မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်
ဇွန် ၂၇၊ ၂၀၂၀
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက်ရှိ မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်သည့်အစီရင်ခံစာများအပေါ် ကျွန်ုပ်တို့အလွန်အမင်းစိုးရိမ်ပူပန်မိပါသည်။
ထိုစစ်ဆင်ရေးများ၏ သမိုင်းကြောင်းဆိုင်ရာသက်ရောက်မှုများသည် အရပ်သားများအား အချိုးအစားမမျှတစွာ ထိခိုက်မှုများဖြစ်ပေါ်စေကြောင်းကျွန်ုပ်တို့သတိပြုမိပါသည်။ အထူးသဖြင့် ကိုဗစ်၁၉ နှင့်မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်းများက တုံ့ပြန်ဆောင်ရွက်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများကိုလည်း သင့်တော်သည့် အကူအညီ ပေးနိုင်ရေးအတွက် အတားအဆီးမရှိသွားရောက်နိုင်ရေးကိုလည်း ခွင့်ပြုရမည်ဖြစ်သည်။
အရပ်သားများ၊ ယင်းတို့၏ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို အကာအကွယ်ပေးရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။ ကျောက်တန်းကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေပါလိမ့်မည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကိုမီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ကျွန်ုပ်တို့သတိပြုမိပါသည်။ မိမိနေရပ်ကိုစွန့်ခွာပြီး အခြားနေရာတွင် ခိုလှုံရန်မဖြစ်နိုင်သည့် ပြည်သူများကို ယင်းတို့နေထိုင်ရာဒေသများတွင်သာ နေထိုင်ခွင့်ပြုရန် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းပါသည်။
အရပ်သားများသည် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်ဖြစ်ပွားနေသော ပဋိပက္ခဒဏ်များကို ဆိုးရွားစွာ ဆက်လက်ခံစားနေရပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုသည် အရေးတကြီးလိုအပ်နေပါသည်။ အပြည်ပြည်ဆိုင်ရာတရားဥပဒေအတိုင်းလိုက်နာရန်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် မြန်မာတပ်မတော်တွင် တာဝန်ရှိပါသည်။
ဩစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန်သံရုံးများ။
### ပြီး ###