သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
၂၀၂၂ နိုဝင်ဘာ ၇
လွန်ခဲ့သော နှစ်နှစ် ယခုလိုနေ့တွင် ရာစုနှစ်တစ်ဝက်ကြာ စစ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်တိုးတက်ပြောင်းလဲမှု၏ မှတ်တိုင်တစ်ခုဖြစ်သည့် အများလက်ခံသော ငြိမ်းချမ်းစွာကျင်းပသည့် ပါတီစုံရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ ပြည်သူများသည် ဆန္ဒမဲ ပေးခဲ့ကြပါသည်။ အဆိုပါရွေးကောက်ပွဲတွင် မြန်မာပြည်သူများသည် ၄င်းတို့၏ ဒီမိုကရေစီ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့သော်လည်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက မဲဆန္ဒရှင်များ၏ ဆန္ဒကို တားဆီးပိတ်ပင်ခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာရှင်က အာဏာသိမ်းယူခဲ့ပြီး မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့သည်။
အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခြင်းနှင့် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည်။ အာဏာရှင်အဖွဲ့အစည်းသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တစ်နေ့ထက်တစ်နေ့ ပိုမိုလိုအပ်လျက်ရှိကြသည့် ပြည်သူများထံသို့ အကူအညီများပေးအပ်မှုကို ကန့်သတ်ရန်တို့ကို ကြိုးစားလျက်ရှိစဉ် မြန်မာပြည်သူများသည် ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ရင်ဆိုင်တွေ့ကြုံနေကြရပါသည်။ လတ်တလောလပိုင်းများအတွင်း အာဏာရှင်အဖွဲ့အစည်းသည် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ခြင်းနှင့် လူ့အသိုက်အဝန်းအတွင်းမှ ထိခိုက်အလွယ်ဆုံးဖြစ်သည့် ကျောင်းဆရာ/ဆရာမများ၊ ကလေးသူငယ်များ၊ ယဉ်ကျေးမှုဆိုင်ရာခေါင်းဆောင်များနှင့် အခြားအပြစ်မဲ့အရပ်သားပြည်သူများအား တိုက်ခိုက် သတ်ဖြတ် ခြင်းများဖြင့် ၄င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ အာဏာရှင်အဖွဲ့အစည်းက မြေလှန်မီးရှို့စစ်ဆင်ရေးဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့တိုင်းပြည်အတွက် ဒီမိုကရေစီအနာဂတ်ကို ပုံဖော်ရန် ဆုံးဖြတ်ထားကြသည့် ပြည်သူများအပေါ် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်ဖြစ်သည်။
၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲ နှစ်နှစ်ပြည့်သည့် နှစ်ပတ်လည်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်နှင့် အားလုံးပါဝင်နိုင်သည့် ပါတီစုံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပေါ်ပေါက်ရန် ကြိုးစားလျက်ရှိကြသည့်သူများနှင့်အတူ ရပ်တည်ရန် သံန္နဋ္ဌာန်မှာ ခိုင်မာမြဲမြံလျက်ပင်ရှိပါသည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်နေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ရိုဟင်ဂျာ လူမျိုးများကဲ့သို့ လူနည်းစုတိုင်းရင်းသားအဖွဲ့များအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို မိမိတို့ဆက်လက် အားပေးထောက်ခံသွားပါမည်။ အာဏာရှင်အဖွဲ့အစည်း၏ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေမှုအပေါ် ၄င်းတို့၏ ခိုင်မာသောထင်မြင်ယူဆချက်များကို မိမိတို့ ထပ်တူနားလည်ပြီး အဆိုပါရွေးကောက်ပွဲသည် လက်ရှိအနေအထားအရ လွတ်လပ်ပြီးတရားမျှရှိရန် မဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်မှုများပိုမိုဖြစ်ပွားရန်တွန်းအားပေးခြင်း၊ အကြပ်အတည်းကို ပိုမိုကြာရှည်စေခြင်းနှင့် တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ကို ဖြစ်စေလိမ့်မည်။ စစ်အာဏာရှင်အဖွဲ့အစည်းနှင့် ၄င်းတို့၏ အမည်ခံရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်မှုကို ငြင်းပယ်ကြပြီး အားလုံးပါဝင်နိုင်သည့် သာယာဝပြောသည့် မြန်မာနိုင်ငံအဖြစ် အကောင်အထည်ဖော်ရန် ထက်သန်လျက်ရှိသည့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြပါရန် နိုင်ငံတကာအသိုက်အဝန်းကို မိမိတို့ တိုက်တွန်းပါသည်။
အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုများအတွက် နောက်ဆက်တွဲအကျိုးဆက် အရေးယူမှုအစီအမံများကို အမေရိကန်ပြည်ထောင်စုက မိမိတို့၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် ပြည်သူများ၏ ဆန္ဒနှင့် ၄င်းတို့ တောင်းဆိုနေကြသည့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို လေးစားလိုက်နာရန် အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရင်း တရားမျှတမှုနှင့် တာဝန်ခံမှု တာဝန်ယူမှုတို့ ရှိစေရန် နှင့် အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ မိတ်ဖက်များနှင့်အတူ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။