဖြစ်သည်။

စိန်ခေါ်မှုအခက်အခဲများဆိုသည်ကလည်း ကျွန်တော့်နိုင်ငံမှာလို၊ တစ်ခြားနိုင်ငံတွေမှာလို အသေအချာ ရှိနေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနှင့် နယ်စပ်ထွက်ပေါက်တို့သည် အမျိုးသမီးငယ်များ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းခံရစေမည့် လူကုန်ကူးမှုပြုလုပ်ရန် လွယ်ကူနေစေ‌သည်။ တရားမဝင်သောအထိန်းအကွပ်မဲ့သည့် ငါးဖမ်းလုပ်ငန်းတို့က အမျိုးသားများရော အမျိုးသမီးများအပေါ်ပါ ကာယလုပ်အားခေါင်းပုံဖြတ် အမြတ်ခံရခြင်းကိုဖြစ်စေနိုင်သည်။ လုပ်ခလစာ ပိုရနိုင်မည်ဟုထင်ရသော နိုင်ငံခြားအလုပ်များ၏ ဆွဲဆောင်မှုကလည်း ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခု ရှာဖွေနေကြသူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ခံရနိုင်စေသည်။

လူကုန်ကူးမှုကို ကြိုတင်၍ကာကွယ်တားဆီးရေး၊ ကျူးလွန်သူများအား တရားစွဲအရေးယူရေး၊ အများဆုံး ထိခိုက်ခံစားရလွယ်သူများဖြစ်ကြသည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး၊ စသည့်လုပ်ငန်းစဉ်များပိုမိုတိုးတက်စေရန်အတွက် မြန်မာအစိုးရ ကဏ္ဍအစိတ်အပိုင်းအားလုံးက ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံနှင့် ကျွန်တော်တို့ ဆက်၍လက်တွဲဆောင်ရွက်သွားပါမည်။ ဥပမာအနေဖြင့် လူကုန်ကူးရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲအရေးယူခြင်းတို့တွင် မြန်မာနိုင်ငံ၏ တရားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ အကူအညီပေးလျက်ရှိသည်။ လူကုန်ကူးမှုနှိမ်နှင်းရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ကျန်ခဲ့သောဒီဇင်ဘာလကပင် နိုင်ငံတစ်ဝန်းမှ ဥပဒေအရာရှိများပါဝင်သော ပေါင်းပူးညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်က ကူညီပံ့ပိုးပေးခဲ့သည်။

