မြန်မာစစ်အာဏာရှင်အပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူခြင်း

သတင်းထုတ်ပြန်ချက်
အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး
ဇူလိုင် ၂၊ ၂၀၂၁

မြန်မာစစ်အာဏာရှင်၏ ရက်ရက်စက်စက် အကြမ်းဖက်ကျူးလွန်နေမှုကိုတုံ့ပြန်ကာ စစ်တပ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်နေမှုများကိုဆက်လက်ဒဏ်ခတ်သည့်အနေဖြင့် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ ဤအရေးယူမှုများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် နောက်ထပ်သုံးဦး၊ စစ်တပ်ကခန့်အပ်ထားသော အစိုးရအဖွဲ့ဝင် လေးဦး တို့ပြင် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး သို့မဟုတ် အိမ်ထောင်ဖက် ၁၅ ဦး တို့လည်းပါဝင်သည်။ ယင်းလူပုဂ္ဂိုလ်တို့မှာ စစ်တပ်အရာရှိများ၏ တရားမဝင်ပိုင်ဆိုင်မှုများအတွက် ဘဏ္ဍာရေးကွန်ရက်များဖြင့် အကျိုးပြုနေသူများဖြစ်ကြသည်။

ယင်းအပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဝမ်ပေါင်သတ္တုတူးဖော်ရေးလီမိတက်၊ ၎င်းလီမိတက်၏လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့် King Royal Technologies ကုမ္ပဏီတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအတွင်း ထည့်သွင်းလိုက်သည်။ ထိုအဖွဲ့အစည်းများသည် မြန်မာစစ်တပ်အတွက်အခွန်ဘဏ္ဍာ နှင့်/သို့မဟုတ် အခြားသောအထောက်အကူများကိုပံ့ပိုးနေပြီး ဝမ်ပေါင်သတ္တုတူးဖော်ရေးနှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီတို့သည် လက်ပတောင်း ကြေးနီသတ္တုတူးဖော်ရေးအပါအဝင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကျူးလွန်မှုတို့နှင့် ကာလရှည်ကြာပါဝင်ပတ်သက်နေခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

ယနေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသခြင်းဖြစ်ပါသည်။

မြန်မာစစ်တပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် စစ်တပ်အာဏာသိမ်းမှုကို အားပေးထောက်ခံခဲ့သူအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါသည်။

အာဆီယံ သဘောတူညီချက်ငါးရပ်ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်းအမြန်ဆုံးပြန်လည်ဖော်ဆောင်ရန် မြန်မာစစ်တပ်ကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်းပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူလူထုအနေဖြင့် ၎င်းတို့နိုင်ငံ၏အနာဂတ်ကိုဆုံးဖြတ်နိုင်ရေးစွမ်းရည်အတွက် တစ်စိုက်မတ်မတ်ဦးဆောင်လှုပ်ရှားသွားမည့် နိုင်ငံတစ်နိုင်ငံအနေအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

ယနေ့အရေးယူမှုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကိုကြည့်နိုင်ပါသည်။