အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
ဧပြီ ၂၂ ၊ ၂၀၂၀
အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံသည် ကိုဗစ်–၁၉ ရောဂါကို တိုက်ဖျက်ရေး၊ ရေရှည်ကြံ့ကြံ့ခံ ရပ်တည်နိုင်မှု တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေးကို အထောက်အပံ့ပြုလုပ်ရန် လက်တွဲဆောင်ရွက် လျက်ရှိသည်
သတင်းထုတ်ပြန်ချက်
မိုက်ကယ်အာပွန်ပဲယိုး၊ နိုင်ငံခြားရေးဝန်ကြီး
ဧပြီ ၂၂၊ ၂၀၂၀
ကျွန်တော်တို့အနေဖြင့် ကိုဗစ်–၁၉ ကပ်ရောဂါကို တုံ့ပြန်ဖြေရှင်းပြီး စီးပွားရေးပြန်လည်နိုးထမှုအတွက် စီစဉ်ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများသည် အတူတကွရပ်တည်ပေးကြသည့် မဟာဗျူဟာမြောက် လက်တွဲဖက်နိုင်ငံများဖြစ်ပါသည်။ ဤကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် ဒေသတွင်း၌ လင်းလက်တောက်ပသည့် အနာဂတ်အား အတူတကွတည်ဆောက်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရန်အတွက် အာဆီယံနှင့်အတူ ကျွန်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ကိုင်သွားရန် ကတိပြုထားပါသည်။
အမေရိကန်ပြည်ထောင်စုအတွင်းသို့ အရေးကြီးသော ဆေးပစ္စည်းလိုအပ်ချက်များအား အဆက်မပြတ် ဝင်ရောက်စီးဆင်းမှုကို အရှိန်မြှင့်တင်ရာတွင် ၎င်းတို့၏ တန်ဖိုးရှိသော အထောက်အပံ့အတွက်လည်းကောင်း၊ နိုင်ငံသားများ နေရပ်ပြန်လည်ခေါ်ယူရေး လေကြောင်းခရီးစဉ်များ၌ ၎င်းတို့၏ ထောက်ပံ့ပေးမှုအတွက် လည်းကောင်း ကျွန်ုပ်တို့၏ အာဆီယံ လက်တွဲဖက်နိုင်ငံများကို ကျေးဇူးတင်ပါသည်။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံသည် တစ်ကိုယ်ရေသုံး ကာကွယ်မှုဝတ်စုံ ၂.၂ သန်းကို ပို့ဆောင်ရန် စင်းလုံးငှား လေကြောင်းခရီးစဉ်များ ပျံသန်းခွင့်ကို အဆင်ပြေချောမွေ့ရန် ဆောင်ရွက်ပေးခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း တစ်ကိုယ်ရေကာကွယ်မှုသုံးပစ္စည်း (PPE) များ ထပ်မံတင်သွင်းနိုင်ရန် မျှော်လင့်ထားပါသည်။ ထို့အပြင် ဧပြီလအစပိုင်းမှပင် မလေးရှားနိုင်ငံအနေဖြင့်လည်း အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများအတွက် လက်အိတ်ပေါင်း ကီလိုဂရမ် ၁.၃ သန်းကို အလျင်အမြန်တင်ပို့နိုင်ရန် ကူညီဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘောဒီးယာနိုင်ငံသည်လည်း Westerdam စစ်သင်္ဘောမှ အမေရိကန်နိုင်ငံသားများအား ဘေးကင်းလုံခြုံစွာဖြင့် နေရပ်ပြန်လာနိုင်ရန် ကူညီပေးခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်–၁၉ ကပ်ရောဂါအား တုန့်ပြန်ဖြေရှင်းရာတွင် အာဆီယံနိုင်ငံများအတွက် အကူအညီဖြစ်စေရန် ရက်ရောသည့် အထောက်အပံ့ကို ၎င်းတို့အတွက် ဆက်လက်ပံ့ပိုးပေးနေပါသည်။ ပြည့်စုံပြီး ထင်သာမြင်သာရှိသော အချက်အလက်များ မျှဝေခြင်းကို လက်ခံလုပ်ဆောင်ကြရန်အတွက် နိုင်ငံများအားလုံးကို ကျွန်ုပ်တို့က တိုက်တွန်းလျက်ရှိပါသည်။ ပွင့်လင်းမြင်သာမှုသည် အသက်များကို ကယ်ဆယ်နိုင်ပြီး ဖိနှိပ်ကန့်သတ်ခြင်းက ၎င်းအသက်များကို ဘေးသင့်စေပါသည်။ သုတေသနလုပ်ငန်း၊ အများပြည်သူ ကျန်းမာရေးနှင့် အာဆီယံကျန်းမာရေး ကျွမ်းကျင်ပညာရှင်နောက်ထပ်မျိုးဆက်များအား သင်တန်းပေးခြင်းတို့မှ တစ်ဆင့် ကျန်းမာရေးဖူလုံမှုနယ်ပယ်အတွင်း ကျွန်ုပ်တို့၏ အားထုတ်ကြိုးပမ်းမှုများကို တိုးမြှင့် လုပ်ဆောင်သွားရန်အတွက် အမေရိကန်–အာဆီယံ အနာဂတ်ကျန်းမာရေး အစီအစဉ်ကို ဤတွေ့ဆုံပွဲအတွင်း ကြေညာခွင့်ရသည့်အတွက် ကျွန်ုပ်အနေဖြင့် ကျေနပ်ဝမ်းမြောက်မိပါသည်။ ယနေ့အချိန်အထိ ဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရာတွင် အာဆီယံနိုင်ငံများအတွက် အကူအညီဖြစ်စေရန် အရေးပေါ် ကျန်းမာရေးရန်ပုံငွေ ကဏ္ဍအတွင်း ဒေါ်လာ ၃၅.၃ သန်းကျော်ကို အမေရိကန်ပြည်ထောင်စုက သုံးစွဲခဲ့ပြီးဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း အာဆီယံဒေသတစ်လွှား၌ ပံ့ပိုးခဲ့သည့် ပမာဏမှာ ဒေါ်လာ ၃.၅ ဘီလံယံအထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ရပ်များကြောင့် နေရပ်စွန့်ခွာနေရသူများအပါအဝင် အင်ဒို–ပစိဖိတ် ဒေသတစ်ဝန်းမှ ထိခိုက်ခံစားရနိုင်ခြေအများဆုံးဖြစ်သည့် လူသားများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် ဝန်ဆောင်မှုများ ပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် သင့်တော်သည့် ဖြေရှင်း ဆောင်ရွက်မှုများကို အစိုးရအာဏာပိုင်များအနေဖြင့် ချမှတ်လုပ်ဆောင်ရန်လည်း ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် ရိုဟင်ဂျာများနှင့် အခြားနေရပ်စွန့်ခွာနေရသူများအတွက် လိုအပ်သည့် အရာများကို လုပ်ဆောင်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ တွဲဖက်လုပ်ကိုင်ဆောင်ရွက်ကြရန် အားလုံးကို တောင်းဆိုပါသည်။
အမေရိကန်ပြည်ထောင်စုသည် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးနှင့် လူမှုရေး ထိခိုက်ပျက်စီးမှုကို အနည်းဆုံး ဖြစ်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးကြီးထွားမှုကို နာလန်ပြန်ထူရန်အတွက် ရရှိအသုံးပြုနိုင်သည့် အသုံးချစရာအားလုံးကို သုံးစွဲသွားရန် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့သည် အာဆီယံနိုင်ငံများ၌ ၂၀၁၉ ခုနှစ်တွင် ခိုင်မာသော ဖောင်ဒေးရှင်းဖြင့် ဒေါ်လာ ၂၉၄ ဘီလီယံရှိသည့် နည်းလမ်းနှစ်သွယ်ကုန်သွယ်မှုနှင့် အမေရိကန်ပြည်ထောင်စု၏ ပြည်ပတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏ ဒေါ်လာ ၂၇၃ ဘီလီယံဖြင့် စတင်ခဲ့ပါသည်။ Development Finance Corporation (ဖွံ့ဖြိုးရေးရန်ပုံငွေကော်ပိုရေးရှင်း) သည် ဒေသတစ်လွှားရှိ အခြေခံအဆောက်အဦး တည်ဆောက်ရေးပရောဂျက်များတွင် ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကအထောက်အပံ့ပြုထားသော ASEAN Single Window (အာဆီယံပြတင်းတစ်ပေါက်စနစ်) သည် အာဆီယံတစ်ခုလုံး၌ ပို၍ ကြီးထွားလာလျက်ရှိသည့် လူအချင်းချင်းထိတွေ့ရန်မလိုသော ကုန်သွယ်မှုကဏ္ဍကို ချောမွေ့စေရန် အထောက်အကူပြုလျက်ရှိပါသည်။ U.S.