မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ဆူလီဗန်၏ထုတ်ပြန်ကြေညာချက်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁
ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အံ့သြတုန်လှုပ်ရပါသည်။ ယနေ့ သတ်ဖြတ်မှုမှုများသည် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ ဒီမိုကရေစီလိုလားသူများကို ဆက်လက်နှိမ်နှင်းမှုအရှိန်မြှင့်တင်လာခြင်းကို ပြသခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကိုအားပေးထောက်ခံကာ ငြိမ်းချမ်းစွာဆန္ဒပြစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ရဲရင့်သောဆန္ဒပြသူများ၏ မိသားစုများနှင့်ထပ်တူ စိတ်နှလုံးထိခိုက် ကြေကွဲရသည့်အကြောင်း ပြောကြားလိုပါသည်။
ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေးကိုလေးစားလိုက်နာမှုအတွက်၎င်းတို့၏ဆန္ဒလိုလားမှုကို ရဲဝံ့စွာ ဆက်လက်ထုတ်ဖော်ပြသနေကြသော မြန်မာပြည်သူလူထုနှင့်အတူ ခိုင်ခိုင်မာမာ တညီတညွတ်တည်း ရပ်တည်ပါသည်။ အကြမ်းဖက်မှုအတွက်တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အင်ဒို-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝန်းမှ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်များနှင့် ဆက်လက်၍ အနီးကပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် မိမိတို့၏အကူအညီများကိုလည်း ထပ်မံအားဖြည့်သွားမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် မကြာသေးမီကအာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို ထပ်မံ၍အရေးယူမှုများ ချမှတ်သွားရန် မိမိတို့ပြင်ဆင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် မကြာမီနေ့ရက်များတွင် ထပ်မံကြေညာရန်ရှိနေပါသည်။
###