အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် အာ ပွန်ပဲယိုး ၏ ကြေညာချက်
မြန်မာနိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲ
နိုဝင်ဘာ ၉၊ ၂၀၂၀
နိုင်ငံတော်၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုအတွင်း အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပြီး စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ချိန်မှစ၍ ဒုတိယအကြိမ် ပြိုင်ဆိုင်ရသော အမျိုးသားရွေးကောက်ပွဲကြီးဖြစ်သည့် မြန်မာနိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုပါသည်။ ပထမဆုံးအကြိမ် မဲပေးခွင့်ရသော လူငယ်များအပါအဝင် သန်းများစွာသောပြည်သူများသည် ၎င်းတို့၏ကိုယ်စားလှယ်များရွေးချယ်သည့်အခွင့်အရေးကို ကျင့်သုံးခဲ့ကြပါသည်။ ဤရွေးကောက်ပွဲကြီးဖြစ်မြောက်ရေးအတွက် အထူးသဖြင့် ကိုဗစ်–၁၉ကပ်ရောဂါစိန်ခေါ်မှုကြီးကြားမှကြိုးပမ်းအားထုတ်ခဲ့ကြသူအားလုံးကိုလည်းကျေးဇူးတင်အသိအမှတ်ပြုပါသည်။
သို့သော်လည်း လွှတ်တော်အတွင်းနေရာများစွာကို ရွေးကောက်တင်မြှောက်ထားသူများမဟုတ်သည့် စစ်တပ်အတွက် ဝင်ရောက်နေရာယူခွင့်ပေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရိုဟင်ဂျာအပါအဝင် မဲပေးပိုင်ခွင့်မရရှိကြသောအုပ်စုများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် မဲပေးရန်ဖျက်သိမ်းခြင်း၊ နိုင်ငံသားဖြစ်မှု လျှောက်ထားရာတွင် တစ်ဖက်သတ် ဆုံးဖြတ်မှုနှင့် နိုင်ငံအတွင်းနေထိုင်မှုဆိုင်ရာလိုအပ်ချက်တို့ကိုမူတည်၍ ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရခြင်း တို့ကြောင့် ပို၍ဒီမိုကရေစီနည်းလမ်းကျသောအရပ်သားအစိုးရတစ်ရပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အတားအဆီးဖြစ်မည်ကို မိမိတို့ စိုးရိမ်မကင်းဖြစ်မိပါသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုအမေရိကန်ပြည်ထောင်စုကအနီးကပ်ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပါသည်။မဲရေတွက်မှုများကိုအသေအချာဆောင်ရွက်ရန်နှင့်တိုင်ကြားချက်များကိုဖြေရှင်းရာတွင်ပွင့်လင်းမြင်သာစွာနှင့်အများယုံကြည်လက်ခံအောင်ဆောင်ရွက်ပေးရန်အတွက်သက်ဆိုင်ရာအာဏာပိုင်အားလုံးကိုမေတ္တာရပ်ခံပါသည်။
ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးကို ဖော်ဆောင်နေကြသည့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားရန် အမေရိကန်ပြည်ထောင်စုက ရည်မှန်းထားပါသည်။ အားလုံးပါဝင်နိုင်သော စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ နိုင်ငံတစ်ဝန်း ထာဝရတည်တံ့သော ငြိမ်းချမ်းရေးအောင်မြင်မှု၊ လူ့အခွင့်အရေးနှင့် အားလုံး၏ အခြေခံကျသောလွှတ်လပ်ခွင့်အပေါ် လေးစားတန်ဖိုးထားမှုတို့ကို မြှင့်တင်ရေးတို့အတွက် မြန်မာနိုင်ငံ၏ အစိုးရသစ်နှင့်အတူ ဆက်လက်၍ လက်တွဲဆောင်ရွက်သွားရန် မိမိတို့ မျှော်လင့်လျက်ရှိပါသည်။
# # #