ယင်းဆွေးနွေးပွဲပြီးနောက် လူကုန်ကူးရာဇဝတ်မှု တရားစွဲအရေးယူခြင်းကို ပို၍ဆောင်ရွက်နိုင်စေရေးနှင့် စောင့်ကြည့်နိုင်စေရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှနေ၍ လူကုန်ကူးမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ၇၄ ဦးပါဝင်သော ကွန်ရက်တစ်ခု တည်ဆောက်ပေးနိုင်ခဲ့သည်။ ယင်းကွန်ရက်တွင် ခရိုင်ဥပဒေရုံးတစ်ခုချင်းစီမှ အရာရှိတစ်ဦးစီ ပါဝင်သည်။  နိုင်ငံတစ်ဝန်းမှ ရဲအရာရှိများပါဝင်သော သင်တန်းကိုလည်း အမေရိကန်သံရုံးက ပူးပေါင်းညှိနှိုင်း စီစဉ်ပေးခဲ့ပါသည်။ လူကုန်ကူးခံရသူများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ချဉ်းကပ်ဗဟိုပြု စုံစမ်းစစ်ဆေးခြင်းနည်းလမ်းများနှင့်ပတ်သက်၍ မြန်မာရဲအရာရှိတို့၏စွမ်းရည်များ ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် အမေရိကန်ဖက်ဒရယ်ရဲအရာရှိများနှင့် ဒေသန္တရရဲအရာရှိများကို ခေါ်ယူ၍ သင်တန်းပေးကာ အတွေ့အကြုံများမျှဝေစေခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရန်၊ လူကုန်ကူးခံရသူတို့ကို အကာအကွယ်ပေးရန်နှင့် အားပေးကူညီနိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနကဲ့သို့သော အစိုးရဌာနများကိုလည်း နှစ်စဉ် ဒေါ်လာတစ်သန်းကျော် အမေရိကန်က ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံက အခိုင်အမာဖော်ဆောင်နိုင်သော လုပ်ငန်းစဉ်နှစ်ခု ရှိနေသည်။ ပထမအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ပါလာမိုကွန်ဗင်းရှင်း) နှင့်အညီ ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် အစိုးရ၏လက်ရှိကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော်တို့ ကြိုဆိုပါသည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါအရေးကြီးသော ဥပဒေကို ယခုနှစ်တွင် ပြဋ္ဌာန်းနိုင်ပြီး ကလေးသူငယ်လူကုန်ကူးမှုများကို တရားစွဲဆိုသည့်အခါ ကျူးလွန်သူဟုအစွပ်စွဲခံရသူက ဖိအားပေးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ်ကြောင်း နစ်နာသူဘက်က ဥပဒေအရ သက်သေထူနိုင်ရန်အတွက် မည်သည့်လိုအပ်ချက်ကိုမဆို ဖယ်ရှားပေးခြင်းအားဖြင့် အခြားသော အာဆီယံနိုင်ငံများနှင့်အတူ အများဆုံးထိခိုက်ခံစားလွယ်သော လူကုန်ကူးခြင်းခံရသူတို့ကို အကာအကွယ်ပေးနိုင်မည်ဟုမျှော်လင့်ပါသည်။ လက်ရှိရော အနာဂတ် မြန်မာလူငယ်မျိုးဆက်များအတွက်ပါ ယင်းကဲ့သို့သော အကာအကွယ်ပေးမှုကိုခံစားထိုက်ပါသည်။

ဒုတိယအချက်မှာ ကလေးစစ်သားအသုးပြုမှုအဆုံးသတ်ရေးဖြစ်ပြီး ယင်းသည် အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ကလေးစစ်သားအသုးပြုမှုအဆုံးသတ်ရေးအတွက် မြန်မာစစ်တပ်အနေဖြင့်လည်း အရေးကြီးသော ခြေလှမ်းအဆင့်များစွာကို ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ဖော်ဆောင်ခဲ့မှုများတွင် လူသစ်အဖြစ် စုဆောင်းခြင်းခံရသူသည် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သည်ကို သေချာစေရန်အတွက် ဗဟိုအဆင့်ကသာလျှင် တပ်သားသစ်စုဆောင်းခြင်း၊ အသက်မပြည့်ဘဲ စုဆောင်းခြင်းခံရသူတို့အား စစ်တပ်မှထွက်ခွင့်ပြု၍သံသယအကျိုးခံစားခွင့်ရှိစေခြင်းမူဝါဒချမှတ်ခြင်းတို့ ပါဝင်သည်။ ယင်းကဲ့သို့သော အရေးယူဆောင်ရွက်မှုတို့ကြောင့် ကလေးများအား တပ်မှဖယ်ရှားရန်အတွက် မြန်မာစစ်တပ်၏ ကြိုးပမ်းအားထုတ်မှုကို တန်ဖိုးရှိသောအကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင်လည်း တိုက်ခိုက်ရေးအတွက်ကလေးများကို အသုံးပြုမှုအဆုံးသတ်ရေး အလားတူခြေလှမ်းများ ဆက်လက်ဖော်ဆောင်နေသည့်အတွက် ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာနိုင်ငံတစ်လွှား အဆိုပါအလေ့အထ အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ပါသည်။

