အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်နှင့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီမလီဟွန်း၏ထုတ်ပြန်ချက်
အောက်တိုဘာ ၂၅၊ ၂၀၂၁
သတင်းထုတ်ပြန်ချက်
အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်သည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ဒူးဝါးလရှီလ၊ ဒေါ်ဇင်မာအောင်တို့နှင့် ယနေ့အွန်လိုင်းကတစ်ဆင့်တွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်ပြည်ထောင်စု၏ဆက်လက်ထောက်ခံအားပေးနေမှုကို မစ္စတာဆူလီဗန်က အထူးအလေးပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်နေမှုများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။ မြန်မာစစ်တပ်၏ရက်ရက်စက်စက် အကြမ်းဖက်နေမှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း မစ္စတာဆူလီဗန်ကပြောကြားခဲ့ပြီး အာဏာသိမ်းမှုအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မကြာသေးမီက ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ ကိုဂျင်မီအဖမ်းခံရခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်းကိုလည်းပြောကြားခဲ့ပြီး ၎င်းလွှတ်မြောက်ရေးနှင့် မတရားဖမ်းဆီးခံထားရသူအားလုံး လွှတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ဦးဆောင်လှုပ်ရှားသွားမည့်အကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဒေသတွင်းနှင့်နိုင်ငံတကာ ထိတွေ့ဆက်ဆံရေးအကြောင်းကိုလည်းဆွေးနွေးခဲ့ကြပြီး မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတာဝန်ရှိသည့် သဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး အာဆီယံ ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးသည့်အကြောင်းကိုလည်း မစ္စတာဆူလီဗန်က ထပ်လောင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် မြန်မာပြည်သူများအတွက်လူသားချင်းစာနာမှုအကူအညီများတိုက်ရိုက်ပေးအပ်နိုင်ရေး အမေရိကန်ပြည်ထောင်စု၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုအကြောင်းတို့ကိုလည်း မစ္စတာဆူလီဗန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတို့က ဆွေးနွေးခဲ့ကြပါသည်။ယခုကဲ့သို့လိုအပ်နေသောကာလအတွင်း မြန်မာပြည်သူလူထုအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးကူညီနေမည့်အကြောင်းမစ္စတာဆူလီဗန်က အထူးအလေးပေးပြောကြားခဲ့ပါသည်။
###