ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်ခြင်း

သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
၂၀၂၃ သြဂုတ် ၂၄

ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်ခြင်း

 

ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်မြောက်သည့် သြဂုတ် ၂၅ တွင် အမေရိကန်ပြည်ထောင်စုသည် သတ်ဖြတ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအားလုံးနှင့်အတူ ရပ်တည်ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများအတွက် တရားမျှတမှုကို ရှာဖွေရန်နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်အတွက် မိမိတို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်။ ရိုဟင်ဂျာလူမျိုး တစ်သန်းနီးပါးအတွက် အကာအကွယ်နှင့် ခိုလှုံရန် နေရာချထားပေးသော ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပြည်သူများနှင့် ရိုဟင်ဂျာလူမျိုး ဒုက္ခသည်များကို လက်ခံထားရှိသည့် ဒေသတွင်းမှအခြားနိုင်ငံများကို မိမိတို့ လေးလေးနက်နက်ကျေးဇူးတင်ရှိပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ မှ စပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းအခြားနေရာများတွင်ဖြစ်ပွားခဲ့သည့် အကြပ်အတည်း၏ သက်ရောက်မှုကို ခံခဲ့ရသည့်သူများအတွက် အကူအညီ ၂.၁ ဘီလီယံဒေါ်လာ ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုများကြောင့် ဘဝအခြေအနေ ကပြောင်းကပြန်ဖြစ်ခဲ့ကြရသည့်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်ဆယ်ရေးအကူအညီများပေးအပ်သည့် တစ်ဦးချင်းအလှူရှင်စာရင်းတွင် ထိပ်ဆုံးမှဆက်လက်ရပ်တည်လျက်ရှိပါသည်။ နိုင်ငံတဝန်း အရှိန်မြင့်တက်လျက်ရှိသည့် အကြမ်းဖက်မှုများက အလွန်စိုးရိမ်ရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအဖြစ်သို့ ဆိုးဝါးစွာ ပြောင်းလဲလာပြီး အထူးသဖြင့် ရိုဟင်ဂျာလူမျိုးများအပါအဝင် လူနည်းစု တိုင်းရင်းသားများနှင့် ဘာသာရေးအသိုက်အဝန်းများအတွက် အလွန်စိုးရိမ်စရာဖြစ်ပါသည်။ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနှင့် ပြည်ဝင်ခွင့်ဗီဇာထိန်းချုပ်ကန့်သတ်ခြင်းများကို အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ဒီဇင်ဘာမှစပြီး ပြုလုပ်ခဲ့ပါသည်။

မြန်မာပြည်သူများအားလုံးအတွက် တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပြီး ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်မည့် ငြိမ်းချမ်းသောအနာဂါတ်ကို လိုလားတောင့်တလျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားပါမည်။

###