ထိုကဲ့သို့သော အပေါင်းလက္ခဏာဆောင်သည့် အရေးယူဆောင်ရွက်မှုများအတွက်လည်း ဇွန်လအတွင်း၌ ကုလသမဂ္ဂက အသိအမှတ်ပြုမှတ်ချက်ပေးခဲ့ကာ လက်နက်ကိုင်ပဋိပက္ခအတွင်းမှ ကလေးများအကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး၏ နှစ်စဉ်အစီရင်ခံစာတွင် မြန်မာစစ်တပ်အား တိုက်ခိုက်ရေးအတွက်ကလေးစစ်သားများ အသုံးပြုသောအဖွဲ့အစည်းများစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

စစ်တပ်အားအဆိုပါကုလသမဂ္ဂစာရင်းတွင်ဆက်၍ရှိမနေစေရန်အတွက်စစ်တပ်အနေဖြင့်ကလေးများအားတိုက်ခိုက်ရေးမဟုတ်သောကဏ္ဍများတွင်အတင်းအကျပ်လုပ်အားပေးခိုင်းစေခြင်းတို့ကိုနောက်လာမည့်၁၂လတာကာလအတွင်းအဆုံးသတ်မည်ဟူသော၎င်းတို့ပေးအပ်ထားသည့်ကတိကိုစောင့်ထိန်းရမည်ဖြစ်သည်။

အရပ်သားများအား၊အထူးသဖြင့်ကလေးများအားတိုက်ခိုက်ရေးအတွက်မဟုတ်ဘဲစစ်တပ်ကအသုံးပြုနေခြင်းနှင့်ပတ်သက်၍အရေးတကြီးအာရုံစိုက်ရန်လိုအပ်နေပါပြီ။အသက်မပြည့်သေးသူများစစ်တပ်စခန်းပတ်ဝန်းကျင်များ၌ရှိနေခြင်းသည်ကလေးများမတော်တဆဒဏ်ရာရခြင်းသို့မဟုတ်ပဋိပက္ခအတွင်းအသက်ဆုံးရှုံးသွားနိုင်ခြင်းမျိုးကဲ့သို့သောကြီးမားသည့်အန္တရာယ်တစ်ခုအဖြစ်ဖန်တီးနေပါသည်။

ကလေးများအပါအဝင်ဒေသခံတို့အားပေါ်တာများ၊လမ်းပြများ၊ထမင်းချက်များအဖြစ်နှင့်ပြုပြင်ထိန်သိမ်းရေးအလုပ်များ၊စိုက်ပျိုးရေးအလုပ်များတွင်စေခိုင်းနေခြင်းတို့သည်စစ်တပ်အတွက်အထူးအဆန်းမဟုတ်သောလုပ်နေကျအလေ့အထကဲ့သို့ရှိနေဆဲဖြစ်ပါသည်။၂၀၁၉အတွင်း၌ကလေးသူငယ်များကိုစစ်တပ်ကအသုံးပြုမှုဖြစ်စဉ်သည်စိုးရိမ်ဖွယ်ကောင်းလောက်အောင်၁၉၇မှုအထိရှိခဲ့ကြောင်းဇွန်လတွင်ကုလသမဂ္ဂကထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင်ဖော်ပြထားသည်။ဖြစ်ရပ်အများစုသည်ရခိုင်ပြည်နယ်အတွင်း၌ဖြစ်ပွားခဲ့သည်။

တိုးတက်မှုတစ်ချို့ကိုဖော်ဆောင်နေခဲ့သော်ငြားလည်း အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် လူကုန်ကူးမှုအစီရင်ခံစာတွင် ယခုနှစ်အစီရင်ခံစာ၌ အဆင့် () အနေဖြင့် သတ်မှတ်ပါရှိနေခြင်းသည် တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ ကလေးများအား မြန်မာစစ်တပ်က ဆက်လက်အသုံးပြုနေခြင်းက အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။

