ချက်ချင်းထုတ်ပြန်ရန်
ဧပြီ ၂၈၊ ၂၀၂၀
မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၇.၃ သန်း အကူအညီပေးအပ်ခြင်း
ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့ပါးသက်သာရေးအတွက် နောက်ထပ် ဒေါ်လာ ၃.၅ သန်း ထပ်မံအကူအညီ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက ကတိကဝတ်ပြုလိုက်ပါသည်။ ယခုအကူအညီသည် ဖေဖော်ဝါရီလကတည်းက ပေးအပ်ခဲ့သော အကူအညီများနှင့် ဆိုလျှင် စုစုပေါင်း ဒေါ်လာ ၇.၃ သန်းရှိပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) သည် ယခုထပ်ဆောင်းရန်ပုံငွေများကို ထိခိုက်လွယ်ပြည်သူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများကို ပေးအပ်ပါသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကာ ဦးစားပေး၍ကူညီရမည့်နယ်ပယ်များကို ရှာဖွေဖော်ထုတ်ခြင်းအားဖြင့် အသက်ကယ်ဆယ်ရေးအကူအညီများကို ပံ့ပိုးပေးအပ်လျက်ရှိပါသည်။
“မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုကပေးအပ်တဲ့ ဒီ ဒေါ်လာ ၇.၃ သန်းဟာ နိုင်ငံတစ်ဝန်း ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက်လုပ်ဆောင်လာတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို ထပ်မံအားဖြည့်လိုက်တာ ဖြစ်ပါတယ်” ဟု အမေရိကန်သံအမတ်ကြီးစကော့မာစီရယ်က ပြောကြား ပါသည်။
ဤအကူအညီများကတစ်ဆင့် USAID သည် –
- ပဋိပက္ခဘေးသင့်ဒေသများနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများက တစ်ဆင့် ပူးပေါင်း ဆောင်ရွက်ခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သည့် နေရာအဆောက်အဦးများတွင် ကူးစက်မှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်နိုင်ရေး
- ကိုဗစ်–၁၉ ရောဂါပိုး စစ်ဆေးမှု ပိုမိုများပြားစွာလုပ်ဆောင်နိုင်ရေးအတွက် ဓာတ်ခွဲခန်းစနစ်များ ကြိုတင်ပြင်ဆင်ရေးအတွက် ဓာတ်ခွဲခန်းများကိုအားဖြည့်ရေး
- ကိုဗစ်–၁၉ ပျံ့ပွားမှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးအတွက် ပြည်သူများလိုက်နာ ဆောင်ရွက်ရမည်တို့ကို အသိပညာပေးရာတွင် အထောက်အကူပြုမည့် ပို့ဆောင်ဆက်သွယ်ရေး
- ကိုဗစ်–၁၉ ရောဂါ ရှာဖွေဖော်ထုတ်မှုပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရေး — တို့အတွက်ပေးအပ်သွားမည်ဖြစ်ပါသည်။
- ယင်းတို့အပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ နိုင်ငံရပ်ခြား သဘာဝဘေးအန္တရာယ် အကူအညီပေးရေး အစီအစဉ်ကလည်း လူသားချင်းစာနာမှု အကူအညီ သုံးသန်းကို IDP စခန်းများတွင် နေထိုင်နေရကြပြီး ရေပြတ်လပ် နေကြသူများအတွက် ဆပ်ပြာနှင့် လက်ဆေးရန်နေရာတို့ အပါအဝင် ရေနှင့် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများအတွက် ပေးအပ်ခဲ့ပါသည်။ USAID သည် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်၍ လက်ရှိဆောင်ရွက်နေသော လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်များကို ပြန်လှန်ဆက်စပ်သုံးသပ်ကာ ဒေသခံလိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိစေရန်နှင့် ကမ္ဘာတစ်ဝန်း ကိုဗစ်–၁၉ ရောဂါကို ရင်ဆိုင်ရာတွင် အသင့်ပြင်ဆင်ထားမှု ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်–၁၉ ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အကြီးတန်း ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား နည်းပညာအကူအညီများလည်း ပေးအပ်လျက်ရှိပါသည်။ CDC သည် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် မြန်မာကျန်းမာရေးဝန်ထမ်းများကို အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ရောဂါပိုးကို သေချာစွာသတိထား စောင့်ကြည့် နိုင်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်နေပါသည်။ CDC သည် ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာ အကူအညီများကိုလည်း ပေးအပ်နေပါသည်။ ယင်းသို့ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အမေရိကန်–ထိုင်း ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) နှင့်အခြားသော အလှူရှင်များက ပေးအပ်သည့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေး စက်ကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို အကောင်းဆုံး ကိုင်တွယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ကမ္ဘာ့အများဆုံး နှစ်နိုင်ငံဆက်ဆံရေးအကူအညီ ပေးအပ်သူအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါသည်။
၂၀၀၉ ခုနှစ်ကတည်းကစ၍ အမေရိကန်အခွန်ထမ်းပြည်သူများသည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးအကူအညီ ဒေါ်လာ ၁၀၀ ဘီလျံနှင့် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ဘီလျံ ၇၀ နီးပါးကူညီပေးအပ်ခဲ့ကြပြီးဖြစ်ပါသည်။
USAID ၏ ကိုဗစ်–၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ https://www.usaid.gov/coronavirus-covid-19 တွင်ကြည့်ရှုနိုင်ပါသည်။
### ပြီး ###