-ASEAN Internship Program (အမေရိကန်–အာဆီယံ အလုပ်သင်အစီအစဉ်) သည် ဒေသတွင်းရှိ ကျွန်ုပ်တို့အကြီးဆုံးကုမ္ပဏီအများစုရှိ အခွင့်အလမ်းများကို ချဲ့ထွက်သွားရန် ဆက်လက်လုပ်ဆောင်နေပါသည်။ U.S.-ASEAN Smart Cities Partnership (အမေရိကန်–အာဆီယံ စမတ်စီးတီးလက်တွဲဆောင်ရွက်ရေးအစီအစဉ်) သည် စမတ်စီးတီးများ၏ ဖြေရှင်းချက်များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍအတွင်း အမေရိကန်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုဒီမိုကရစ်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ကျွန်ုပ်တို့၏ နှစ်ဖက်အကျိုးတူ USAID အစီအစဉ်များမှတဆင့် တွက်ခြေကိုက်သည့် နည်းပညာအကူအညီနှင့် လူ့စွမ်းအားမြှင့်တင်ရေးကဏ္ဍအတွင်း ကျွန်ုပ်တို့၏ ရေရှည်ရင်းနှီးမြုပ်နှံမှုများကို ထိန်းသိမ်းသွားရန် ကတိကဝတ်ကို ဆက်လက်ထားရှိပါသည်။
ပင်လယ်စာစျေးများအတွင်း တရားမဝင်ရောင်းချသည့် သားရိုင်းတိရိစ္ဆာန်များနှင့် တိရိစ္ဆာန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများအကြား ခိုင်မာသည့် ဆက်သွယ်မှုရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၎င်း၏ သားရိုင်းတိရိစ္ဆာန်၊ ပင်လယ်စာစျေးများနှင့် တရားမဝင် တောရိုင်းတိရိစ္ဆာန်များ ရောင်းချသည့် စျေးများအားလုံးကို ပိတ်သိမ်းရန် တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးလည်း ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်က တောင်းဆိုပါသည်။
ကူးစက်ပြန့်ပွားမှုကို ကျွန်ုပ်တို့က တိုက်ဖျက်နေသည့်တိုင်အောင် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သော လုံခြုံရေးကို ရေရှည်ထိပါးနေသည့် ခြိမ်းခြောက်မှုများသည် ပျောက်ကွယ်သွားခြင်းမရှိကြောင်း ကျွန်ုပ်တို့က သတိပြုရမည်ဖြစ်သည်။ အမှန်တကယ်အားဖြင့် ၎င်းတို့သည် ပိုမိုလွှမ်းမိုးကြီးထွားလာခြင်းဖြစ်ပါသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းများနှင့် ရေနယ်နမိတ်များအား အုပ်ချုပ်ရေး ခရိုင်များအဖြစ် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ကြေညာချက်အသစ်ထုတ်ပြန်ခြင်း၊ ဤလအစောပိုင်း၌ ဗီယက်နမ်ငါးဖမ်းသင်္ဘောအား နစ်မြုပ်ပစ်ခတ်ခြင်းနှင့် Fiery Cross ကျောက်တန်းနှင့် Subi ကျောက်တန်းပေါ်ရှိ ၎င်းတို့၏ “သုတေသနစခန်းများ” တည်ဆောက်ခြင်းစသည့် ပွဲလန့်တုန်းဖျာခင်းသည့်ပုံစံဖြင့် အမြတ်ထုတ်ရန် ကြိုးစားခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် Spratly ကျွန်းစုအနီးဝန်းကျင်၌ ရေကြောင်းပြည်သူ့စစ် အဖွဲ့ဝင်များကို ဆက်လက်စေလွှတ်လျက်ရှိပြီး မကြာသေးသောကာလကလည်း ကမ်းလွန်ဟိုက်ဒရိုကာဗွန် ဖွံ့ဖြိုးမှုကဏ္ဍအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းမှ အခြားခြိမ်းခြောက်တောင်းဆိုမှုများကို တစ်ဦးတည်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်ဖြင့် စွမ်းအင်စစ်တမ်းကောက်ယူလေ့လာစူးစမ်းရေးသင်္ဘောတစ်စင်းပါဝင်သည့် သင်္ဘောအုပ်စုတစ်ခုကို စေလွှတ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ကိုဗစ်–၁၉ အကျပ်အတည်း၌ ၎င်းတို့၏ ရန်လိုသော အပြုအမူကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာ၏ အာရုံစိုက်မှုမရှိနိုင်သည့် အခြေအနေကို အလွဲသုံးစားပြုလုပ်နေကြောင်းကို မြင်သာအောင်ဖော်ပြရန် အရေးကြီးပါသည်။ CCP သည် စစ်ရေးဖိအားကို စိုက်ထုတ်လျက်ရှိပြီး တောင်တရုတ်ပင်လယ် အတွင်းရှိ ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို အကျပ်ကိုင်လျက်ရှိလေရာ ဗီယက်နမ်ငါးဖမ်းသင်္ဘောအား နစ်မြုပ်သည့်အတိုင်းအတာအထိတိုင် ရောက်ရှိနေပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံ၏ ရန်လိုအနိုင်ကျင့်ခြင်းကို ဆန့်ကျင်ပြီး အခြားနိုင်ငံများကလည်း ဤကိစ္စရပ်၌ အလားတူ တာဝန်ခံ၍ အများသိ ကြေညာပေးရန် ကျွန်ုပ်တို့က မျှော်လင့်ထားပါသည်။
ကျွန်ုပ်တို့သည် ဘေဂျင်းအစိုးရ၏ မြစ်ကြောင်းပိတ်ရေကာတာတည်ဆောက်ရေးလုပ်ငန်းများက မဲခေါင်ဒေသ၏ ရေစီးဆင်းမှုများကို တစ်ဖက်သတ်ပြောင်းလဲစေသည့်အကြောင်း ဖော်ပြနေသည့် သိပ္ပံနည်းကျ အစီရင်ခံစာ တစ်ခုနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပြီးပါပြီ။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများက မဲခေါင်ဒေသနိုင်ငံများ၏ ရေရရှိနိုင်မှုကို နှစ်ပေါင်းများစွာ သိသိသာသာ ကျဆင်းစေခဲ့ပြီး အစားအစာ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအတွက် မဲခေါင်မြစ်အပေါ် မီခိုနေရသည့် လူဦးရေ သန်း ၆၀ အတွက် မကြာသေးသော ခြောက်သွေ့ရာသီ၌ ဆိုးဝါးသည့်ကပ်ဘေးဆိုက်သောရလာဒ်များကို ဖြစ်ပေါ်စေခဲ့ကြောင်း အစီရင်ခံစာပြုစုသည့် အဖွဲ့က တွေ့ရှိဖော်ပြထားသည်။
အမေရိကနှင့် အာဆီယံတို့၏ ဘီလီယံနှင့်ချီသောပြည်သူများအကြား နှောင်ကြိုးဖွဲ့ ဆက်ဆံရေး သမိုင်းကြောင်းမှာ စိတ်အားရကျေနပ်ဖွယ် အပြုသဘောဆောင်သောအရာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိန်ခေါ်မှုများကို ယခင်ကတည်းကပင် ရင်ဆိုင်ခဲ့ကြရပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်သူများအား ပိုမိုလုံခြုံ ဘေးကင်းစေရန်နှင့် ပိုမိုကြွယ်ဝချမ်းသာစေရန်လည်း အတူတကွ လုပ်ဆောင်ခဲ့ကြပြီးဖြစ်ပါသည်။ အာဆီယံ၏ ဗဟိုအချက်အချာကျမှု၊ ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှု၊ စည်းမျဉ်းစည်းကမ်းအခြေပြုသောမူဘောင်၊ ကောင်းမွန်သော အုပ်ချုပ်ရေးကဏ္ဍနှင့် အချုပ်အခြာအာဏာအပေါ် အလေးအနက်ထားရှိမှုစသည့် ကျွန်ုပ်တို့၏ မျှဝေထားသော ခိုင်မာထိရောက်သည့် စည်းမျဉ်းများအပေါ် အခြေပြုသည့် အနာဂတ်ကို ဆက်လက် တည်ဆောက်သွားရန် ကျွန်ုပ်တို့က သန္နိဋ္ဌာန်ချထားပါသည်။
# # #