မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၏ ထုတ်ပြန်ချက်
ဧပြီ ၁ ရက် ၂၀၂၀
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အပစ်အခတ်ရပ်စဲကြရန် မတ်လ(၂၃)ရက်နေ့က ကြေငြာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပါသည်။ ပူးတွဲဖော်ပြပါနိုင်ငံအသီးသီးမှ သံအမတ်များကလည်း အတွင်းရေးမှူးချုပ်၏တိုက်တွန်းချက်အား သဘောတူထောက်ခံကြပါသည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲအရှိန်မြင့်လျက်ရှိပြီး အရပ်သားများနေရပ်စွန့်ခွာရခြင်း၊ အသက်ဆုံးရှုံးရခြင်းများကိုသိရှိရပြီး အခြားသောဒေသများတွင်လည်း ပဋိပက္ခအလားအလာများကို ကြားသိရသည့်အတွက် အမှန်ပင်စိုးရိမ်မိပါသည်။ ယခုအချိန်တွင် ကမ္ဘာအရပ်ရပ်မှ နိုင်ငံများအားလုံးအနေဖြင့် Covid-19ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အတိဒုက္ခရောက်နိုင်သည့် အခြေအနေတွင်ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ပါသည်။ စစ်ရေးပဋိပက္ခသည် စစ်ဘေးကြောင့်ဒုက္ခရောက်နေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဖယ်ကျဥ်ခံရသူများ နှင့် နေရပ်စွန့်ခွာရသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကိုနှောင့်နှေးစေပြီး အကူအညီများကိုလည်း အဟန့်အတားဖြစ်စေပါသည်။ စစ်မက်ဖြစ်ပွားလျက်ရှိသည့်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီရရှိရန်မှာ အထူးပင်အရေးကြီးလျက်ရှိပါသည်။
အင်တာနက်နှင့်သတင်းမီဒီယာများမှတဆင့် သတင်းအချက်အလက်များ မြန်ဆန်စွာရရှိရန်မှာလည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသောမိသားစုများ၏ အကျိုးအတွက် မြန်မာတပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများရပ်တန့်ပေးရန်၊ ပဋိပက္ခများအား ဆွေးနွှေးအဖြေရှာရန်၊ အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကို ဖယ်ရှားပေးရန် အစရှိသည့် တိုက်တွန်းမှုများအား ကျွန်ုပ်တို့ အနေဖြင့် ထောက်ခံပါသည်။
Covid-19 ရောဂါသည် လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ယုံကြည်မှုနှင့် အခြေအနေအဆင့်အတန်းမရွေး ထံသို့ ကူးစက်နိုင်ပါသည်။ ကျွန်ုပ်တို့၏သက်ဆိုင်ရာနိုင်ငံများတွင်လည်း ဤဗိုင်းရပ်စ်၏ အကျိုးဆက်များကို ကြုံတွေ့လျက်ရှိပြီး မြန်မာနိုင်ငံကိုလည်း ကျွန်ုပ်တို့နိုင်ငံများက စည်းလုံးစွာဖြင့် ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်။ ယခုကဲ့သို့ မသေချာမှုများနှင့် အခက်အခဲများကျရောက်နေသည့်အချိန်တွင် ရပ်ရွာပြည်သူများ၊ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ အတူလက်တွဲလျက် ထိရောက်လျင်မြန်စွာ ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရ ပါသည်။ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတဝှမ်း ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့်သူများအား ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဤ COVID19ရောဂါမပြန့်ပွားရေးကို ဆောင်ရွက်နေသည့် သက်ဆိုင်ရာအစုအဖွဲ့များလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါသည်။
ညီညွတ်သော ပံ့ပိုးကူညီမှုများဖြင့်
သံအမတ်များ – သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ် ၊ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ် ၊ဂျာမဏီ ၊ နယ်သာလန်၊ နယူးဇီလန် ၊ နော်၀ေ ၊ ပိုလန် ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ တူရကီ၊ ဗြိတိန် ၊အမေရိကန်
###