အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ၏ သတင်းထုတ်ပြန်ချက်
ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော မြန်မာပြည်သူများအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည့်အကြောင်း အမေရိကန်သံရုံးကိုယ်စား ကျွန်တော်ရိုးသားစွာပြောကြားလိုပါသည်။ ကိုဗစ်-၁၉ ကူးစက်မှု၏လတ်တလောအရှိန်အဟုန်ကြောင့် ကျွန်တော်တို့သံရုံးမှလုပ်ဖော်ကိုင်ဖက်များအပါအဝင် ယခင်ကတည်းကထိခိုက်ခံစားနေခဲ့ကြရသော မိသားစုဝင်များနှင့်လူ့အသိုက်အဝန်းများအပေါ် ရက်ရက်စက်စက်ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပေါ်စေခဲ့ရပါသည်။ မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ကျန်းမာရေး အရေးပေါ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အကူအညီပေးနေကြသူများအနေဖြင့် ဆက်လက်ရှင်သန်နေထိုင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာအလုပ်လုပ်နိုင်ရမည်ဖြစ်ပါသည်။
ဒီမိုကရေစီလမ်းကြောင်းတစ်ရပ်ပေါ်ပြန်လည်ရောက်ရှိရေးအတွက်ကြိုးပမ်းအားထုတ်နေပြီး ယခုအခါပိုမိုဆိုးရွားလာနေသော ကပ်ရောဂါကိုရင်ဆိုင်နေကြရသည့် မြန်မာပြည်သူလူထုကို အားပေးကူညီရန် အမေရိကန်ပြည်ထောင်စုက စွဲစွဲမြဲမြဲကတိကဝတ်ပြုထားပါသည်။ ၂၀၂၀ ခုနှစ် ကူးစက်ရောဂါ စတင်ပြန့်ပွားချိန်ကစ၍ ကျွန်တော်တို့သည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ နှင့်ဆက်နွှယ်သော အကူအညီများကို ဒေါ်လာသန်း ၂၀ ကျော်ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ သန်းနှင့်ချီသောပြည်သူများ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်၍ ၎င်းတို့လိုအပ်နေသောအညီများရရှိစေနိုင်ခဲ့ပါသည်။ မိမိတို့အနေဖြင့် လူနည်းစုတိုင်းရင်းသားများက ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကူးစက်ခံရသူများကို အကူအညီပေးနေသည့်အဖွဲ့အစည်းများအပါအဝင် အစိုးရမဟုတ်သောအခြေခံကျန်းမာရေးအဖွဲ့အစည်း ၆၅၀ ကျော်ကို ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့်အကြောင်းကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ-သောမတ်စ် ဂရင်းဖီးလ် က ယခုသီတင်းပတ်အတွင်း ကြေညာခဲ့ပါသည်။ ဤအကူအညီများဖြင့် နိုင်ငံတကာနှင့်အစိုးရမဟုတ်သော မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံမှထွက်ပြေးလာရသူများ သို့မဟုတ် မြန်မာနိုင်ငံတလွှားမှ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ နေမရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သည်။ သို့သော်ငြားလည်း ယင်းထက်ပို၍ ပိုမိုလုပ်ဆောင်နိုင်၊ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ယခုပြည်သူ့ကျန်းမာရေးအကျပ်အတည်းကိုကျော်ဖြတ်နိုင်ရေး မြန်မာပြည်သူလူထုကိုအကူအညီပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) နှင့် Gavi အပါအဝင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအတွက် သိသာထင်ရှားသောရန်ပုံငွေများကိုဆက်လက်ကူညီပံ့ပိုးနေပါသည်။ မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အထောက်အကူဖြစ်စေမည့် ကိုဗစ်-၁၉ စစ်ဆေးရေး၊ အောက်ဆီဂျင်၊ စားရေရိက္ခာအကူအညီနှင့် ကာကွယ်ဆေးအပါအဝင် ဆေးဝါးကုသမှုပေးရေးအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံအတွင်း ပိုမိုတိုးချဲ့လက်လှမ်းမီ ဝင်ရောက်နိုင်ရေးအတွက် ကျွန်တော်တို့အနေဖြင့် ညီညီညာညာကြိုးပမ်းအားထုတ်နေပါသည်။
ဇွန်လ ၁၀ ရက် သမ္မတကြီးဘိုင်ဒင်ပြောခဲ့သလိုပင် “လူသားအားလုံးရဲ့ မွေးရာပါလူ့ဂုဏ်သိဏ္ခာကို ကျွန်တော်တို့ လေးစားတန်ဖိုးထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ အမေရိကန်တွေဟာ အကူအညီလိုအပ်နေသူတွေဆီရောက်အောင်သွား၊ အကူအညီတွေပေးဖို့ကမ်းလှမ်းပြီး အကူအညီတွေပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ဘယ်လိုလူစားတွေလဲဆိုတာပါ။”