အာဆီယံအဖွဲ့ တည်ထောင်ခြင်း ၅၃ နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးပေးပို့သောသဝဏ်လွှာ
ဒီနေ့ သြဂုတ်လ ၈ ရက်မှာကျရောက်တဲ့ အာဆီယံအဖွဲ့တည်ထောင်ခြင်း ၅၃ နှစ်မြောက်နေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆယ်နိုင်ငံနဲ့အတူ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးကို ဂုဏ်ယူကြောင်း အမေရိကန် ပြည်ထောင်စုကိုယ်စား ကျွန်တော်က ဝမ်းမြောက်ဝမ်းသာစွာ ပြောကြားပါတယ်။ ပိုမိုတည်ငြိမ်၊ ပိုမိုသာယာဝပြောပြီး၊ ပိုမိုအေးချမ်းတဲ့ ဒေသကြီးဖြစ်လာဖို့အတွက် အာဆီယံအနေနဲ့ ဆယ်စုနှစ်များစွာ ပြုစုပျိုးထောင်လာခဲ့တာပါ။ အာဆီယံနဲ့ အာဆီယံဦးဆောင်တဲ့ လုပ်ထုံးလုပ်နည်းယန္တရားတွေဟာ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်တွေနဲ့မိတ်ဖက်တွေဖြစ်တဲ့ အင်ဒို-ပစိဖိတ် ဒေသအတွက် အမေရိကန်ပြည်ထောင်စုက ထားရှိတဲ့ အဓိကမျှော်မှန်းချက်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံအကြား မဟာဗျူဟာမြောက်မိတ်ဖက်လက်တွဲမှုဟာ ကျွန်တော်တို့အတူတကွမျှော်မှန်းထားတဲ့ လွတ်လပ် ပွင့်လင်သော အင်ဒို-ပစိဖိတ်ဒေသတစ်ခုအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံတွေဟာ ကိုဗစ်-၁၉ ကို တိုက်ဖျက်ဖို့အတွက် နည်းလမ်း မြောက်များစွာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီကပ်ရောဂါကြီးက စိန်ခေါ်မှုအခက်အခဲပေါင်းများစွာကို ပေးအပ်ခဲ့ပေမဲ့လည်း ကျွန်တော်တို့အားလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးကို အားပေးကူညီဖို့အတွက် ကျွန်တော်တို့တတွေရဲ့ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနဲ့ ပေးအပ်လှူဒါန်းမှုဆိုတဲ့ မိတ်ဖက်လက်တွဲမှုတွေကို အရှိန်မြှင့်တင်ရင်း ကျွန်တော်တို့ရဲ့ဆက်ဆံရေးအားကောင်းမှုကို သက်သေပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာမှာ အာဆီယံနိုင်ငံတွေကို အကူအညီပေးဖို့အတွက်ဒေါ်လာ ၈၅ သန်းနီးပါးပေးအပ်ဖို့ အမေရိကန်ပြည်ထောင်စုက ကတိပေးထားပါတယ်။ ပြီးတော့ ဒီကပ်ရောဂါ လွန်မြောက်ပြီးတဲ့ကာလမှာ ကျွန်တော်တို့ နိုင်ငံတွေအကြား ပွင့်လင်းမြင်သာမှုရှိတဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း ဆက်လက်မြှင့်တင်သွားမှာပါ။ အာဆီယံနဲ့အတူ နောက်ထပ်နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်သွားဖို့ကိုလည်းမျှော်လင့်လျက်ရှိပါတယ်။
###