နိုင်ငံခြားရေးဝန်ကြီးများ အွန်လိုင်းကတစ်ဆင့်ကျင်းပသည့် ဒသမအကြိမ် အရှေ့အာရှ ထိပ်သီးအစည်းဝေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ပွမ်ပဲယိုး ပါဝင်တက်ရောက်ခြင်း
မှတ်တမ်းအနှစ်ချုပ်
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၉၊ ၂၀၂၀
အောက်ဖော်ပြချက်များနှင့်ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂပ်စ်ကို ကိုးကားနိုင်ပါသည်။
နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်အာပွမ်ပဲယိုးသည် ဒသမအကြိမ် အရှေ့အာရှ ထိပ်သီးညီလာခံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးကို ယနေ့ နံနက်က နိုင်ငံပေါင်း ၁၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ နိုင်ငံတကာ ဥပဒေ၏ ပွင့်လင်းမှု၊ အားလုံးပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် လေးစားမှုဆိုင်ရာ မူဝါဒသဘောတရားများအတွက် အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးမှုကို နိုင်ငံခြားရေးဝန်ကြီး ပွမ်ပဲယိုး က မီးမောင်းထိုးပြခဲ့ပါသည်။ ဤမူဝါသဘောတရားများသည် မိမိတို့၏ အင်ဒို–ပစိဖိတ် တစ်လွှားအမြင်၊ အင်ဒို–ပစိဖိတ် အပေါ် အာဆီယံ၏ ရှုမြင်ပုံနှင့် အခြား အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများစွာ၏ အမြင်များဖြစ်ပါသည်။
ကိုဗစ်–၁၉ ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံ၏ စည်းလုံးညီညွှတ်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးခဲ့ပြီး ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန်အတွက် ဘေးကင်းလုံခြုံစွာ၊ ထိရောက်စွာ၊ ငွေကြေးတတ်နိုင်စွာနှင့် ကျယ်ပြန့်စွာ ရရှိနိုင်သည့် ကာကွယ်ဆေးများနှင့် ကုသနည်းများ ထုတ်လုပ်နိုင်ရန် ရရှိနိုင်ရေးအတွက် အရင်းမြစ်များအားလုံးကို အရှိန်မြှင့် အသုံးချရန် အမေရိကန်ပြည်ထောင်စု၏ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြခဲ့ပါသည်။ စီးပွားရေး ပြန်လည်နာလန်ထူထောင်ရေး ကြိုးပမ်းမှုများတွင် အာဆီယံနိုင်ငံများနှင့် အစိုးရနှင့် ပုဂ္ဂလိက အခန်းကဏ္ဍနှစ်ခုစလုံးက ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားသည့်အကြောင်းကိုလည်း အထူးအလေးထားပြောကြားခဲ့ပါသည်။
တောင်တရုတ်ပင်လယ်အတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကျူးကျော်ရန်လိုသောလုပ်ရပ်များအပေါ်စိုးရိမ်မှုများနှင့်ပတ်သက်၍လည်းအာဆီယံနိုင်ငံများ၊အခြားမိတ်ဖက်များစွာတို့နှင့်အတူနိုင်ငံခြားရေးဝန်ကြီးပွမ်ပဲယိုးကလည်းတင်ပြခဲ့သည်။တောင်တရုတ်ပင်လယ်အတွင်းဘေဂျင်း၏ကျယ်ပြန့်သောပင်လယ်ပြင်ဆိုင်ရာတင်ပြတောင်းဆိုမှုသည်၂၀၁၆အနုညာတခုံရုံး၏ဆုံးဖြတ်ချက်အရဥပဒေနှင့်မညီသည့်အကြောင်းအမေရိကန်ပြည်ထောင်စု၏သဘောထားကိုလည်းဝန်ကြီးကထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ဟောင်ကောင်တွင်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းမှုအပေါ်စိုးရိမ်မှုများ၊ဒီမိုကရေစီလိုလားသောကျောင်းသားများကိုဖမ်းဆီးမှုများ၊ရွေးကောက်ပွဲများကိုနှစ်ရှည်ကြာရွှေ့ဆိုင်းမှုနှင့်ဒီမိုကရေစီလိုလားသောရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများပယ်ချခံရမှုတို့အပေါ်စိုးရိမ်မှုများနှင့်ပတ်သက်၍လည်းအခြားမိတ်ဖက်နိုင်ငံများနှင့်အတူနိုင်ငံခြားရေးဝန်ကြီးပွမ်ပဲယိုးလည်းတင်ပြခဲ့သည်။ရခိုင်ပြည်နယ်အတွင်းအရှိန်မြင့်တက်လာနေသောအကြမ်းဖက်မှုများကိုရပ်တန့်၍ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန်နှင့်မြောက်ကိုရီးယားအနေဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အရလိုအပ်သည့်၎င်း၏လူအမြောက်အများသေစေနိုင်သောလက်နက်နှင့်တာဝေးပစ်ဒုံးကျည်အစီအစဉ်များကိုလက်လျှော့ရန်အခြားဝန်ကြီးများနှင့်အတူနိုင်ငံခြားရေးဝန်ကြီးပွမ်ပဲယိုးကလည်းတိုက်တွန်းတောင်းဆိုခဲ့ပါသည်။
###