အမိမြေလုံခြုံရေးဌာနဝန်ကြီး မာယိုကတ်စ်မှ မြန်မာနိုင်ငံကို ယာယီထိန်းသိမ်းစောင့်ရှောက်ခံ အခြေအနေအဖြစ် သတ်မှတ်
အမိမြေလုံခြုံရေးဌာန
ထုတ်ပြန်သည့် ရက်စွဲ – မတ်လ ၁၂ရက်၊ ၂၀၂၁
ဝါရှင်တန် — အမိမြေလုံခြုံရေးဌာနဝန်ကြီး အာလေဟန်ဒရို အန် မာယိုကတ်စ်သည် မြန်မာနိုင်ငံကို ယာယီထိန်းသိမ်းစောင့်ရှောက်ခံ အခြေအနေ (TPS) အဖြစ် ၁၈လကြာ သတ်မှတ်လိုက်ပါသည်။ မြန်မာနိုင်ငံအတွက် ဤ TPS သတ်မှတ်ချက်အသစ်အရ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီပါက TPS အစီအစဉ်အတွက် ကနဦးလျှောက်လွှာများကို တင်သွင်းနိုင်ကြမည်ဖြစ်သည်။
“စစ်အာဏာသိမ်းမှုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံထဲက နေရာအတော်များများမှာ လူသားချင်းစာနာထောက်ထားမှုတွေ အရေးတကြီးလိုအပ်နေတဲ့အထိ အခြေအနေတွေ ရှုပ်ထွေးဆိုးရွားလာတာကိုပြည်သူတွေဟာ ခါးစည်းခံနေကြရပါတယ်” လို့ ဝန်ကြီး မာယိုကတ်စ်က ပြောပါတယ်။ “ ဒီလို ထိတ်လန့်တုန်လှုပ်ဖွယ်အခြေအနေကို အပြန်ပြန်အထပ်ထပ် သေချာစဉ်းစားသုံးသပ်ပြီးမှ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အနေများတဲ့ သူတချို့ကို အမေရိကန်ပြည်ထောင်စုမှာ ယာယီဆက်လက်နေထိုင်ခွင့်ရနိုင်ဖို့အတွက် ကျွန်တော် ခုလို မြန်မာနိုင်ငံကို ယာယီထိန်းသိမ်းစောင့်ရှောက်ခံ အခြေအနေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။”
အမိမြေလုံခြုံရေးဌာနနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်လေ့ရှိကြသည့် အမေရိကန်ပြည်ထောင်စုအစိုးရအတွင်းမှ အခြားမိတ်ဖက်အစိုးရဌာနများထံမှ အကြံပြုဆွေးနွေးချက်များနှင့် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ဖြစ်သည့် အကြမ်းဖက်မှုများ၊ တိုင်းပြည်အနှံ့အာဏာရှင်ဆန်ဆန်ထိန်းသိမ်းမှုများ၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အသက်ဆုံးရှုံးစေမည့် အကြမ်းဖက်မှုမျိုးအသုံးပြုခြင်းနှင့် မြန်မာပြည်သူလူထုကို ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းကြောင့် သမားရိုးကျအခြေအနေထက် အဆများစွာသာလွန်ဆိုးရွားသည့် ယာယီအခြေအနေအရပ်ရပ်ကို သေချာစွာစဉ်းစားသုံးသပ်ပြီးနောက် ဝန်ကြီး မာယိုကတ်စ်သည် မြန်မာနိုင်ငံကို ယာယီထိန်းသိမ်းစောင့်ရှောက်ခံ အခြေအနေအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အသက်ကယ်ဆယ်ရေးအကူအညီများပေးအပ်ခြင်းကို ကန့်သတ်မှုများပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် ကျန်းမာရေးဆေးဝါးအကူအညီများသယ်ဆောင်သည့် လေကြောင်းခရီးစဉ်များ ဖြတ်တောက်ခြင်းနှင့် စီးပွားရေးအကြပ်အတည်းများဖန်တီးပေးခြင်းတို့ဖြင့် စစ်အာဏာသိမ်းမှုသည် နေရာဒေသများစွာတွင် လူသားချင်းစာနာထောက်ထားမှုလိုအပ်သည့် အခြေအနေများကို ကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေများသည် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်အနေများသည့် သူတချို့ကို မြန်မာနိုင်ငံတွင်းသို့ ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိနိုင်ရေးတွင် အတားအဆီးများဖြစ်စေပါသည်။ နိုင်ငံတစ်နိုင်တွင် လက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားလျက်ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်နေခြင်း သို့မဟုတ် သမားရိုးကျအခြေအနေထက် အဆများစွာသာလွန်ဆိုးရွားသည့် ယာယီအခြေအနေများဖြစ်ပေါ်နေခြင်း စသည့် TPS သတ်မှတ်ချက်အတွက် အခြေခံအဖြစ် ပြဋ္ဌာန်းပေးထားသည် အချက် ၃ချက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အချက်များနှင့်ကိုက်ညီပါက အမိမြေလုံခြုံရေးဌာန ဝန်ကြီးမှ အဆိုပါနိုင်ငံကို TPS အဖြစ် သတ်မှတ်နိုင်ပါသည်။
TPSသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိကြသည့် ပုဂ္ဂိုလ်များအတွက်သာ အကျုံးဝင်ပါသည်။ ၂၀၂၁ မတ်လ ၁၁ အထိ အမေရိကန်ပြည်ထောင်စုတွင် အကြားအလပ်မရှိ တဆက်တည်းနေထိုင်လာခဲ့ကြောင်း ပြသနိုင်သော ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံကို TPS သတ်မှတ်ခြင်းအစီအစဉ်တွင် အကျုံးဝင်ပါသည်။ နယ်စပ်ဒေသများကို ဖွင့်ပေးထားသည်ဟု မှောင်ခိုသမားများ သို့မဟုတ် အခြားသူများမှ ပြောဆိုစည်းရုံးမှုများကို သင်တို့၏ ကျန်းမားရေးနှင့် ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး နားမယောင်သင့်ပါ။ ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် နယ်စပ်တလျှောက်တွင် ခရီးသွားခြင်း နှင့် ပြည်ဝင်ခွင့်ကန့်သတ်ထားခြင်းများကို ဆက်လက် ကျင့်သုံးလျက်ရှိပါသည်။
ယခုသတ်မှတ်ချက်အရ TPS အစီအစဉ်အတွက် ကနဦးလျှောက်လွှာတင်သူများသည် ၂၀၂၁ မတ်လ ၁၁ မှစပြီး အမေရိကန်ပြည်ထောင်စုအတွင်း အကြားအလပ်မရှိတဆက်တည်းနေထိုင်ကြောင်းအထောက်အထားတင်ပြနိုင်ရမည့်အပြင် မကြာမီထွက်ရှိလာမည့် ဖက်ဒရယ်မှတ်ပုံတင်ခြင်းအသိပေးချက်တွင် အပြည့်အစုံပါရှိမည့် အခြားသော သတ်မှတ်ချက်များနှင့်ကိုက်ညီရန်လည်း လိုအပ်ပါသည်။ TPS အစီအစဉ်ကို လျှောက်လွှာတင်မည့်သူတိုင်းသည် သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီကြောင်းအရည်အချင်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် လုံခြုံရေးနှင့် နောက်ကြောင်းရာဇဝင်စစ်ဆေးမှုများကိုလည်း ကြုံတွေ့ရမည်ဖြစ်သည်။ လျှောက်လွှာရှင်များ တင်ပြရန်လိုအပ်သည့် အရည်အချင်းနှင့်အချက်အလက်များနှင့် ကနဦးလျှောက်လွှာ နှင့် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်လွှာတင်ရန် လိုအပ်သည့် ဆောင်ရွက်ပုံအဆင့်များကို ဖက်ဒရယ်မှတ်ပုံတင်ခြင်းအသိပေးချက်တွင် ရှင်းလင်းဖော်ပြပါရှိပါလိမ့်မည်။
###