ကလေးများအား တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ အသုံးပြုရန် ဆုံးဖြတ်သည့်ဆုံးဖြတ်ချက်များ အောက်ခြေအဆင့်တို့တွင် ရှိကောင်းရှိနေခဲ့သည့်အတွက် ယင်းသို့ဖြစ်ရပ်များသည် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းအားထုတ်နေမှုကို အနှောင့်အယှက် ဖြစ်စေသကဲ့သို့ နိုင်ငံတကာ မျက်နှာစာတွင်လည်း မြန်မာစစ်တပ်၏ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ ရိုးရှင်းစွာပြောရလျှင် ပရော်ဖက်ရှင်နယ်စစ်တပ် တစ်ခုအတွင်း၌ အသက် ၁၈ နှစ်အောက် ကလေးငယ်များအတွက် နေရာမရှိပါ။

မြန်မာနိုင်ငံအနေဖြင့် ထိုကိစ္စကို လာမည့်ခြောက်လအတွင်း အခိုင်အမာဖြေရှင်းနိုင်မည်ဟု ကျွန်တော် အကောင်းမြင်မျှော်လင့်ပါသည်။ မြန်မာနိုင်ငံက လတ်တလောပြဋ္ဌာန်းခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတွင်လည်း အတင်းအကျပ်လုပ်အားပေးခိုင်းစေခြင်းအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများကို အသုံးမပြုရန် တားမြစ်ထားပြီးဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေပါပြီ။ မြန်မာစစ်တပ်အနေဖြင့်လည်း တိုက်ခိုက်ရေးအတွက်မဟုတ်သောကဏ္ဍများတွင် ကလေးများအားအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သည့် ညွှန်ကြားချက်အမိန့်များစွာ ၂၀၁၂ ခုနှစ်အတွင်း၌ထုတ်ပြန်ခဲ့ခြင်းတို့ကတစ်ဆင့် အလားတူ ရှင်းလင်းလင်း ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် စစ်တပ်အလုပ်များတွင် ကလေးများ ရှုထောင့်တစ်ခုခုမှ ပါဝင်နေခြင်းကို မြန်မာစစ်တပ်က တိတိကျကျပြတ်ပြတ်သားသား အဆုံးသတ်ရမည့်အချိန်ဖြစ်ပါသည်။ စစ်တပ်အကြီးအကဲများအနေဖြင့် ယင်းအလေ့အထ အဆုံးသတ်ပြီဖြစ်သည့်အကြောင်း လူသိရှင်ကြား ထပ်မံအသိပေးပြောကြားကာ၊ ညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်၍၊ အရာရှိများ၊ တပ်သားများအနေဖြင့် ညွှန်ကြားချက်များကို နားလည်သဘောပေါက်၊ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောသင်တန်းများလည်းပေးရမည်ဖြစ်သည်။ ယင်းညွှန်ကြားချက်အမိန့်တို့ကို လစ်လျှူရှုသူ မည်သူကိုမဆိုလည်း အချိုးကျညီမျှသော ပြစ်ဒဏ်ပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့ကြိုးပမ်းအားထုတ်မှုတွင် ပွင့်လင်းမြင်သာမှုရှိသော အမိန့်အာဏာကျင့်သုံးမှုလည်း ပါရှိရမည်ဖြစ်သည်။

အရပ်သားအားလုံး၊ အထူးသဖြင့်ကလေးများအား လက်နက်ကိုင်ပဋိပက္ခတို့၏ဖျက်ဆီးမှုဒဏ်မှ အကာအကွယ်ပေးကာ ကလေးများအား အသုံးပြုမှုကို အပြီးတိုင်အဆုံးသတ်ရန်အတွက် စစ်တပ်၌တာဝန်ရှိပါသည်။ ယင်းကိုအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါက ယင်းအတွက်မြန်မာနိုင်ငံအနေဖြင့် ပိုမိုကြံ့ခိုင်အားကောင်းလာမည်ဖြစ်ပါသည်။

ဂျော့ချ် အန် ဆစ်ဘလီသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်ပါသည်။